မြန်မာမှာရော စလုံးမှာရော နေခဲ့ဖူးတဲ့ကာလတွေအတွင်း တိုင်ဖုန်းဆိုတာ မသိမထိမရှိခဲ့ဘူး။ နာဂစ်ဖြစ်တဲ့အချိန်မှာ စလုံးကိုရောက်နေခဲ့တာကြောင့်လည်း မုန်တိုင်းဆိုတာ ဂျိုနဲ့လား ဖြစ်နေခဲ့တယ်။ အခုလည်း ဆန်းမွန်းရေကန်ကို ရောက်နေတဲ့ အချိန် ထိုင်ပေမြို့မှာ တိုင်ဖုန်းဝင်နေခဲ့တယ်။ ပြန်လာတဲ့အချိန် မုန်တိုင်းလက်ကျန် မိုးရောလေရောနဲ့ကြုံရတယ်။ ထီးဆောင်းလို့ မရအောင် ပြင်းတဲ့လေနဲ့ ဝှေ့ဝိုက်ရွာချနေတဲ့ မိုးရေတွေ ကြားထဲ အတော်လေးသွားရလာရ ခက်ခဲပါတယ်။ အိပ်တဲ့ အိမ်ရဲ့ မှန်ပြတင်းကို တညလုံး သစ်ကိုင်းတွေ ရိုက်ခတ်နေတဲ့ကြောင့် လက်ကျန်တောင် အတော်လေး ပြင်းထန်နေတာ တကယ့်မုန်တိုင်းသာဆို တော်တော်လေးဆိုးမယ်လို့ တွေးမိတယ်။
နောက်တနေ့မနက် မိုးလေ ကင်းလွတ်သွားပေမယ့် ထိုင်ပေရဲ့ နေရာတော်တော်များများက မုန်တိုင်းအတွက် ပိတ်ထားခဲ့ပါတယ်။ တည်းတဲ့နေရာနားက မြန်မာ့ရွာကိုကျနော်တို့သွားကြတယ်။ ထိုင်ပေမှာ အခြေချနေထိုင်တဲ့ မြန်မာတွေ ဘယ်လောက်များသလဲဆိုတာ အဲ့ဒီလမ်းကိုသွားကြည့်ရင် သိနိုင်တယ်။ မြန်မာအစားအစာတွေလည်း တပုံတပင် လဖက်ရည်ဆိုင်ထိုင်ရင်း မြန်မာပြည်ပြန်ရောက်သွားသလိုလိုပါပဲ။
အမျိုးက အလုပ်ရှိလို့ အိမ်ပြန်သွားပြီး ကျနော်တို့ကတော့ ထိုင်ပေရဲ့ မိုးမျှော်အဆောက်အဦး ၁၀၁ ကိုသွားကြတယ်။ တခြားနေရာတွေ ပိတ်ထားတာမို့ မိုးလေကင်းလွတ်တဲ့ ဒီအဆောက်အဦးထဲကို လည်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အပေါ်ကိုတက်ဖို့အတွက် တန်းစီစောင့်နေတဲ့အချိန်မှာ အောက်ထပ်က ဓါတ်ပုံပြိုင်ပွဲကို ဝင်ကြည့်ကြတယ်။ ရာသီဥတုအမျိုးမျိုးမှာ ရိုက်ထားတဲ့ ဒီနာမည်ကျော် အဆောက်အဦးဟာ ပုံတွေထဲမှာ အတော်လေးလှနေခဲ့ပါတယ်။
ဓါတ်လှေခါးထဲမှာလည်း လူတွေ ပြည့်ကြပ်နေတာပါပဲ။ ဓါတ်လှေခါးတက်သွားတာ ငြိမ့်ငြိမ့်ညောင်းညောင်းပဲ ဒီလောက်အမြင့်ကို တက်သွားပေမယ့် နားအူတာ မရှိအောင် ဆောက်ထားတဲ့ အတတ်ပညာကတော့ အံ့သြစရာပါပဲ။ အပေါ်ထပ်မှာ တိမ်တွေကြားက ထိုင်ပေမြို့ကို ပတ်ချာလည် လိုက်ကြည့်မိတော့တယ်။
နောက်ထပ် ပြပွဲအဖြစ်ပြထားတဲ့ ကျောက်စိမ်းရုပ်ထွင်းအနုပညာနဲ့ ရွှေပန်းထိမ် အနုလက်ရာတွေကို သေချာလိုက်ကြည့်ဖြစ်ကြတယ်။ ပြန်ဆင်းလာတဲ့အခါ ယာမင်ခေါက်ဆွဲစားပြီးနေ့လည်စာကို ပြီးလိုက်ကြတယ်။
ထိုင်ပေမြို့က မိုးတွေရွာနေတုန်းပေါ့...
နောက်နေ့ လေဆိပ်ကို ငှားထားတဲ့ကားနဲ့ ဆင်းလာကြတယ်။ ထိုင်ဝမ်မြေကို နောက်တခေါက် သေချာလာဦးမယ်လို့ အမျိုးကို ပြောခဲ့ပေမယ့် ယနေ့ထက်ထိတော့ ပြန်မရောက်နိုင်သေး.....
No comments:
Post a Comment