10 July 2018

ဟကျန်းသို့မဟုတ် တောင်တန်းမြေသို့

ဂျပန်ခရီးစဉ်မှာ မလိုက်ရတဲ့ သူတယောက်အတွက် ဒီခရီးစဉ်ကို စီစဉ်ဖြစ်ပါတယ်။ အလုပ်ရယ် မိသားစုရယ် ဖိအားတွေ ပိနေတယ်ဆိုတော့ တောင်တန်းတွေကြည့်ဖို့ စိတ်တွေစိမ်းလန်းဖို့ ရည်ရွယ်တဲ့ ခရီးပဲ ဖြစ်ပါတယ်။

ထုံးစံအတိုင်း သွားနေကျ တိုးလ်ကိုပဲ ယူတယ်။ လေကြောင်းလိုင်းကလည်း ဗီယက်နမ်လေကြောင်းလိုင်းပဲပေါ့။ ဟိုတယ်ကိုလည်း တည်းနေကျ ဟိုတယ်ကိုပဲ တည်းဖြစ်တယ်။ ဟိုတယ်မှာ အခန်းယူတော့ Upgrade လုပ်ပေးပါတယ်။ မိသားစု အခန်းဆိုတော့ တယောက်တည်းသမား အတွက် အခန်းက အကျယ်အလွင့်ကြီး။ ဗီယက်နမ်က သူငယ်ချင်းတယောက် ညစာစားဖို့ လာခေါ်တာနဲ့ Quan An Ngon ဆိုတဲ့ ရိုးရာစားသောက်ဆိုင်ကို သွားစားကြတယ်။ ဗီယက်နမ် တနိုင်ငံလုံးမှာရှိတဲ့ ရိုးရာအစားအသောက်တွေကို စားဖိုဆောင်သေးသေးလေးတွေ အကန့်လိုက်ခွဲပြီး စားချင်တာကို မှာစားရတယ်။ အရသာလည်း ကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်တာမို့ ခရီးသည်တွေအတွက်တော့ ဈေးသင့်တင့်ပါတယ်။ 

ညမိုးချုပ်မှ ရန်ကုန်ကအဖွဲ့တွေက ရောက်ပါတယ်။ သူတို့အတွက် ဘားမြန့်ဆိုတဲ့ အသားညှပ်ပေါင်မုန့် ဝယ်ပေးထားလိုက်တယ်။ သူတို့ရောက်တာနဲ့ အခန်းတံခါးခေါက်ပြီး မုန့်ပေး မနက်ခရီးပြန်ထွက်ဖို့ အနားယူပါလို့ ပြောဖြစ်တယ်။

မနက်တိုးဂိုက် လာခေါ်တဲ့ကားနဲ့ ဟကျန်းခရီးစဉ်ကိုစခဲ့တယ်။ တိုးဂိုက်က အနောက်တိုင်းက ခရီးသည်တွေထင်နေလားမသိဘူး ကျွဲတွေ နွားတွေ စပါးခင်းတွေကို တခုတ်တရပြောလာတယ်။ ကျနော်တို့တွေက မြန်မာပြည်တောပိုင်းကမို့ သူပြောတဲ့အရာတွေကို စိတ်ဝင်တစား မရှိကြဘူး။

ဟကျန်းနဲ့ ဆပါးလမ်းအခွဲမှာ နေ့လည်စာစားကြတယ်။ ငါးသလောက်အိုးကြီးပေါင်းမှာ ဝက်သားသုံးထပ်သားလေးတွေပါ ထည့်ထားတာမို့ ဝက်သားပါထည့်ခိုင်းတယ်။ ငါးချည်းပေါင်းရင် ခြောက်ကပ်ကပ်ဖြစ်နေမှာမို့ သုံးထပ်သားလေးပါ ထည့်ပေါင်းထားတာတဲ့လေ။ 




နေ့လည်စာစားပြီးတာ ဟကျန်းတောင်တန်းတွေသွားတဲ့လမ်းက စတယ်။ ဒီဒေသတခုလုံးကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်တလျောက်ကားလမ်းက ဖောက်ထားတယ်။ ကြိုးတံတားတခုကိုရောက်တော့ မနေနိုင်တော့ပဲ ကားရပ်ခိုင်းပြီး ဓါတ်ပုံဆင်းရိုက်ကြတယ်။ ဓါတ်ပုံရိုက်ချင်ဇောကြီးပြီး တံတားကျိုးကနေ ခြေတဖက်ကျွံကျခဲ့သေးတယ်။ မြစ်ရေဟာ ကြည်လင်စိမ်းမြနေတာပါပဲ။





ကွင်းဘဆိုတဲ့ မြို့အဝင်မှာ နိဗ္ဗါန်တံခါးပေါက်ဆိုတဲ့ တောင်ကြားဝင်ပေါက်ကနေဖြတ်ရတယ်။ ရှုခင်းသာဆိုတဲ့အရပ်ကနေ နတ်သမီး ရင်သားပုံ မို့မောက်နေတဲ့ တောင်နှစ်လုံးနဲ့ ကွင်းဘမြို့ကိုအပေါ်ကနေ စီးကြည့်ကြတယ်။ ပုံပြင်ထဲမှာတော့ နတ်သမီးက လူသားရဲ့ တူရိယာသံမှာ နစ်မျောပြီး လူသားနဲ့ ချစ်ကျွမ်းဝင်ခဲ့တယ်။ အဲ့ဒီအတွက် လူ့ပြည်ကို ဆင်းသက် အိမ်ထောင်ပြုရာက သားလေးတယောက် ထွန်းကားခဲ့သတဲ့။ သားလေးမွေးပြီးမှ နတ်မင်းကြီးက နတ်ပြည်ပြန်လာဖို့ ခေါ်တဲ့အခါ မငြင်းဆန်သာဖြစ်ရတယ်။ သားလေး အာဟာရအတွက် မိမိရဲ့ ရင်သားအစုံကို ဒီနေရာမှာ ထားခဲ့ရာက ဒီတောင်နှစ်လုံးဖြစ်လာခဲ့တယ်။ ဒါကြောင့်လည်း ဒီနေရာတဝိုက်မှာ စိုက်ပျိုးသမျှ သီးနှံဟာအောင်မြင် ဖြစ်ထွန်းတယ်လို့ ဒေသခံတွေသက်ဝင်ယုံကြည်ကြသတဲ့။

ကွင်းဘမြို့လေးမှာ တညအိပ်ပါတယ်။ မိုးလေးတဖွဲဖွဲရွာနေတဲ့ ကြားမှာ ညစာထွက်စားပြီးတာနဲ့ အခန်းကို ပြန်နားကြတယ်....

No comments: