29 March 2020

လင်္ကာဒီပ, အယ်လာ


ရထားလက်မှတ်ကို ကားကုမ္ပဏီကပဲဝယ်ပေးမယ်။ ထိုင်ခုံအတွက် မပူနဲ့လို့ ဆိုတယ်။ တကယ်က ထိုင်ခုံနဲ့လက်မှတ်ကို ကိုယ့်ဖာသာ မှောင်ခိုနဲ့ ဝယ်ဖို့ လုပ်သေးတယ်။ ကျေးဇူးရှင် ကားဆရာက မလိုဘူး မဝယ်နဲ့ သူတာဝန်ယူတယ် လုပ်တာ။ ရထားဘူတာက နာနျူအိုယ ဆိုတဲ့ နေရာပါ။ ကားဆရာက ရထားလက်မှတ်ဝယ်ပေးပြီး အထဲကို လိုက်မပို့ဘူး။ ကိုယ့်ဟာကို သွားကြတဲ့ အယ်လာကနေ စောင့်နေမယ်လို့ မှာလိုက်တယ်။ ဝင်တော့မယ်ဆိုမှ ပြောသွားတယ် အပြာရောင်ရထားဆို ကံကောင်းမယ် အနီရောင်ဆိုရင်တော့ အဆင်မပြေလောက်ဘူးတဲ့....

ရထားကတော့ အာရှစံတော်ချိန်ပေါ့။ နောက်ကျပြီးမှ ရောက်လာမယ်။ ကံဆိုးစွာပဲ ရထားက အနီရောင်ပါ။ ရထားပေါ်ကို ရောက်ဖို့ ပလက်ဖောင်းပေါ်က လူအုပ်ကြီးတစုလုံး ပြုံတက်တယ်။ တွဲသုံးတွဲနဲ့ ပလက်ဖောင်းအပြည့်လူအုပ်ဟာ ရထားထဲမှာ ငပိသိပ် ငချဉ်သိပ်ဖြစ်ကုန်ကြတယ်။ ခြေချပြီး မတ်တပ်ရပ်ဖို့တောင် မနည်းကြိုးစားကြရတယ်။ တချို့တိုးတွေက ခုံတွေဦးပေးထားတာ တွေ့ရတယ်။ ရထားထွက်ပြီဆိုတော့ မတ်တပ်ရပ်တဲ့နေရာကနေ ခဲလေသမျှ ပဲရေပွကို လက်ထဲ ကင်မရာကိုင်ရင်း စိတ်တိုရတယ်။ ဖြစ်သမျှအကြောင်း အကောင်းဆိုတဲ့ စိတ်နဲ့ပဲ ဖြေတွေးရတယ်။



အံ့ဩစရာကောင်းတဲ့ ဒေသခံကလေးတွေကို တွေ့မြင်ရပါတယ်။ သူတို့နေရာကို ဖယ်ပေးပြီး ကျနော်တို့ကို ပေးတယ်။ သူတို့က သုံးလေးယောက် တယောက်ကိုတယောက်ထပ်ထိုင်ကြတယ်။ တိုးကပ်ထိုင်ရင်းကနေ မူရင်းရည်ရွယ်တဲ့ ရထားလမ်းဘေးတလျှောက် ဗီဒီယိုရိုက် ဓါတ်ပုံ တလမ်းလုံး ရိုက်ဖြစ်ခဲ့ပါတယ်။ ကံဆိုးထဲက ကံကောင်းလို့ ဆိုရမယ်။

အယ်လာကို ရောက်တော့ ဗိုက်ဆာနေပြီ။ ကားဆရာက ဘယ်နားရောက်နေမှန်း မသိသေးဘူး မက်ဆေ့ပို့ပြီး ခေါ်တော့ ထုံးစံအတိုင်း မိနစ်နှစ်ဆယ်လောက်မှ ရောက်လာတယ်။ တည်းမယ့် Airbnb မှာ အိတ်တွေချပြီး ထမင်းထွက်စားဖို့ပါ။ တည်းမယ့်နေရာက တောင်ကုန်းထိပ်မှာမို့ ကားဆရာက မဝင်ချင်ဘူး၊ လမ်းကလည်း မတ်တော့ မတ်ပါတယ်။
ကားဆရာက ထမင်းဆိုင်ကို အရင်ပို့ပေးမယ် ပြီးမှ တည်းမယ့်နေရာ ပြန်ပို့ပေးမယ်လို့ဆိုတယ်။ ဗိုက်ကလည်းဆာနေတော့ ခပ်သွက်သွက်ပဲ သဘောတူလိုက်တယ်။ လိုက်ပို့တဲ့ဆိုင်က အတော်လေးစားကောင်းတယ်။ ဖျော်ရည်ကအစ အတော်လေး အဆင်ပြေတယ်။ စားပြီးတာနဲ့ တည်းမယ့်နေရာကို လိုက်ပို့တဲ့အခါ လမ်းပေါ်ကနေတောင်ပေါ်လမ်းကို တုပ်တုပ်နဲ့ ထည့်ပေးလိုက်တယ်။ သူ့ကားတက်လို့မရလို့ဆိုပဲ။

တည်းတဲ့အိမ်ရှေ့ရောက်တော့ သူ့လိုကား ရပ်ထားတာ တွေ့တော့ စိတ်တိုသွားတယ်။ သူများကားတောင် တက်လာလို့ရတယ် သူ့ကားက ဘယ်လိုလုပ်တက်လာလို့ မရတာလဲဆိုပြီး ဓါတ်ပုံရိုက်ပြီး မက်ဆေ့ပို့လိုက်တယ်။ ပြန်လာတဲ့ မက်ဆေ့က သူ့ကားတော့ တက်လို့မရဘူး ခေါင်းမရှိတဲ့ ကားဆရာတွေပဲ တက်တာတဲ့လေ။ စိတ်ထဲ မကြည်တာနဲ့ ဒီနေ့ခရီးစဉ်ကဒါပဲ နောက်နေ့မနက်လည်း ကိုယ့်ဟာကိုသွားရမယ်။ ရေတံခွန်တွေသွားဖို့ ဆယ်နာရီလောက်လာခေါ်ပါလို့ပဲ ထပ်ပို့လိုက်တယ်။
တည်းတဲ့နေရာက အယ်လာရဲ့ နာမည်ကျော် 9 arch bridge နားမှာပါ။ ခဏနားပြီးတာနဲ့ တံတားဆီကို ဆင်းလာကြတယ်။ ရထားမလာခင် တံတားပေါ်မှာ ဓါတ်ပုံရိုက်သူတွေ အပြည့်ပေါ့။ ရထားလာတော့လည်း ရထားနဲ့ တံတားကို နောက်ခံထားပြီး ဓါတ်ပုံရိုက်ကြပြန်ရော။ အေးဆေးရိုက်ရင်း နည်းနည်းမှောင်မှ ပြန်တက်လာတယ်။  အတက်နားက မုန့်ဆိုင်မှာ ရေဝယ်သောက်ရင်း ခေါက်ဆွဲပြုတ်ပါ ဝင်စားဖြစ်တယ်။ ရောင်းတဲ့ ကလေးရဲ့ ဝန်ဆောင်မှုစကေး နဲ့ အရောင်းစကေးက တကယ့်ကို ကြောက်စရာကောင်းအောင်တော်တယ်။ တည်းတဲ့နေရာရောက်တော့ ခရီးပန်းပြီး တချိုးတည်း အိပ်ပျော်သွားတယ်။

နောက်နေ့မနက် အစောကြီး ထလာကြတယ်။ တောင်ပေါ်ကနေ နေထွက်ရှုခင်းကြည့်ဖို့ပါ။နာမည်ကျော် အဒမ်ပိလို မျိုး ဆင်တူဖြစ်နေတဲ့ အဒမ်ပိလေးပါ။ မှောင်မှောင်မည်းမည်းထဲမှာ လမ်းရှာကြရသေးတယ်။ ဟိုတယ်ကို ဖြတ်ဝင်သွားရ မသွားရ ချီတုံချတုံ ဖြစ်နေပြန်တယ်။ နောက်တော့ တခြားသူတွေလည်း ဖြတ်သန်းသွားတာနဲ့ သူတို့နောက်က လိုက်ကြတယ်။ လမ်းမှားပြီးဟိုတယ်ထဲက Spa အခန်းဖက်ကို ရောက်သွားသေးတယ်။




နောက်တခေါက်ပြန်လှည့် လမ်းမှန်ကနေ ပြန်လျှောက်ကြတယ်။ တောင်ပေါ်ရောက်ဖို့ အတော်လေးလျှောက်ကြရတယ်။ တောင်ထိပ်မှာ ကိုယ်လိုလူတွေ အများကြီးရောက်နှင့်နေပြီ။ နေတဖြည်းဖြည်းထွက်လာတာကို ကြည့်ရင်း ဓါတ်ပုံစောင့်ရိုက်တယ်။ ကျောက်တုံးတွေပေါ်ကနေ ဟိုးတဖက် ကားလမ်းကိုလည်း ဓါတ်ပုံရိုက်တယ်။တောင်ကြောတလျှောက်ဆင်းလိုက်တက်လိုက်နဲ့ အလုပ်တွေကို ရှုပ်နေတာပါပဲ။
အားရပါးရ သဘာဝကိုခံစားပြီးတဲ့အခါမှ ပြန်လာကြတယ်။ တည်းမယ့်အိမ်က မနက်စာကို ဗိုက်အပြည့်တွယ်ကြတယ်။ မနက်စာစားရင်း အရှေ့က တောင်တန်းကို တစိမ့်စိမ့်ထိုင်ကြည့်တယ်။ ဒီလိို အခြေအနေမျိုးက စင်္ကာပူမှာ ရခဲဘိခြင်း။ ကားဆရာလာခေါ်တော့ ဒီနေ့ ရေတံခွန်တွေကြည့်မယ့် အစီအစဉ်စပြီ။

ပထမဆုံး ရာဝဏ္ဏရေတံခွန်ကိုသွားတယ်။ ဒီရေတံခွန်ဟာ ဘုံအဆင့်ဆင့်နဲ့ ကောင်းကင်ဘုံက ဆင်းလာတဲ့ မြစ်တစင်းလိုပဲ လှပါတယ်။ ရေတံခွန်ရဲ့ အထက်တနေရာက ကျောက်ဂူထဲမှာ မယ်သီတာကို ဖွက်ထားခဲ့တာလို့ အရပ်ရာဇဝင်က ဆိုပါတယ်။ ရေချိုးနေတဲ့ သူအတော်များများကို တွေ့ပါတယ်။ အတော်အေးတဲ့ ရာသီဥတုမို့ ရေချိုးဖို့ စိတ်မဝင်စားပဲ ကျောက်တုံးအပေါ်ကနေပဲ ရှုခင်းကို ထိုင်ကြည့်နေမိတယ်။




ပြဿနာက ရေတံခွန်က အပြန်မှာ စပါတယ်။ ခရီးသွားလာဖူးသမျှ ဒီလိုမျိုး တွေ့ကြုံရတာ ပထမဆုံးပါပဲ။ ရေတံခွန်ကနေ နောက်ထပ်ရေတံခွန်တခုကို မသွားပဲ အယ်လာကို ပြန်တက်လာတယ်။ နေ့လည်စာလည်းစားချိန် မရောက်သေးတာမို့ ကျနော်တို့ ရေတံခွန်နောက်တခု သွားပြီးမှ နေ့လည်စာစားမယ် မဟုတ်လားလို့ ပြောတဲ့အခါ ကျေးဇူးရှင် ကားဆရာက နောက်ရေတံခွန်တခုက နောက်နေ့မှလိုက်ပို့မယ် အခုတော့ အယ်လာက ပန်းခြံ ဒါမှ မဟုတ် နောက်ထပ်တောင်တခုခုကို တက်ပါတဲ့။  တကယ်တမ်း ဒီနေ့ ရေတံခွန်နှစ်ခုသွားမယ်ဆိုတာ စီစဉ်ထားပြီးသား မဟုတ်လားဆို​တော့ အဲ့ဒီရေတံခွန်က နောက်နေ့သွားတဲ့ လမ်းပေါ်မှာမို့ ဒီနေ့ လိုက်မပို့နိုင်ဘူးတဲ့။ ကားက တနေ့လုံးစာ ငှားထားတာ ပို့ပေးမယ် မပို့ပေးမယ် ဆုံးဖြတ်ခွင့်က သူတို့ လုပ်ရမယ့် အလုပ်မဟုတ်ဘူး။ ခရီးစဥ် ဆွဲတာ ကျနော် လိုက်ပို့ရမှာ သူတို့တာဝန်။ စိတ်က အတော်လေး တိုနေခဲ့ပြီ။ ခရီးသွားဖေါ်က စိတ်မတိုအောင် ထိန်းပြောတယ် တောင်ပေါ် ဘုရားတခုကို လိုက်ပို့ခိုင်းတယ်။ ဒါလည်း မြင့်တယ်ဆိုပြီး အပေါ်ထိလိုက်မပို့ပဲ နေပူကြဲကြဲထဲမှာ ကျနော်တို့ကို လမ်းလျှောက်ခိုင်းတယ်။ ဘုရားပေါ်မှာ စိတ်အေးအောင် ခဏထိုင်ပြီး သူတို့ ကုမ္ပဏီကိုကားသမား ပြောင်းပေးဖို့ လှမ်းပြောလိုက်တယ်။ သူတို့စီစဉ်ပေးမယ် ခဏစောင့်ပါဆိုတာနဲ့ နေ့လည်စာ စားဖို့ မနေ့ကဆိုင်ကို ပြန်လိုက်ပို့ခိုင်းလိုက်တယ်။ ပြီးတာနဲ့ ကိုယ့်အစီအစဉ်နဲ့ ပြန်မယ်ဆိုပြီးကျေးဇူးရှင်ကို ပြန်လွှတ်လိုက်တယ်။ ကားသမား အစားပြန်ရမယ် ဒါပေမယ့် နောက်နေ့မှာ ခဏတော့ စောင့်ရမယ်လို့ အကြောင်းပြန်လာတယ်။ ပြီးတော့ ဒီနေ့ နစ်နာမှုအတွက် ဒီနေ့ ကားခကို ပေးစရာမလိုဘူးလို့တော့ ဝန်ဆောင်မှုပေးတယ်။ ငွေကြေးအရနစ်နာမှု ဖြေသိမ့်ပေမယ့် ကျနော်တို့ခရီးစဉ် နစ်နာမှုကတော့ ဘာမှ အစားထိုးလို့ မရနိုင်တော့ဘူး။

စားသောက်ပြီး တည်းတဲ့ဆီကို တုပ်တုပ်နဲ့ ပြန်တယ်။ ပြီးတော့ 9 Arch bridge ကို တခေါက်ပြန်သွားကြတယ်။ ရထားအစင်းပေါင်းများစွာ ဖြတ်လာတာကို ဓါတ်ပုံစောင့်ရိုက်တယ်။ ပြီးတော့ မနေ့က ဆိုင်မှာပဲ ခေါက်ဆွဲတခေါက်ပြန်စားကြတယ်။ ဂျာမဏီက ခရီးသည် မိန်းမပျိုတယောက်နဲ့လည်း စကားလက်ဆုံကျကြတယ်။ အသက်နှစ်ဆယ်ကျော်နဲ့ တယောက်တည်း ခရီးသွားနေတဲ့ မိန်းမပျိုတယောက်ဆိုတော့ ကျနော်တို့ မြန်မာမိန်းခလေးတွေ အတုယူသင့်လောက်မယ်ထင်တယ်။ မြန်မာပြည်ကို လာလည်ချင်တယ်ဆိုလို့ သူ့မေးခွန်းတွေကို ဖြေကြတယ်။ 

စကားစမြည်ပြောဆိုပြီးတဲ့အခါ အခန်းပြန်လာနားကြတယ်။ မနက်စောစောထထားတာရယ်၊ တောင်တွေ တက်ထားတာရယ်နဲ့ ပင်ပန်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြတော့တယ်...

26 March 2020

လင်္ကာဒီပ, နျူဝါယာ အီလီယာ







Little England လို့လည်း အမည်တွင်တဲ့ နျူဝါယာ အီလီယာဟာ အဓိကလက်ဖက်ခင်း စိုက်တဲ့တောင်ပေါ်မြို့ပဲ။ အင်္ဂလိပ် အုပ်စိုးစဉ်က ကော်ဖီစိုက်ပျိုးဖို့ ကြိုးစားရာ မအောင်မြင်ပဲ လက်ဖက်ပြောင်းစိုက်ရာမှ ဆီလုံလဖက်ခြောက်ဆိုပြီး နာမည်ကျော်စေခဲ့တဲ့ လက်ဖက်စိုက်ခင်း နေရာဒေသဖြစ်ပါတယ်။ သဘာဝ အလှအပ ရေတံခွန်တွေ၊ ကိုလိုနီခေတ် အဆောက်အအုံတွေ၊ လက်ဖက်စိုက်ခင်း စက်ရုံတွေ၊ အမြင့်ဆုံးတောင်တန်းတွေ ဒီမြို့ရဲ့ အထိမ်းအမှတ်ပဲ။ မရောက်ခင် ဗျူးပွိုင့်မှာ ဓါတ်ပုံဆင်းရိုက်ကြတယ်။ ကြေကွဲဖွယ်နောက်ခံအတိတ်နဲ့ ရေတံခွန်ကို ကြည့်ရတာပဲ လွမ်းလွမ်းဆွေးဆွေး ရှိလှတယ်။




ပြီးတာနဲ့ လက်ဖက်စိုက်ခင်း စက်ရုံကို ဝင်ကြည့်ကြတယ်။ လင်္ကာဒီပမှာ ပိတ်ရက်ဖြစ်တာကြောင့် လက်ဖက်စက်ရုံပါ လည်ပတ်တာကို မတွေ့ခဲ့ရတော့ဘူး။ လုပ်ငန်းဆောင်တာ အဆင့်ဆင့်ကိုပဲရှင်းပြပေးတယ်။ စက်ရုံက စားသောက်ဆိုင်မှာ လက်ဖက်ရည်သောက်ရင်း လက်ဖက်ခင်းတွေကြားမှာ ဓါတ်ပုံရိုက်ကြတယ်။ ပြီးတာနဲ့ မြို့ဆီ ခရီးဆက်တယ်။ Little England လို့ ခေါ်ရလောက်အောင်လည်း မြို့လေးက အေးမြလှပနေခဲ့တယ်။ အိမ်လေးတွေတိုင်းမှာ ပန်းခြံကိုယ်စီနှင်းဆီရိုင်းတွေနဲ့ ဘိုဆန်ဆန်ချစ်စရာလေးတွေ။

ဗိုက်ဆာတာနဲ့ နေ့လည်စာစားဖို့ ကားဆရာညွှန်းတဲ့ ဆိုင်ကိုလာကြတယ်။ ဂဏန်းရတယ်ဆိုလို့ မှာစားဖြစ်တယ်။ ဟင်းချက်တာရောဝန်ဆောင်မှုရော အတော်လေးကောင်းတယ်။ တောင်ပေါ်မှာ ပင်လယ်စာ စားချင်ရင် ဒီဆိုင်ကို လာစားမှပဲ ဖြစ်ပါလိမ့်မယ်။




ထမင်းစားပြီးတဲ့အခါ ရေကန်ကိုသွားကြတယ်။ ရေကန်ကရေကို ရေအားလျှပ်စစ်အဖြစ် ကူးပြောင်းပြီး မြို့ကိုဓါတ်အားပေးနေခဲ့တာတဲ့လေ။ ရေကန်နဲ့ ပတ်ဝန်းကျင်ကိုတော့ အပန်းဖြေဖို့ ပြုလုပ်ထားကြတယ်။ မိုးအုံ့နေတာမို့ ရေကန်ရှုခင်းကို ဓါတ်ပုံရိုက်ရတာ စိတ်တိုင်းမကျဘူး။ ရေကန်ဘေးကနေခွာတော့ မှတ်မှတ်ရရ ကိုယ့်ရဲ့ လက်တွဲဖော်မှန်ဘီလူးက ရိုက်လို့ မရတော့ဘူး။ အသည်းတွေကွဲခဲ့တဲ့ အချိန်ပေါ့.




အင်္ဂလန်ဆန်တဲ့ ဒီမြို့လေးမှာ ဘိုအပြည့်အဝဆန်အောင် ညနေခင်းလက်ဖက်ရည်သောက်ဖို့ကို သွားတန်းစီကြတယ်။ ကြယ်ငါးပွင့်ဟိုတယ်ရဲ့ လူကြိုက်များလှတဲ့ ညနေခင်းလက်ဖက်ရည်သောက် အစီအစဉ်ဟာ ကြိုတင်ဘွတ်ကင် မတင်ထားရင် အခုလို စောင့်ရပါတယ်။ နာရီဝက် လေးဆယ့်ငါးမိနစ်ကို စောင့်ရပေမယ့် တန်ပါတယ်။ စောင့်နေတုန်းမှာ ဟိုတယ်ပန်းခြံထဲ ဓါတ်ပုံပတ်ရိုက်ကြတယ်။ သူတို့ လက်ဖက်ရည်က သောက်လို့ကောင်းသလို ဝန်ဆောင်မှုကလည်း အတော်လေး ပြည့်စုံတယ်။ ဒါကြောင့် ဧည့်သည်တိုင်း တခုတ်တရ တန်းစီစောင့်ကြတာကိုး...


လက်ဖက်ရည်သောက်ပြီးတဲ့အခါ တည်းမယ့်ဟိုတယ်ကို သွားကြတယ်။ ဟိုတယ်မှာ တည်းမယ့်သူက ကျနော်တို့ပဲ ရှိပုံရတယ်။ အခန်းက အတော်လေးကို ကျယ်တယ်။ ပြီးတော့ အရမ်းအေးတယ်။ ညနေစာကို ဟိုတယ်မှာပဲ စီစဉ်ပြီး စားဖြစ်တယ်။ ဟိုတယ်စားသောက်ဆိုင်ကနေ မြင်ရတဲ့ ရှုခင်းက သာပါတယ်။ ခဏနေလိုက်တာနဲ့ကို တစိမ့်စိမ့်အေးလာတာမို့ အခန်းကို ပြန်အိပ်ကြတယ်။



မနက်စောစောထပြီး မြူနှင်းကြားက ဒီမြို့လေးကိုဓါတ်ပုံရိုက်ဖြစ်တယ်။ မနက်စာကို ဟိုတယ်က သေချာ ချက်ပေးပါတယ်။

ချိန်းထားတဲ့ အချိန်ထက် မိနစ်နှစ်ဆယ်လောက် နောက်ကျပြီး ကျေးဇူးရှင် ကားဆရာက ရောက်လာတယ်။ ဒီခရီးစဉ်မှာ အဓိက အကျဆုံးဖြစ်တဲ့နျူဝါယာကနေ အယ်လာကို ရထားစီးဖို့ပဲဖြစ်ပါတယ်.....

25 March 2020

လင်္ကာဒီပ, ဒမ်ဘူလာနဲ့ ကန္ဒီ


ဒမ်ဘူလာဟာလင်္ကာဒီပရဲ့ အလယ်ခေါင်မှာ တည်ရှိတယ်။ ကုန်သွယ်မှုစီးဆင်းရာ အချက်အချာမြို့ပဲ။ ကုန်တင်ကားကြီးတွေ အသီးသီး ဖြတ်သွားနေတာမို့ ဘယ်လောက်အလုပ်ရှုပ်စည်ကားတဲ့ မြို့ဖြစ်မလဲ ဆိုတာ အလွယ်တကူ မှန်းဆနိုင်တယ်။









ဒမ်ဘူလာမြို့က ဂူတွေကိုသွားလေ့လာတယ်။ World Heritage Site ထဲမှာပါတဲ့ ဒီဂူငါးခုကို ခဏဝင်ကြည့်တာပါ။  လှေခါးထစ်တွေနဲ့ ကျောက်တောင်စောင်းတလျောက် ရှုခင်းကို ငေးပြီး တဖြည်းဖြည်းတက်ကြတယ်။ တရာစုနှစ်ကနေဖြစ်တယ်ခဲ့တဲ့ ဒီဂူတွေဟာ ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံကိုးကွယ်မှုတွေကြောင့် ကျော်ကြားထင်ရှားလာခဲ့တာ။ ဂူငါးခုလုံးဟာ ရသတမျိုးစီပေးစွမ်းတယ်။ လူသိပ်များတဲ့အချိန်ဆို ဝင်ကြည့်ဖို့ အဆင်မပြေလောက်ပါဘူး။ အသက်ရှူကြပ်တတ်တဲ့သူ၊ အမှောင်ကြောက်တတ်တဲ့သူတွေတော့ ဝင်ဖို့ မသင့်တော်ပါ။ ကျနော်တို့တော့ တဂူပြီးတဂူ ဝင်ပြီးစူးစမ်းကြတယ်။ မှောင်လွန်းတဲ့ ဂူတချို့တော့ ဓါတ်ပုံရိုက်ရခက်ပါတယ်။

ဂူတွေလေ့လာပြီးတာနဲ့ ကန္ဒီကိုဆက်ထွက်လာကြတယ်။ နေ့လည်စာကိုတော့ လမ်းမှာပဲ ကားဆရာရဲ့ ဘူဖေးဆိုင်မှာ စားဖြစ်တယ်။ တရုတ်ခရီးသွားတွေ အများအပြားတွေ့ရတယ်။ ဘူဖေးဆိုင်က အရသာကတော့ ပုံမှန်ပါပဲ။ ဆိုင်နားဝန်းကျင်က ဒေသထွက် ရွှေရောင် အုန်းရည်ကို မြည့်းစမ်းကြည့်ကြတယ်။ နည်းနည်းချဉ်ပါတယ်။

ကန္ဒီကို နေ့လည်မှာရောက်တယ်။ ဟိုတယ်က ဝန်ဆောင်မှု အတော်လေးကောင်းမွန်တယ်။ အခန်းကိုလိုက်ပို့ရှင်း သေချာရှင်းပြတယ်။ အညောင်းအညာပြေ ရေကူးကြမယ်ဆိုပြီး ရေကူူးကန်သွားတယ်။ ရေကူးကန်က နေရောင်မကျလို့ ဆင်းလိုက်တာနဲ့ တုန်နေအောင် အေးတယ်။ နှစ်ခေါက်လောက်ကူးပြီး စိမ့်လာတာနဲ့ ပြန်တက်ရတော့တယ်။ အနီးအနားလမ်းလျှောက်ရင်း သူတို့ရိုးရာ အစားအစာ ကြက်ဥအာပုံမုန့်ကို စားကြတယ်။ နေရောင်ကျလာတာနဲ့ တိမ်တောက်တဲ့ ရှုခင်းကို ငေးရင်း ဟိုတယ်ပြန်လာကြတယ်။ လမ်းက ရှောပင်းမောတခုမှာ ညစာဝင်စားကြတယ်။

မနက်ကို လေးနာရီလောက်ထပြီး စွယ်တော်ရှိရာကျောင်းကို လမ်းလျှောက်သွားကြတယ်။မြန်မာလူမျိုးတွေအတွက် ဝင်ခွင့်က တခြား နိုင်ငံ​ခြားသားတွေထက် စျေးသက်သာပါတယ်။

ကျောင်းထဲဝင်ကြတဲ့အခါ လင်္ကာသူ လင်္ကာသား တွေရဲ့  သဒ္ဒါစိတ်ကို ကြည်နူးဖွယ်ရာတွေ့မြင်ရတယ်။ အဖြူရောင် ထက်အောက်ဝတ်ပြီး တန်းစီနေတဲ့ ဘုရားဖူးတွေ အများကြီး။ ဘာကြောင့်လဲတော့ သေချာမသိလိုက်ပဲ ကျနော်တို့ တန်းမစီလိုက်ရဘူး။ အပေါ်ထပ်ထိ တောက်လျှောက်ရောက်သွားတယ်။ အပေါ်ထပ်ရောက်တော့လည်း စွယ်တော်တိုက်အနားထိ ဖူးခွင့်တဲ့နေရာကို ဂေါပကလူကြီးတယောက်က ခေါ်သွားတယ်။ အလှူငွေပေးရပေမယ့် စွယ်တော်တိုက်ကို ဦးခိုက်ရှိခိုးရတဲ့အတွက် တန်ပါတယ်လေ။ စွယ်တော်ကိုတော့ ဖူးတွေ့ခွင့် မရပါဘူး။
စွယ်တော်တိုက်ရှေ့က ရေကင်းသံနဲ့ပူဇော်သံဟာ စိတ်နှလုံးကို ညွှတ်နူးစေပါတယ်။ တိုက်တော်ရဲ့ မျက်နှာကျက်ပေါ်က ရွှေကြာပွင့်တွေကို ဂေါပကတဦးက ညွှန်ပြသေးတယ်။






ကျောင်းပေါ်ကဆင်းတာနဲ့ အနားက ဆီမီးပူဇော်ကြတဲ့ နေရာကို ဝင်တယ်။ မိုးနည်းနည်းရွာတာနဲ့ မိုးခိုနေရသေးတယ်။ မိုးစဲပြီဆိုတော့ ဟိုတယ်ကို ပြန်ကြတယ်။ ဟိုတယ်မှာ မနက်စာစား ခဏနားပြီးရင် ကန္ဒီမြို့ရဲ့ ရုက္ခဗေဒ ဥယျာဉ်ကိုသွားကြမယ်။ ကားဆရာက ရှုခင်းကောင်းတဲ့ နေရာတခုကို လိုက်ပို့ပေးတယ်။ ကန္ဒီမြို့ကို အပေါ်စီးကနေ မြင်ရတဲ့ နေရာပေါ့.

မိုးကရွာလိုက်တိတ်လိုက်ပေမယ့် ဒီဥယျာဉ်ရှေ့မှာတော့ ဧည့်သည်တော်တော်များနေခဲ့တာပဲ။ ဝင်ကြေးပေးပြီး အထဲမှာပတ်ကြည့်ဖို့ ဘက်ဂီလေးငှားတော့ တနာရီလောက်စောင့်ရမယ်တဲ့။ ဘက်ဂီစောင့်ရင်းဓါတ်ပုံလျှောက်ရိုက်ကြတယ်။ မိုးပြန်ကျလာတာနဲ့ ဘက်ဂီပြန်စောင့်တယ်။ စောင့်နေတဲ့ ဘက်ဂီက စက်ချွတ်ယွင်းသွားလို့ တခြားဧည့်သည်နဲ့ ပေါင်းလို့ရလားလို့ လာမေးတယ်။ အဆင်ပြေပါတယ်လို့ ပြောပြီး တခြား တဖွဲ့နဲ့ ပူပေါင်းလိုက်ကြတယ်။



ဘက်ဂီဆရာက မောင်းနေရင်းကနေ ဒီဥယျာဉ်ထဲက သစ်ပင်တွေအကြောင်း ရှင်းပြတယ်။ တခြားဧည့်သည်တွေဟာ စင်္ကာပူကဆိုတော့ သစ်ပင်အတော်များများကို မသိ မမြင်ဖူးကြဘူး။ ကျနော်တို့က သိနေတာဆိုတော့ အံ့တွေဩနေကြတာကို အတွင်းကြိတ်ရီနေရတယ်။









ရုက္ခဗေဒဥယျာဉ်က ထွက်တော့ နေ့လည်စာကို ဆိုင်သေးသေးလေးတခုကို လိုက်ပို့ခိုင်းတယ်။ ပေါင်မုန့်ထောပတ်သုတ်နဲ့ ဖျော်ရည်ပဲ ကျန်တော့တယ်တဲ့ ကျန်တာ အားလုံးရောင်းလို့ ကုန်ပြီ။ နေ့လည်စာစားပြီးတာနဲ့ ဟိုတယ်ပြန်နားကြတယ်။ ညနေ ကန္ဒီရိုးရာကပွဲကို သွားကြတယ်။ ရိုးရာဝတ်စုံ ဗုံတိုဗုံရှည်အကတွေဟာ လင်္ကာဒီပရဲ့ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်မှုကို စနစ်တကျ ဖြည်ပြနေခဲ့တာ..

ပွဲပြီးတာနဲ့ ဟိုတယ်ကို လမ်းလျှောက်ပြန်လာကြတယ်။ ခဏနားပြီး ညစာစားဖို့ ဆိုင်လိုက်ရှာကြတယ်။ ဆိုင်တော်တာ်များများ ပိတ်နေခဲ့ပြီ။ နောက်ဆုံလူများတဲ့ ဆိုင်တဆိုင်ကို ဝင်စားကြတယ်။ စားလို့အဆင်မပြေပါဘူး။ နောက်နေ့မနက်ကို Little England ကိုသွားကြမှာမို့ စောစောအိပ်ရာဝင်လိုက်ကြတော့တယ်....