22 July 2018

ပျော်ရွှင်ခြင်းလမ်းမ (မပီလန်) ပေါ်မှာ

မနက်ခင်းမြိုဘမြို့လေးက မြူတွေအောက်မှာ၊ မိုးဖွဲလေးတွေ တခါတခါ ကျနေလေရဲ့......



ဟိုတယ်အနောက်က တောင်ပေါ်တက်ပြီး မြို့လေးကိုကြည့်ကြမယ်ဆိုပြီး တက်ကြတယ်။ မိုးရွာထားတဲ့အပြင် ကွန်ကရစ်လမ်းပဲခင်းထားတာမို့ ကျောက်စရစ်ခဲလေးတွေ ရွှံ့နဲ့တွေ့တဲ့အခါ ချော်လဲဖို့ကောင်းလောက်အောင်ကို ချောနေတော့တယ်။  ကုတ်ကပ်တက်သွားကြပြီး အပေါ်ရောက်တဲ့အခါ မြင်ရတဲ့ ရှုခင်းက အတက်ခရီးရဲ့ ပင်ပန်းမှုကို အမောပြေစေပါတယ်။ ရှုခင်းက အတော်ကိုလှပါတယ်။


တောင်တက်လမ်းက ပန်းပင်တွေ၊ သစ်ပင်တွေမှာ တွဲလဲခိုနေတဲ့ နှင်းစက်တွေကို တလျောက်လုံး ဓါတ်ပုံရိုက်နေခဲ့တယ်။

ပြန်ဆင်းလာတဲ့နောက် ဟိုတယ်မှာ မနက်စာစားတယ်။ ခေါက်ဆွဲပြုတ်တပွဲနဲ့ ကော်ဖီမစ်တထုပ်အပြင်ဘာမှ မပါတဲ့ ဟိုတယ်မနက်စာ စားရတယ်။ ဟိုတယ်ဝန်ထမ်း အပေါက်ဆိုးဆိုးနဲ့ ကြုံရတယ်။ မသိရင်သူ့အိမ်ပေါ်တက်ပြီး စားနေတဲ့သူတွေလို စိတ်မရှည်တဲ့ မျက်နှာပေးနဲ့ ဆက်ဆံပါတယ်။





မြိုဘကနေ ထွက်လာပြီး နာမည်ကျော် ပျော်ရွှင်ခြင်းလမ်းမပေါ်ကို ချီတက်ကြတယ်။ မပီလန်လို့ ခေါ်ပြီး အရင်တောင်တက်လမ်းဟာ မတ်စောက်လွန်းတာကြောင့် မြင်းတောင်ဒူးထောက်ပြီး တက်ခဲ့ရတယ်လို့ နာမည်ကျော်တယ်။ ဒီလမ်းမက မြိုဘ နဲ့ ဒုံဘမ်ကြားထဲမှာ ရှိတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေလေးထောင်ကိုးရာကျော်တဲ့ တောင်တွေကြားမှာ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ နယ်ခြားဆက်သွယ်ရေး အဓိက ပို့ဆောင်ရေးလမ်းတခုပဲဖြစ်တယ်။ အရှည်အားဖြင့်တော့ ကီလိုမီတာ ၂၀သာ ရှိပေမယ့် လုပ်သားပေါင်းထောင်ချီရဲ့ သွေးချွေးတွေနဲ့ စတေးပြီး ၁၁လကြာအောင် ဖောက်လုပ်ခဲ့ရပါတယ်။ အဓိက လုပ်သားတွေကတော့ မုန်းလူမျိုးတွေဖြစ်ပြီး တောင်ခါးပန်းမှာ ကြိုးပုခက်တွေနဲ့ ကျောက်တောင်ကို ခက်ခက်ခဲခဲ ဘယ်လိုထွင်းဖောက်ခဲ့ရတယ်ဆိုတာ လမ်းကိုကြည့်တာနဲ့ သိသာစေတယ်။



မိုးအုံ့နေတာမို့ ဓါတ်ပုံကောင်းကောင်း သေချာမရလိုက်ဘူး။ စိတ်ထဲမကျေနပ်ပေမယ့် မတတ်နိုင်ဘူးလေ ရာသီဥတုဆိုတာမျိုးက ထိန်းချုပ်လို့ရတာမျိုးမှ မဟုတ်တာ။ ပျော်ရွှင်ခြင်းလမ်းမတလျှောက် ကားရပ်လိုက် ဓါတ်ပုံရိုက်လိုက်နဲ့ မောင်းလာရင်း ဒုံဘမ်ကိုရောက်တယ်။ ဒုံဘမ်မှာ နေ့လည်စာစားတယ်။ ရိုးရာ ဝက်သားနဲ့ အရွက်ကြော်ကတော့ မွှေးမွှေးလေးနဲ့ စားကောင်းပါပေရဲ့။
ဒုံဘမ်ကနေ ရန့်မင်ကို ပြန်လာကြတယ်။ တောင်ဖြိုနေတဲ့ နေရာအရောက်မှာ ကားရပ်ပြီး ဓါတ်ပုံရိုက်မိတယ်။ လက်ပတောင်းတောင်ကို သွားသတိရမိတဲ့အခါ ခဏငြိမ်သက်သွားမိတယ်။ အသွားတုန်းက နေ့လည်စာစားခဲ့တဲ့ ထမင်းဆိုင်မှာ ပြန်စားတယ်။ ငါးကလေးကြော်နဲ့ မျှစ်ပုဇွန်ကြော်ကို စွဲနေကြပြီလေ။ ဒီည ရန့်မင်မှာ တညအိပ်မယ်....

No comments: