22 July 2018

ပျော်ရွှင်ခြင်းလမ်းမ (မပီလန်) ပေါ်မှာ

မနက်ခင်းမြိုဘမြို့လေးက မြူတွေအောက်မှာ၊ မိုးဖွဲလေးတွေ တခါတခါ ကျနေလေရဲ့......



ဟိုတယ်အနောက်က တောင်ပေါ်တက်ပြီး မြို့လေးကိုကြည့်ကြမယ်ဆိုပြီး တက်ကြတယ်။ မိုးရွာထားတဲ့အပြင် ကွန်ကရစ်လမ်းပဲခင်းထားတာမို့ ကျောက်စရစ်ခဲလေးတွေ ရွှံ့နဲ့တွေ့တဲ့အခါ ချော်လဲဖို့ကောင်းလောက်အောင်ကို ချောနေတော့တယ်။  ကုတ်ကပ်တက်သွားကြပြီး အပေါ်ရောက်တဲ့အခါ မြင်ရတဲ့ ရှုခင်းက အတက်ခရီးရဲ့ ပင်ပန်းမှုကို အမောပြေစေပါတယ်။ ရှုခင်းက အတော်ကိုလှပါတယ်။


တောင်တက်လမ်းက ပန်းပင်တွေ၊ သစ်ပင်တွေမှာ တွဲလဲခိုနေတဲ့ နှင်းစက်တွေကို တလျောက်လုံး ဓါတ်ပုံရိုက်နေခဲ့တယ်။

ပြန်ဆင်းလာတဲ့နောက် ဟိုတယ်မှာ မနက်စာစားတယ်။ ခေါက်ဆွဲပြုတ်တပွဲနဲ့ ကော်ဖီမစ်တထုပ်အပြင်ဘာမှ မပါတဲ့ ဟိုတယ်မနက်စာ စားရတယ်။ ဟိုတယ်ဝန်ထမ်း အပေါက်ဆိုးဆိုးနဲ့ ကြုံရတယ်။ မသိရင်သူ့အိမ်ပေါ်တက်ပြီး စားနေတဲ့သူတွေလို စိတ်မရှည်တဲ့ မျက်နှာပေးနဲ့ ဆက်ဆံပါတယ်။





မြိုဘကနေ ထွက်လာပြီး နာမည်ကျော် ပျော်ရွှင်ခြင်းလမ်းမပေါ်ကို ချီတက်ကြတယ်။ မပီလန်လို့ ခေါ်ပြီး အရင်တောင်တက်လမ်းဟာ မတ်စောက်လွန်းတာကြောင့် မြင်းတောင်ဒူးထောက်ပြီး တက်ခဲ့ရတယ်လို့ နာမည်ကျော်တယ်။ ဒီလမ်းမက မြိုဘ နဲ့ ဒုံဘမ်ကြားထဲမှာ ရှိတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေလေးထောင်ကိုးရာကျော်တဲ့ တောင်တွေကြားမှာ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ နယ်ခြားဆက်သွယ်ရေး အဓိက ပို့ဆောင်ရေးလမ်းတခုပဲဖြစ်တယ်။ အရှည်အားဖြင့်တော့ ကီလိုမီတာ ၂၀သာ ရှိပေမယ့် လုပ်သားပေါင်းထောင်ချီရဲ့ သွေးချွေးတွေနဲ့ စတေးပြီး ၁၁လကြာအောင် ဖောက်လုပ်ခဲ့ရပါတယ်။ အဓိက လုပ်သားတွေကတော့ မုန်းလူမျိုးတွေဖြစ်ပြီး တောင်ခါးပန်းမှာ ကြိုးပုခက်တွေနဲ့ ကျောက်တောင်ကို ခက်ခက်ခဲခဲ ဘယ်လိုထွင်းဖောက်ခဲ့ရတယ်ဆိုတာ လမ်းကိုကြည့်တာနဲ့ သိသာစေတယ်။



မိုးအုံ့နေတာမို့ ဓါတ်ပုံကောင်းကောင်း သေချာမရလိုက်ဘူး။ စိတ်ထဲမကျေနပ်ပေမယ့် မတတ်နိုင်ဘူးလေ ရာသီဥတုဆိုတာမျိုးက ထိန်းချုပ်လို့ရတာမျိုးမှ မဟုတ်တာ။ ပျော်ရွှင်ခြင်းလမ်းမတလျှောက် ကားရပ်လိုက် ဓါတ်ပုံရိုက်လိုက်နဲ့ မောင်းလာရင်း ဒုံဘမ်ကိုရောက်တယ်။ ဒုံဘမ်မှာ နေ့လည်စာစားတယ်။ ရိုးရာ ဝက်သားနဲ့ အရွက်ကြော်ကတော့ မွှေးမွှေးလေးနဲ့ စားကောင်းပါပေရဲ့။
ဒုံဘမ်ကနေ ရန့်မင်ကို ပြန်လာကြတယ်။ တောင်ဖြိုနေတဲ့ နေရာအရောက်မှာ ကားရပ်ပြီး ဓါတ်ပုံရိုက်မိတယ်။ လက်ပတောင်းတောင်ကို သွားသတိရမိတဲ့အခါ ခဏငြိမ်သက်သွားမိတယ်။ အသွားတုန်းက နေ့လည်စာစားခဲ့တဲ့ ထမင်းဆိုင်မှာ ပြန်စားတယ်။ ငါးကလေးကြော်နဲ့ မျှစ်ပုဇွန်ကြော်ကို စွဲနေကြပြီလေ။ ဒီည ရန့်မင်မှာ တညအိပ်မယ်....

18 July 2018

လှေကားထစ်မြို့တော် ရန့်မင်


မနက်စာစားဖို့ ခေါက်ဆွဲဆိုင်ကို ပို့ပေးတယ်။ ခေါက်ဆွဲဆိုင် မျက်စောင်းထိုးမှာ ကော်ဖီသောက်တယ်။ 
မက်မုံပွင့်လက်ကျန်ပွင့်တွေကို ဓါတ်ပုံရိုက်နေမိတယ်။





ကွင်းဘဟိုတယ်ကနေ တခါတည်း Check out လုပ်လာပြီး အနားက ရွာငယ်လေးကို ဝင်ပို့တယ်။ ရိုးရာအိမ်တွေဆောက်ပြီး ထိန်းသိမ်းပြသထားတဲ့ ရွာလေးပါ။ ရွာအဝင်နားက ရေကန်မှာ ရေကန်ထဲက အရိပ်ကို ဓါတ်ပုံဆင်းရိုက်တယ်။ ရွာလမ်းမ တလျှောက်ကနေ စပြီး စိုက်ခင်းတွေထဲ၊ ရွာထဲက အိမ်တွေအဆုံး၊ ညက နှင်းကြွင်းတွေနဲ့သစ်ရွက်စိမ်းတွေအထိ ရိုက်ခဲ့ပါတယ်။
ဒေသခံရဲ့ လှိုက်လှဲဖော်ရွေတဲ့ အပြုံးကိုလည်း ကြည့်ပါဦး..


အဲ့ဒီကနေ တောင်ပေါ်လမ်းကို တဖြည်းဖြည်းတက်လာကြတယ်။ တောင်တွေကြား ကွေ့ကာဝှေ့ကာ သွားနေတဲ့ လမ်းက ယိုင်နွဲ့လှပနေတယ်။ တောင်ကြားလမ်းတခုရောက်တော့ ကားကိုရပ်ပြီး ဓါတ်ပုံဆင်းရိုက်တယ်။
ဒေသခံကလေးမတွေ ပန်းခြင်းကိုယ်စီနဲ့ ခရီးသည်တွေ ရိုက်နေတာတွေ့တော့ သူတို့အပြုံးတွေကို လှမ်းဖမ်းရသေးတယ်။
တောင်ကြားအဆင်းတခုမှာတော့ ဒီခရီး ဖြစ်တည်လာတဲ့ နောက်ထပ် အကြောင်းအရင်း ပန်းဂျုံခင်းတွေပေါ့။ အဖြူရောင်နဲ့ ပန်းသွေးဖျော့ဖျော့ ပန်းခင်းတွေကြား ဓါတ်ပုံရိုက်ချင်ခဲ့မိတာ။ ဒီခြံက ပန်းခင်းတွေထဲ ဝင်ဖို့အခယူပြီး စီးပွားရှာတာမို့ စိတ်ရှိလက်ရှိဝင်ရောက်ကြတယ်။ ဓါတ်ပုံရိုက်တဲ့သူတွေ စည်းကမ်းမရှိရင်တော့ ပန်းခင်းပျက်မှာပေါ့။ ပန်းတွေများတာမို့ ဘေးနားခြံက ပျားတွေရယ် လိပ်ပြာတွေရယ်လည်း ဝတ်ရည်တွေစုပ်နေကြတယ်။ ကိုယ့်အကြိုက်ပေါ့လေ.....
ဒီပန်းဂျုံခင်းတွေကြားထဲမှာ အိမ်တော်ရာ ထီးနဲ့ ဓါတ်ပုံရိုက်ချင်တယ်ဆိုတဲ့ ကျနော့ အိပ်မက်ကိုလည်း အကောင်အထည်ဖော်ပေးကြပါတယ်။ ဗီယက်နမ်ရောက် အိမ်တော်ရာထီးပေါ့လေ။
ပန်းခင်းတွေပြီးတော့ မုန်းလူမျိုးတွေကို ခေတ်အဆက်ဆက် အုပ်ချုပ်ကြီးစိုးခဲ့တဲ့ မုန်းဘုရင်ရဲ့ နန်းတော်ကို သွားကြတယ်။ နေပြည်တော်ကို ရွေးချယ်သလိုမျိုး ဒီမုန်းဘုရင်က သူ့ရဲ့နန်းတော်ကို ဗုန်းမကြဲနိုင် ကျည်မထိနိုင်တဲ့ တောင်ကြားထဲမှာ ရွေးချယ်ခဲ့ပြီး ၈နှစ်ကြာအောင် ဆောက်လုပ်ခဲ့ရသတဲ့။ တရုတ်နဲ့ ဗီယက်နမ်က ဗိသုကာ အနုပညာရှင်တွေခေါ်ပြီး ငွေဒင်္ဂါးပေါင်း တသိန်းခွဲတောင် ကုန်ကျခံဆောက်ခဲ့တာလို့သိရတယ်။ ဒီလောက်ချမ်းသာအောင် ဘာတွေများ လုပ်ခဲ့လဲဆိုတော့ ဘိန်းမှောင်ခိုဘုရင်ဖြစ်ပြီး ကိုယ်ပိုင်လက်နက်ကိုင်တပ်နဲ့ ရွှေတြိဂံနယ်မြေက ဘိန်းတွေကို အဓိကဖြန့်ဖြူးသိုလှောင်သူပါပဲ။ ဘယ်လောက်ခမ်းခမ်းနားနားနေသလဲဆိုရင် ဆိတ်နို့နဲ့ရေချိုးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒီနေရာမှာ 555 စီးကရက်ကို မပြတ်တမ်းသောက်နိုင်သူတယောက်ဆိုတော့ တကယ့် ဘုရင်ခေါ်ထိုက်သူဘုရင်အစစ်ပါပဲ....

နန်းတော်ကနေမှ ရဲ့မင်ဆိုတဲ့ မြို့ကိုသွားကြတယ်။ ရှုခင်းသာဆိုတဲ့ နေရာမှာ လှေခါးထစ်လယ်ကွင်းတွေကို ကြည့်ဖို့ တာဝါကိုသွားကြတယ်။ မိုးရွာထားလို့ မြေပြိုနေတဲ့ နေရာကနေ ခဲရာခဲဆစ်တက်ခဲ့ရတယ်။ လှေခါးထစ်တွေဆုံးတော့ တာဝါ အဆောက်အအုံမြင့်ကို ထပ်တက်ကြပြန်တယ်။ စိမ်းတချီဝါတလှည့် စိုက်ခင်းတွေက တောင်တန်းတွေနဲ့ ကောင်းကင်အောက်မှာ ကြည့်မဆုံးအောင်ပါပဲ။ ဒီရှုခင်းကို မြင်ချင်လို့ ဒီခရီးကို လာခဲ့တာပဲ မဟုတ်လား....
တောင်ပေါ်အဆင်းမှာ မြွေတွေလားဆိုပြီး ကြည့်မိတဲ့ အကောင်တွေ....

ရန့်မင်မှာ ညစားပြီး မြိုဘကိုဆက်သွားကြတယ်။ မြိုဘမှာညအိပ်ပါတယ်။ တည်းရတဲ့ ဟိုတယ်က ကြီးကျယ်ခမ်းနားသလိုလိုပါပဲ။ ညဖက် ညဈေးကိုလျှောက်ရင်း ဟော့ပေါ့ညစာကျွေးပါတယ်။ နှစ်သစ်ကူးချိန်မို့ မိသားစုလုပ်ဖော်ကိုင်ဖက်တွေ သောက်စားပျော်ပါးနေကြတယ်။ မြူးကြွစေတဲ့ အရက်တွေသောက်ထားပြီးတာမို့ အရှိန်တွေတက်ပြီး ရိုးရာသီချင်းတွေ အော်ဟစ်သီဆိုပျော်ရွှင်နေကြလေရဲ့...