24 March 2020

လင်္ကာဒီပ, ဆီဂိရိယ



ရာဇဝင်ထဲကနေ တဆင့် လင်္ကာဒီပကို သိနေခဲ့ ရင်းနှီးနေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် လင်္ကာဒီပကို ရောက်ဖို့တော့ ခရီးအတော်လေးဝေးခဲ့ပါတယ်။ ၂၀၁၃လောက်က လင်္ကာသူတယောက်နဲ့ အလုပ်က သင်တန်းတခုမှာ ဆုံခဲ့ဖူးတော့ သူတို့နိုင်ငံအကြောင်းကို စကားစမြည် မေးစမ်းခဲ့ဖူးတယ်။ ပင်လယ်ဂဏန်းနာမည်ကျော်တဲ့ လင်္ကာဒီပကို တခေါက်တော့ ရောက်အောင် သွားမယ်လို့ အဲ့ဒီကတည်းက စိတ်ထဲမှာ တေးထားခဲ့တာ....
တကယ်တမ်း လက်တွေ့ကျကျ သွားဖြစ်တော့ ၂၀၁၉ နောက်ခြောက်နှစ်လောက်အကြာမှ။ မနှစ်က တရုတ်နှစ်ကူးရုံးပိတ်ရက်ကို ဆယ်ရက်ပိတ်ပေးတယ်။ ဒါနဲ့ လင်္ကာဒီပကို သွားဖို့ စီစဉ်ဖြစ်သွားခဲ့တာ။ ပထမဆုံး စစီစဉ်ရတာက လေယာဥ်လက်မှတ်ပါ။ စလုံးရဲ့ အထင်ကရ ရုံးပိတ်ရက်မို့ လေယာဉ်လက်မှတ်တွေက မိုးပေါ်ကနေမဆင်းတတ်ဘူး။ စျေးအချိုဆုံးက ၆၆၂ဒေါ်လာနဲ့ လင်္ကာဒီပလေကြောင်းလိုင်းပါ။ Review တွေအရတော့ အစားအသောက်ကောင်းပြီး လေယာဉ်ပေါ်က Entertainment System ညံ့တယ်လို့ ဆိုပါတယ်။

ခရီးစဉ်ကို ဆွဲတဲ့အချိန် အတော်လေး ခေါင်းစားခဲ့ပါတယ်။ ခရီးသွားချိန်ဆယ်ရက်နဲ့ သွားချင်တဲ့ နေရာတွေ အစီအစဉ်တကျဖြစ်ရေးအတွက် ဘယ်နေရာကို ဘယ်ရက်မှာ ဘယ်လိုသွားလာရမလဲဆိုတဲ့ မေးခွန်းပေါင်း သောင်းခြောက်ထောင်နဲ့ပါ။ ရောက်ဖူးတယ်ဆိုတဲ့ အစ်ကိုတယောက်ကို မေးစမ်းရင်း ခရီးစဉ်အကြမ်းကိုလည်းရ လင်္ကာဒီပ ကျွန်းကို ပတ်ဖို့ အစအဆုံး ကားငှားဖို့ အကြံလည်းရလာတယ်။ ကားငှားဖို့ ခရီးစဉ်အကြမ်းကိုပြပြီး ကားနဲ့ ကားသမားလိုက်ရှာဖြစ်တယ်။ Trip advisor မှာလူညွှန်းများတဲ့ ကားကုမ္ပဏီကို ယူလိုက်တယ်။ ဒီခရီးသွားဖြစ်စေတဲ့ အဓိက ရထားခရီးစဉ်ကိုသူတို့က လက်မှတ်လက်ဆောင်ပေးမယ်လို့ပါပါတယ်။ ကားလည်းစီစဉ်ပြီးပြီဆိုတော့ တည်းမယ့်နေရာတွေကို တန်းစီလေ့လာပြီးဘွတ်ကင်တင်ပါတော့တယ်။ ပြီးမှဆိုက်ရောက်ဗီဇာလျှောက်ပါတယ်။သွားဖို့တော့ အဆင်သင့်ဖြစ်ပြီ.....
ကိုလမ်ဘိုက လေဆိပ်ကို ညနေလေးနာရီကျော်ကျော်မှာ ရောက်သွားတယ်။ အထုတ်တွေယူပြီးတာနဲ့ နောက်ကျမယ်ဆိုတဲ့ ကားသမားကို စောင့်ရင်း ပိုက်ဆံလဲကြတယ်။ ကားသမားက နာရီဝက်ကျော်နောက်ကျပြီးမှ ရောက်လာတယ်။ ကိုလမ်ဘိုမြို့ကိုတော့ မဝင်ဖြစ်ကြတော့ဘူး။ ဆီဂိရိယလို့ခေါ်တဲ့ ကျောက်တုံးမြို့တော်ဟောင်းဆီကိုသုတ်သုတ်မောင်းသွားကြတယ်။ ပွဲတော်တချို့ရှိတာကြောင့် လမ်းမှာ ကားအနည်းငယ်ပိတ်တာ၊ လမ်းကျဉ်းတာကလွဲရင် ကားလမ်းကသာပါတယ်။ လမ်းဘေးတလျောက် တွေ့ရသလောက် လူနေအိမ်တွေ ခြံဝန်းတွေဟာ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း...

လေဆိပ်ကနေ ဆီဂိရိယကို ငါးနာရီကျော်လောက်မောင်းရတယ်။ ညစာကို အဲ့ရောက်မှစားကြတယ်။ ကားဆရာက စားကောင်းတဲ့ဆိုင်ဆိုပြီး ညွှန်းတဲ့နေရာမှာ စားကြတယ်။ သူတို့အလုပ်လုပ်ပုံကို မှင်သက်ငေးမော ပြောစမှတ်ပြုခဲ့ရတယ်။ စားပွဲထိုးလာတယ် မှာတာတွေကို ရေးမှတ်ပြီး ကောင်တာကိုသွားတယ် ကောင်တာမှာ လယ်ဂျာစာအုပ်နဲ့ တယောက်က ယူမှတ်တယ် ပြီးတော့ စာရွက်တရွက်မှာ ရေးပြီးမီးဖိုဆောင်ကိုပို့တယ်။ မီးဖိုဆောင်က ချက်ပြီးပြန်တက်လာတယ်. စာရွက်တရွက်နဲ့ပဲ သူကဘယ်စားပွဲကမှာတယ်ဆိုတာ မသိဘူး။ ကောင်တာကိုသွားတယ် ကောင်တာမှာထားခဲ့ပြီး ကောင်တာကနေ စားပွဲထိုးကိုခေါ်ပြီးမှ လယ်ဂျာကနေစစ်ပြီး လာချတယ်။ မြန်မာပြည်ကစားပွဲထိုးတွေဆို အဲ့ဒီလောက် အချိိန်မကြာ အလုပ်မရှုပ်ဘူးလေ။ ရှင်းမယ်ဆိုတော့လည်း စာရွက်တွေထပ်ရေး လယ်ဂျာစာအုပ်နောက်တအုပ်မှာရေးနဲ့ စာရင်းက တော်တော်နဲ့ ထွက်မလာဘူး။ မိုးမလင်းသွားတာ တော်သေးတယ် ပြောရမယ်။ လူခြောက်ယောက်လောက်တောင် ဝိုင်းလုပ်တာ မပြီးနိုင်ဘူးဖြစ်နေတယ်။

တည်းတဲ့နေရာကို ရောက်တော့ မိုးအတော်လေးချုပ်နေခဲ့ပြီး Reception ကပိတ်နေပေါ့။ ပိုင်ရှင်တွေကို ဖုန်းလှမ်းဆက်တော့ မျက်နှာချိုချိုနဲ့ ပိုင်ရှင်အမျိုးသားထွက်လာတယ်။ အခန်းက သန့်ပြန့်ပြီး ကျယ်ကျယ်လွင့်လွင့်ပါ။ မနက်စာ စောစောစားချင်တယ်ဆိုတော့ ရတယ် ပြင်ဆင်ပေးပါမယ်လို့ အေးအေးဆေးဆေး ပြန်ပြောတော့ စိတ်တွေ ချမ်းသာရပါတယ်။ မနက်စောစော ထရမှာမို့ ရေချိုးပြီးတာနဲ့ တချိုးတည်း အိပ်ပျော်သွားတော့တယ်။

မနက်နိုးတော့ မီးဖိုထဲမှာ ပိုင်ရှင်လင်မယား မနက်စာ ချက်ပြုတ်နေကြပြီ။ မနက်စာရောက်လာချိန် စားစရာတွေဟာ ဗောင်းဗောင်းလန်နေတယ်။ ပိုင်ရှင်အမျိုးသားက ဘာများထပ်လိုသေးသလဲ မေးတဲ့အခါ ခေါင်းကို ပြိုင်တူခါလိုက်ကြရတယ်။

မနက်စာစားပြီး ကျေးဇူးရှင် ကားဆရာကိုစောင့်ရပြန်တယ်။ မိနစ်နှစ်ဆယ်လောက်နောက်ကျပြီးမှ ရောက်တယ်။ ဆီဂိရိယကျောက်တုံးမြို့တော်ကို မနက်စောစောမတက်ရင် သိပ်မကြာခင်လူတွေများတော့မှာဆိုတာကို နယ်ခံကားဆရာက ဘာကြောင့် မနက်အစောကြီးထပြီးတက်ရတာလဲ မေးနေသေးတယ်။ ရောက်တဲ့အချိန် လက်မှတ်ရောင်းတဲ့ဂိတ်မဖွင့်သေးလို့ တန်းစီစောင့်ကြရတယ်။ လက်မှတ်ရတာနဲ့ ခပ်သုတ်သုတ် တောင်ပေါ်တက်တယ်။ ပန်းခြံတွေကို ဖြတ်လာပေမယ့် နောက်ကျနေမစိုးလို့ အပြေးအလွှားသွားကြတယ်။


ခြေလှမ်းပေါင်း လှေခါးထစ်ပေါင်းများစွာနဲ့ ခြင်္သေ့လက်သည်းအထိ တက်လာရတယ်။ ဓါတ်ပုံရိုက်ရင်း ခဏနားရေသောက်ပေါ့။ ပြီးမှ အပေါ်ထိရောက်အောင်တက်ကြတယ်။ နာမည်ကျော်တဲ့ ဒီကျောက်တုံးမြို့ ခုတော့ မျက်ဝါးထင်ထင်မြင်ကြရပြီ။









နာရီဝက်တနာရီလောက် အေးအေးဆေးဆေး ဓါတ်ပုံရိုက်ကြ တောင်အောက်က စိမ်းညှို့နေတဲ့ ရှုခင်းကို ငေးကြည့်ချိန် ဓါတ်ပုံရိုက်ချိန်ရကြတယ်။ သိပ်မကြာခင်ပဲ လူတွေ များသည်ထက်များလာ တောင်ပေါ်တက်တဲ့ ဆင်းတဲ့ လှေခါးတောင် တန်းစီတက်နေကြတာ စတွေ့ရပြီ။ အဆင်းမှာ ဒေသခံကျောင်းသားလူငယ်တွေရဲ့ လေ့လာရေးခရီးတွေပါ ဆုံလာဖြစ်တယ်။ အဆင်းနားရောက်လာလေလေ တန်းစီနေတဲ့ လူတန်းကြီးဟာ စည်ကားလေလေ။ သမဆိုင်က ဆပ်ပြာထုတ်ဖို့လို၊ ဓါတ်ဆီဆိုင်မှာ ဆီထုတ်ဖို့လို၊ အိုင်ဖုန်းအသစ်ထုတ်ဖို့တန်းစီသလို ရှည်လျားများပြားတဲ့ လူတန်းကြီးဟာ စောင့်ကြိုနေတယ်။ လူတန်းရှည်ပုံကို ဓါတ်ပုံရိုက်ပြီး ကားဆရာဆီ ပို့လိုက်တယ်။ နောက်ကျပြီးများလာခဲ့ရင် အပေါ်ကိုတက်ဖို့ လှေခါးမှာတင် တန်းစီရင်းနှစ်နာရီလောက် အချိန်ကုန်မယ်လို့ မက်ဆေ့ထဲမှာ ထည့်ရေးပေးလိုက်တယ်။

အောက်ကိုမရောက်ခင် မိုးဖွဲလေးက ကြိုနှင့်ပါတယ်။  ကားဆရာက အဆင်းလမ်းက ကားပါကင်မှာ စောင့်နေတယ်။ အနားကတောင်တခုကို ထပ်တက်ဖို့ ပြင်ထားတဲ့ အစီအစဉ်ကို ဖြတ်လိုက်ရပြီး ဟိုတယ်ပြန်ရေမိုးချိုး အထုတ်တွေသိမ်း နောက်တနေရာဖြစ်တဲ့ ဒမ်ဘူလာကို ခရီးဆက်ကြပြန်ရော......

No comments: