01 July 2018

日月潭 Sun Moon Lake တညတာ

ရန်ကုန်မှာ တရုတ်စာဖတ်ခဲ့တုန်းက ဒီရေကန်အကြောင်းကို ဖတ်ပြီး ရင်းနှီးခဲ့ဖူးတယ်။ အဲ့ဒီအချိန် တချိန်မှာ ဒီရေကန်ကို ရောက်ဖြစ်မယ်လို့တော့ တွေးမထားမိခဲ့ဘူး။ ထိုင်ဝမ်မှာ ဘယ်ကို သွားချင်သလဲလို့မေးတဲ့အခါ ဓါတ်ပုံတချို့ကနေ စိတ်ညွတ်နေတဲ့ ဒီရေကန်ကို သွားချင်တယ်လို့ ပြောလိုက်မိတယ်။ ထိုင်ဝမ်က အမျိုးက သူလည်းလိုက်မယ် စီစဉ်ထားမယ်လို့ဆိုတယ်။ ဒါနဲ့ သူအလုပ်အားတဲ့တရက်မှာ ဒီခရီးစဉ်ကို စခဲ့ကြပါတယ်။

အမျိုးက Package Tour စီစဉ်ထားတာပါ။ ကျည်ဆန်ရထားနဲ့ကား အပြင် ဟိုတယ်တညပါတဲ့ ခရီးစဉ်ပါ။ ကျည်ဆန်ရထားဆိုတဲ့ အသံကြားတာနဲ့ ကျနော်တို့တွေ ခေါင်းထောင်သွားကြတယ်။ ဂျပန်ကိုလည်း မရောက်ဖူးသေးတာမို့ ကျည်ဆန်ရထားစီးဖူးဖို့ မြင်ဖူးဖို့ဆိုတာ အဝေးကြီးလေ။ တကယ်စီးရမယ်ဆိုတော့ စိတ်တွေ ခုန်နေကြတော့တာ။ လက်မှတ်ကို တဖွဖွကိုင်နေကြတာမို့ အမျိုးက လက်မှတ်တွေ ပျောက်သွားမှာစိုးတာနဲ့ သူပဲ ယူပြီးသိမ်းထားလိုက်တယ်။


မနက် ရထားထဲရောက်တဲ့အခါလည်း ဓါတ်ပုံတွေရိုက်လိုက် ရထားကိုအိပ်မက်ထဲမှာများ စီးနေရသလား ထင်နေသေးတာ။ ရထားစီးရချိန်က သုံးနာရီလောက်ပဲ ကြာပါတယ်။ ဘေးပတ်ဝန်းကျင်ကို ရိပ်ခနဲ ရိပ်ခနဲ နေအောင် မြန်မြန်သွားတဲ့ ရထား ငြိမ်သက်နေတာကို အံ့သြနေမိတာ။ ရန်ကုန်မန္တလေး အမြန်ရထားကို ကြိမ်ဖန်များစွာစီးရတိုင်း ပုခက်ထဲ ချော့သိပ်သလို ဖြစ်နေတာနဲ့ နှိုင်းယှဉ်မိနေခဲ့တာ။ တိုင်ချုံးကိုရောက်တဲ့အခါ တောင်တွေ တိမ်တွေကြားက မြို့ဟာ ပုံပြင်ပိုဆန်နေခဲ့တယ်။



ရထားကနေ ရေကန်ကို သွားတဲ့ ကား ထပ်ပြောင်းစီးရမယ်။ ရေကန်သွားတဲ့ ကားအချိန်မရောက်သေးတာမို့ ခဏစောင့်နေကြရသေးတယ်။ သူ့အချိန်ရောက်တာနဲ့ ခရီးသည်မပြည့်သေးပဲ ကားက ထွက်တယ်။ ကားကအချောင်ကြီးပါပဲ။ တိမ်တွေကို ကြည့်ငေးဖို့ တယောက်တခုံထိုင်ပြီး လိုက်လာကြတယ်။ သူ့နိုင်ငံမှာ ပင်စင်စား အသက်ကြီးသူတွေကို ကားခ တဝက်ပဲယူပြီး အစိုးရက နောက်တဝက်ကျခံတယ် ဆိုတာသိလိုက်ရတယ်။ အားကျစရာကောင်းချက်နော်။

ဘူတာကနေ လမ်းမှာ ခဏရပ်တော့မှ ဖော်မိုဆာ ကစားကွင်းမှာ လူတချို့ဆင်းတော့မှ ကစားကွင်းရှိတာသိတော့တယ်။ ခုတော့ တညအိပ်ပဲ လာတာမို့ နောက်တခေါက်လာမှပဲ ကစားမယ်လို့ ပြောမိတယ်။




ဟိုတယ်နားမှာ ကားကရပ်ပေးပါတယ်။ ဟိုတယ်ကနေ မြင်ရတဲ့ ရေကန်က သိပ်ကိုလှပါတယ်။ အထုတ်တွေ ချပြီးတာနဲ့ နေ့လည်စာစား။ ကမန်းကတန်းဖယ်ရီနဲ့ ဟိုတဖက်ကမ်းကို ကူးဖို့ပြေးကြတယ်။ ဖယ်ရီပေါ်ရောက်မှ အရာရာကို မကြောက်တတ်ဖူးလို့ ထင်ထားတဲ့ အမျိုးဟာ သင်္ဘောစီးဖို့ ကြောက်တယ်ဆိုတာ သိရတော့တယ်။






ရေရဲ့အရောင်ဟာ စိမ်းမှောင်နေတယ်။ ကမ်းမကပ်ခင် သီချင်းသံ သဲ့သဲ့ကြားနေရပြီ။ ကချင်လိုလို ချင်းလိုလို တိုင်းရင်းသား အဝတ်အစားတွေနဲ့ ဒေသခံတိုင်းရင်းသားတွေတဲ့။ တိုင်းရင်းသူလေး လှလို့ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ယူလာခဲ့ပါတယ်။ တိုင်းရင်းသားတယောက်ကိုတော့ သူ့ခလေးနဲ့ မှတ်တမ်းတင်ရိုက်ခဲ့ပါသေးတယ်။




အဲ့ဒီကနေ Cable car ကားစီးကြတယ်။ အပေါ်မြင့်ကနေ မြင်ရတဲ့ ရေကန်က အတော်ကိုလှပါတယ်။ မိုးတိမ်တွေကြားကနေ မြင်ရတဲ့ ရှုခင်းကနေ မိုးတွေကင်းသွားတဲ့ ရှုခင်း ခဏအတွင်းမှာ ရာသီဥတုက ပြောင်းနေခဲ့တယ်။


ပြန်လာတဲ့လမ်းမှာ တောဝက်သားကင်တွေ့လို့ ဝင်ဆွဲကြသေးတယ်။


ရေကန်ဘောင်မှာ ဓါတ်ပုံရိုက်ရင်း မိုးချုပ်တဲအထိ ရေကန်ကိုငေးကြည့်ခဲ့ကြတယ်။ စကားတွေဖောင်ဖွဲ့ပြီး ဘာတွေ ပြောမှန်းမသိပြောနေခဲ့ကြသေးတာ.





တအားပင်ပန်းပြီး အိပ်ပျော်သွားခဲ့ပေမယ့် နေရာအသစ်ရောက်ရင် ကျနော့ထုံးစံအတိုင်း အစောကြီးနိုးနေခဲ့တယ်။ သူတို့ကို မနှိုးတော့ပဲ တယောက်တည်း ကင်မရာနဲ့ ဓါတ်ပုံရိုက်ဖြစ်တယ်။ မနက်ခင်း ရေကန်ရယ်တိမ်တွေရယ်တောင်တွေရယ်ဟာ ငြိမ်းချမ်းမှုကို အပြည့်အဝပေးပါတယ်။



ကျနော်ပြန်ရောက်တော့ ဟိုတယ်မှာ မနက်စာ စားဖို့လုပ်ကြတယ်။ မနက်စာစားပြီး ရေကန်တပတ် စက်ဘီးစီးကြမယ်ဆိုပြီး စက်ဘီးတစီးစီနဲ့ ထွက်လာကြတယ်။ လမ်းတလျှောက် ဓါတ်ပုံရိုက်နေကြတာနဲ့ ကန်တပတ်မရောက်ပဲ လေးပုံတပုံလောက်နဲ့ ပြန်လှည့်လာကြတယ်။


ရေခဲမုန့်တွေ့လို့ ဝယ်စားကြတယ်။ ပြီးတာနဲ့ ကားစောင့်ပြီး ကျည်ဆန်ရထားစီးဖို့ ပြန်လာကြတယ်။ မေလမှာ ချယ်ရီတွေနဲ့ သိပ်လှတယ်ဆိုတဲ့ ဒီရေကန်ကို နောက်တခေါက် အရောက်လာဦးမယ်လို့ ပြောမိပေမယ့် ယနေ့ထက်ထိ ထိုင်ဝမ်ကို ပြန်မရောက်နိုင်သေးပဲဖြစ်နေခဲ့ပါတယ်.....

No comments: