တကယ်တမ်း ဒီပို့စ်ကို ရေးဖို့လုပ်ရင်း (၂၀၁၅ကအဆက်ပါ၊ ၂၀၁၈မှပဲ အဆုံးသတ်တော့တယ် :P) တခြားခရီးသွားပို့စ်တွေရေးနေမိခဲ့တယ်။ မြကျွန်းညိုညို တက္ကသိုလ်အရိပ်အစစ်နဲ့ ဝေးခဲ့သူတယောက်မို့ ရေးဖို့လက်တွေနောက်တွန့်နေခဲ့တာပဲဖြစ်ပါတယ်။ ကျနော့သူငယ်ချင်း ခေါ်သွားတဲ့ ကျောင်းကတော့ Assumption University ဆိုတဲ့ Private university ပါပဲ.
ကျောင်းရဲ့ နောက်ခံကတော့ ခရစ်ယာန်ဘာသာရေးနဲ့ ဆက်နွယ်နေတာမို့ ကျောင်းမှာ ဘာသာရေး အရိပ်အယောင်တွေနဲ့ ပြည့်နေပါတယ်။ ကျောင်းရဲ့ နောက်ခံသမိုင်းကို ကျောင်းကလူတွေရေးရင် ပိုပြီးပြည့်စုံမှာဖြစ်လို့ကျနော် မရေးတော့ပါဘူး။
ပထမဆုံးသွားတဲ့နေရာက Hua Mak Campus ပါ။ ဒီကျောင်းကို ၁၉၈၅မတ်လမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ကျောင်းပရဝုဏ်ကို လျှောက်ကြည့်ဖြစ်ပါတယ်။ ဘုရားကျောင်းဆောင်ကို ကောပေါ့. အကြိုက်ဆုံးကတော့ လျှောက်လမ်းပါပဲ။
ကျောင်းကို တပတ်ပြည့်တဲ့အခါ အသစ်ဖွင့်ထားတဲ့ Suvarnabhumi Campus ကိုသွားမလားလို့ သူငယ်ချင်းက မေးတယ်။ အနောက်နိုင်ငံပုံစံအတိုင်းဆောက်ထားတဲ့ အဆောက်အဦးတွေလို့ ပြောတဲ့အခါ ဓါတ်ပုံရိုက်ချင်စိတ်ကြောင့် သွားကြမယ်လို့ပြောဖြစ်တယ်။ ကျောင်းနှစ်ခုကြားဆွဲပေးတဲ့ ဘတ်စ်ကားတွေက ကျောင်းပိတ်ထားတဲ့အတွက် နည်းနည်းပဲဆွဲတယ်။ ဒါနဲ့ ကျနော်တို့လိုပဲ စောင့်နေတဲ့ကျောင်းသားတွေကို စပ်ပြီး တက္ကစီငှားစီးကြမယ် လုပ်ကြတယ်။ တကယ်တမ်း ကားခကို ကျနော်ပဲ ပေးခဲ့လိုက်ပါတယ်။
ကျောင်းအသစ်က အရှိန်အဝါကြီးလွန်းပါတယ်။ လမ်းကနေ ကျောင်းထဲကို ဝင်တဲ့လမ်းတလျှောက် ကျနော့မှာ ပါးစပ်အဟောင်းသားနဲ့.....
ကျောင်းရဲ့ ပင်မအဆောက်အအုံကို ကျောင်းသားမဟုတ်လို့ ဝင်ခွင့်မရခဲ့ပါဘူး။ အရပ်လေးမျက်နှာရှိတာမို့ဝင်ခွင့်ရတဲ့ အရပ်မျက်နှာတချို့မှာ ဓါတ်ပုံရိုက်ပါတယ်။
ကျောင်းရဲ့ ဘုရားကျောင်းကိုလည်း တခုတ်တရဓါတ်ပုံရိုက်ခဲ့တယ်။
ကျောင်းကနေထွက်လာတဲ့အခါ တလောလေးက ကျနော့ကိုငယ်ငယ်က သင်္ချာသင်ပေးတဲ့ ဆရာလင်မယားနှစ်ယောက်ရဲ့ သမီးကိုအကြံဥာဏ်ပေးခဲ့တာလေး မှန်တယ်ဆိုတာ ပိုသေချာလာခဲ့တယ်။ ဆရာမကတော့ သူ့သမီးကို မသွားစေချင်လို့တားခိုင်းခဲ့တာ။ AIT မှာ ကျောင်းရလို့ Master တက်မယ်ဆိုတဲ့ သမီးကို တားစေချင်တာတဲ့။ အိမ်လာပြီး မင်းညီမကို ပြောပေးပါဦးဆိုတော့ ဟုတ်ကဲ့ပေါ့..
တကယ်တမ်း ကျနော်က သမီးတက်သာတက် အားမငယ်နဲ့ ဒီအသက်အရွယ်ငယ်တုန်းမှာ ပညာရှာ အတွေ့အကြုံတွေဆည်းပူး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်မယ့် အင်ဂျင်နီယာလောင်းတွေ ဖြစ်အောင်လုပ်လို့ ပြောရင်း၊ အကယ်၍ ကျနော့အကူအညီများ လိုခဲ့ရင် ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်၊ မေးလ်၊ လိပ်စာတွေပါ ပေးခဲ့တယ်။
ဆရာမကတော့ တဖြစ်တောက်တောက်နဲ့ပေါ့လေ။ သမီးအရွယ်ငယ်ငယ်ကို နိုင်ငံရပ်ခြားမှာ မလွှတ်ချင်ဘူး။ ကလေးတွေရဲ့ အတောင်အလက်ကို ဖြန့်ခွင့်ပေးလိုက်ပါ ဆရာမရယ်ဆိုတော့ ကျနော့ကိုပဲ မြှောက်ပေးသူအဖြစ် ဆူတာပေါ့လေ.
သူများနိုင်ငံရဲ့ မြကျွန်းညိုညိုမှာ တက်ခဲ့ရတဲ့ ကလေးတယောက်အတွက် ကျနော် အဆူခံရလည်း ဒီအပြုအမူအတွက် ကျေနပ်ခဲ့ပါတယ်လေ..........
No comments:
Post a Comment