ဒမ်ဘူလာဟာလင်္ကာဒီပရဲ့ အလယ်ခေါင်မှာ တည်ရှိတယ်။ ကုန်သွယ်မှုစီးဆင်းရာ အချက်အချာမြို့ပဲ။ ကုန်တင်ကားကြီးတွေ အသီးသီး ဖြတ်သွားနေတာမို့ ဘယ်လောက်အလုပ်ရှုပ်စည်ကားတဲ့ မြို့ဖြစ်မလဲ ဆိုတာ အလွယ်တကူ မှန်းဆနိုင်တယ်။
ဒမ်ဘူလာမြို့က ဂူတွေကိုသွားလေ့လာတယ်။ World Heritage Site ထဲမှာပါတဲ့ ဒီဂူငါးခုကို ခဏဝင်ကြည့်တာပါ။ လှေခါးထစ်တွေနဲ့ ကျောက်တောင်စောင်းတလျောက် ရှုခင်းကို ငေးပြီး တဖြည်းဖြည်းတက်ကြတယ်။ တရာစုနှစ်ကနေဖြစ်တယ်ခဲ့တဲ့ ဒီဂူတွေဟာ ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံကိုးကွယ်မှုတွေကြောင့် ကျော်ကြားထင်ရှားလာခဲ့တာ။ ဂူငါးခုလုံးဟာ ရသတမျိုးစီပေးစွမ်းတယ်။ လူသိပ်များတဲ့အချိန်ဆို ဝင်ကြည့်ဖို့ အဆင်မပြေလောက်ပါဘူး။ အသက်ရှူကြပ်တတ်တဲ့သူ၊ အမှောင်ကြောက်တတ်တဲ့သူတွေတော့ ဝင်ဖို့ မသင့်တော်ပါ။ ကျနော်တို့တော့ တဂူပြီးတဂူ ဝင်ပြီးစူးစမ်းကြတယ်။ မှောင်လွန်းတဲ့ ဂူတချို့တော့ ဓါတ်ပုံရိုက်ရခက်ပါတယ်။
ဂူတွေလေ့လာပြီးတာနဲ့ ကန္ဒီကိုဆက်ထွက်လာကြတယ်။ နေ့လည်စာကိုတော့ လမ်းမှာပဲ ကားဆရာရဲ့ ဘူဖေးဆိုင်မှာ စားဖြစ်တယ်။ တရုတ်ခရီးသွားတွေ အများအပြားတွေ့ရတယ်။ ဘူဖေးဆိုင်က အရသာကတော့ ပုံမှန်ပါပဲ။ ဆိုင်နားဝန်းကျင်က ဒေသထွက် ရွှေရောင် အုန်းရည်ကို မြည့်းစမ်းကြည့်ကြတယ်။ နည်းနည်းချဉ်ပါတယ်။
ကန္ဒီကို နေ့လည်မှာရောက်တယ်။ ဟိုတယ်က ဝန်ဆောင်မှု အတော်လေးကောင်းမွန်တယ်။ အခန်းကိုလိုက်ပို့ရှင်း သေချာရှင်းပြတယ်။ အညောင်းအညာပြေ ရေကူးကြမယ်ဆိုပြီး ရေကူူးကန်သွားတယ်။ ရေကူးကန်က နေရောင်မကျလို့ ဆင်းလိုက်တာနဲ့ တုန်နေအောင် အေးတယ်။ နှစ်ခေါက်လောက်ကူးပြီး စိမ့်လာတာနဲ့ ပြန်တက်ရတော့တယ်။ အနီးအနားလမ်းလျှောက်ရင်း သူတို့ရိုးရာ အစားအစာ ကြက်ဥအာပုံမုန့်ကို စားကြတယ်။ နေရောင်ကျလာတာနဲ့ တိမ်တောက်တဲ့ ရှုခင်းကို ငေးရင်း ဟိုတယ်ပြန်လာကြတယ်။ လမ်းက ရှောပင်းမောတခုမှာ ညစာဝင်စားကြတယ်။
မနက်ကို လေးနာရီလောက်ထပြီး စွယ်တော်ရှိရာကျောင်းကို လမ်းလျှောက်သွားကြတယ်။မြန်မာလူမျိုးတွေအတွက် ဝင်ခွင့်က တခြား နိုင်ငံခြားသားတွေထက် စျေးသက်သာပါတယ်။
ကျောင်းထဲဝင်ကြတဲ့အခါ လင်္ကာသူ လင်္ကာသား တွေရဲ့ သဒ္ဒါစိတ်ကို ကြည်နူးဖွယ်ရာတွေ့မြင်ရတယ်။ အဖြူရောင် ထက်အောက်ဝတ်ပြီး တန်းစီနေတဲ့ ဘုရားဖူးတွေ အများကြီး။ ဘာကြောင့်လဲတော့ သေချာမသိလိုက်ပဲ ကျနော်တို့ တန်းမစီလိုက်ရဘူး။ အပေါ်ထပ်ထိ တောက်လျှောက်ရောက်သွားတယ်။ အပေါ်ထပ်ရောက်တော့လည်း စွယ်တော်တိုက်အနားထိ ဖူးခွင့်တဲ့နေရာကို ဂေါပကလူကြီးတယောက်က ခေါ်သွားတယ်။ အလှူငွေပေးရပေမယ့် စွယ်တော်တိုက်ကို ဦးခိုက်ရှိခိုးရတဲ့အတွက် တန်ပါတယ်လေ။ စွယ်တော်ကိုတော့ ဖူးတွေ့ခွင့် မရပါဘူး။
စွယ်တော်တိုက်ရှေ့က ရေကင်းသံနဲ့ပူဇော်သံဟာ စိတ်နှလုံးကို ညွှတ်နူးစေပါတယ်။ တိုက်တော်ရဲ့ မျက်နှာကျက်ပေါ်က ရွှေကြာပွင့်တွေကို ဂေါပကတဦးက ညွှန်ပြသေးတယ်။
ကျောင်းပေါ်ကဆင်းတာနဲ့ အနားက ဆီမီးပူဇော်ကြတဲ့ နေရာကို ဝင်တယ်။ မိုးနည်းနည်းရွာတာနဲ့ မိုးခိုနေရသေးတယ်။ မိုးစဲပြီဆိုတော့ ဟိုတယ်ကို ပြန်ကြတယ်။ ဟိုတယ်မှာ မနက်စာစား ခဏနားပြီးရင် ကန္ဒီမြို့ရဲ့ ရုက္ခဗေဒ ဥယျာဉ်ကိုသွားကြမယ်။ ကားဆရာက ရှုခင်းကောင်းတဲ့ နေရာတခုကို လိုက်ပို့ပေးတယ်။ ကန္ဒီမြို့ကို အပေါ်စီးကနေ မြင်ရတဲ့ နေရာပေါ့.
မိုးကရွာလိုက်တိတ်လိုက်ပေမယ့် ဒီဥယျာဉ်ရှေ့မှာတော့ ဧည့်သည်တော်တော်များနေခဲ့တာပဲ။ ဝင်ကြေးပေးပြီး အထဲမှာပတ်ကြည့်ဖို့ ဘက်ဂီလေးငှားတော့ တနာရီလောက်စောင့်ရမယ်တဲ့။ ဘက်ဂီစောင့်ရင်းဓါတ်ပုံလျှောက်ရိုက်ကြတယ်။ မိုးပြန်ကျလာတာနဲ့ ဘက်ဂီပြန်စောင့်တယ်။ စောင့်နေတဲ့ ဘက်ဂီက စက်ချွတ်ယွင်းသွားလို့ တခြားဧည့်သည်နဲ့ ပေါင်းလို့ရလားလို့ လာမေးတယ်။ အဆင်ပြေပါတယ်လို့ ပြောပြီး တခြား တဖွဲ့နဲ့ ပူပေါင်းလိုက်ကြတယ်။
ဘက်ဂီဆရာက မောင်းနေရင်းကနေ ဒီဥယျာဉ်ထဲက သစ်ပင်တွေအကြောင်း ရှင်းပြတယ်။ တခြားဧည့်သည်တွေဟာ စင်္ကာပူကဆိုတော့ သစ်ပင်အတော်များများကို မသိ မမြင်ဖူးကြဘူး။ ကျနော်တို့က သိနေတာဆိုတော့ အံ့တွေဩနေကြတာကို အတွင်းကြိတ်ရီနေရတယ်။
ရုက္ခဗေဒဥယျာဉ်က ထွက်တော့ နေ့လည်စာကို ဆိုင်သေးသေးလေးတခုကို လိုက်ပို့ခိုင်းတယ်။ ပေါင်မုန့်ထောပတ်သုတ်နဲ့ ဖျော်ရည်ပဲ ကျန်တော့တယ်တဲ့ ကျန်တာ အားလုံးရောင်းလို့ ကုန်ပြီ။ နေ့လည်စာစားပြီးတာနဲ့ ဟိုတယ်ပြန်နားကြတယ်။ ညနေ ကန္ဒီရိုးရာကပွဲကို သွားကြတယ်။ ရိုးရာဝတ်စုံ ဗုံတိုဗုံရှည်အကတွေဟာ လင်္ကာဒီပရဲ့ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်မှုကို စနစ်တကျ ဖြည်ပြနေခဲ့တာ..
ပွဲပြီးတာနဲ့ ဟိုတယ်ကို လမ်းလျှောက်ပြန်လာကြတယ်။ ခဏနားပြီး ညစာစားဖို့ ဆိုင်လိုက်ရှာကြတယ်။ ဆိုင်တော်တာ်များများ ပိတ်နေခဲ့ပြီ။ နောက်ဆုံလူများတဲ့ ဆိုင်တဆိုင်ကို ဝင်စားကြတယ်။ စားလို့အဆင်မပြေပါဘူး။ နောက်နေ့မနက်ကို Little England ကိုသွားကြမှာမို့ စောစောအိပ်ရာဝင်လိုက်ကြတော့တယ်....
No comments:
Post a Comment