30 October 2014

ချမ်းယဉ်ကျေးမှု၊ ဟွေအမ်းမြို့ဟောင်း

 အရင်ရက်တွေက မိုးမရွာတာ ကံကောင်းတယ်လို့ ပြောရမလိုပါပဲ။ မိုးရေတွေထဲက ဟွေးကို ကြည့်ရတာ လွမ်းစရာအပြည့်။



ဟွေးကနေ နောက်တမြို့ ဟွေအမ်းကို သွားတယ်။ ဒါနံကို ပြန်ဖြတ်ရတာမို့ သွားတဲ့လမ်းမှာ ချမ်းလူမျိုးတွေရဲ့ ယဉ်ကျေးမှု ပြတိုက်ကို ဝင်ပါတယ်။ ချမ်းလူမျိုးတွေကို ကျနော့စိတ်ထဲတော့ ဟိန္ဒူလူမျိုးတွေလို့ပဲ မှတ်တယ်။ ရေအိုး၊ အဝတ်အစား၊ အသုံးအဆောင်တွေက အစ တူတယ်။ နောက်ထပ်တူတာ ရှိသေးတာကို မွိုင်ဆမ်းဆိုတဲ့ အရပ်မှာ ပိုသိလာရတယ်။
 
ပြတိုက်အဆောက်အဦးကို ပြင်သစ်ပုံစံ ဆောက်လုပ်ထားပြီး ၁၉၀၂ခုနှစ်ကနေ နောက်ထပ်နှစ်ကြိမ်တိုင်တိုင် တိုးချဲ့ ပြုပြင်ထားတာမို့ ရိုးရိုးရှင်းရှင်းနဲ့ လှပတဲ့အဆောက်အဦးပါ။ စုဆောင်းထားတဲ့ ချမ်းလူမျိုးတွေရဲ့ ယဉ်ကျေးမှု အစုစုဟာ ခမ်းနားကြီးကျယ်ပြီး အဆင့်မြင့်မားတဲ့ လူမျိုးစုတခုဖြစ်ကြောင်း ကောင်းကောင်းသက်သေပြလို့နေတယ်။



ချမ်းကချေသည်ဟန်


ဟိန္ဒူရိုးရာ ဂရုဒါ ငှက်ရုပ်





ဘာသာယဉ်ကျေးမှုတွေနဲ့အတူ အနုသုခုမပညာပါ တိုးတက်ထွန်းကားတဲ့ လူမျိုးစုကြီး တစုလို့ ဆိုတာ မငြင်းနိုင်တဲ့ သက်သေတွေပါပဲ။



ပြတိုက်ကနေထွက်လာတဲ့အခါ မာဘယ်လ်ကျောက်တွေကို ထုလုပ်တဲ့ လုပ်ငန်းကို ပို့ပါတယ်။ ကျောက်သားဖြူဖြူ အရုပ်တွေရယ်၊ တခြားတခြားသော ရောင်စုံ အရုပ်တွေနဲ့ ကျောက်ထုတဲ့ လုပ်ငန်းကလည်း စိတ်ဝင်စားစရာပါပဲ။ ဟွေအမ်းကို ရောက်တဲ့အခါ မိုးက တဖွဲဖွဲရွာနေပြီ။ ဟိုတယ်က သုံးနာရီမှ ဝင်ရမှာဖြစ်ပြီး နေ့လည်စာကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်စားဖို့ပါ။ စေ့စပ်သေချာတဲ့ ဂိုက်က ကျနော့ကျောပိုးအိတ်ကို ကာဖို့ မိုးကာပလတ်စတစ်ထုတ်ပေးပါတယ်။ ပြီးတော့ သူနဲ့ အတူ ထမင်းလိုက်စားမလားလို့ ဖိတ်တော့ အားရဝမ်းသာ လိုက်တာပေါ့။ သူထင်ထားတာ ကိန်းကြီးခမ်းကြီး ထမင်းဆိုင်မှာမှ စားတတ်မယ်လို့ ထင်တာကိုး။ ဒေသခံတွေနဲ့အတူတူ နာမည်ကြီး ကြက်ဆီထမင်းဆိုင်မှာ လိုက်စားတော့ သူလည်း အတော်လေး ပေါ့ပေါ့ပါးပါးဖြစ်သွားတယ်။




























စားသောက်ပြီးတဲ့အခါ ပိုးချည်မျှင် ထုတ်လုပ်ငန်းနဲ့ ရိုးရာယဉ်ကျေးမှု ဖျော်ဖြေတဲ့နေရာကို လိုက်ပို့တယ်။ ပိုးကောင်လေးတွေကနေ စလို့ ပိုးချည်မျှင်ဆွဲထုတ်တာအပြင် ရက်လုပ်တာအဆုံး အဆင့်ဆင့်ကို စနစ်တကျရှင်းပြပေးတယ်။ မေ့အတွက် ပိုးပုဝါအစိမ်းလေးတထည်ဆွဲခဲ့လိုက်တယ်။ ဆိပ်ကမ်းမြို့ဖြစ်တာမို့ တံငါသည်နဲ့ ကညာပျိုအကလိုမျိုးကို ဟာသဆန်ဆန်တင်ဆက်တာ တွေ့ရတယ်။ အိမ်လို အဆောက်အဦးထဲမှာပဲ တူရိယာတွေနဲ့ ခင်းကျင်းပြသထားတာပါ။
ဟိုတယ်ကို လိုက်ပို့ပြီးတဲ့အခါ ကားသမားရော ဂိုက်ရော ဒါနံကို ပြန်အိပ်ကြတယ်။ ညပိုင်းအစီအစဉ်ကတော့ ကျနော့ဖာသာ ကျုပ်ကျက်လိဖို့ပါ။ ဟိုတယ်အခန်းက အရမ်းကို ကျယ်လွန်းတယ်။ တကယ့်ကို ကျယ်လွန်းတယ်။

ဟိုတယ်က မြေပုံစာရွက်ကို ကိုင်ပြီး လျှောက်သွားတယ်။ မီးတွေထွန်းထားတာ သီတင်းကျွတ်လိုလို၊ တန်ဆောင်တိုင်လိုလို။ မီးပုံတွေ ကိုယ်တိုင်လုပ်ပြီး ရောင်းတဲ့မြို့မို့ ညပိုင်း အိမ်တိုင်းဆိုင်တိုင်းဟာ မီးပုံးကိုယ်စီနဲ့ ညခင်းဟာ လှပလို့နေတယ်။
ဒါတင်ပဲလားဆိုတော့ မြစ်ထဲကိုပါ မီးမျှောပွဲလုပ်ကြသေးတာ။ မီးမျှောဖို့ စက္ကူခွက်လေးတွေနဲ့ ရောင်းနေတဲ့ ကလေးလေးဆီမီးခွက်တွေ အားပေးရင်း သူ့ကိုပါ ဓါတ်ပုံရိုက်ဖြစ်ခဲ့တယ်။
ညနေစာ မစားချင်တာမို့ ကော်ဖီဆိုင်မှာ မုန့်တခု၊ ကော်ဖီတခွက်နဲ့ ငြိမ်းချမ်းလိုက်တာ။ အေးလာပြီဆိုတော့မှ ဟိုတယ်ပြန်ဖို့ကို သတိရတယ်။ လမ်းတွေ မှတ်မိသလိုလိုနဲ့ မမှတ်မိပြန်ဘူး။ လက်ထဲကမြေပုံကို ကိုင်ပြီး လျှောက်နေရင်း စိတ်ထဲမှာ ဝေးသည်ထက် ဝေးလာတယ်လို့ ထင်တယ်။ ခေါက်ဆွဲဆိုင်သိမ်းနေတဲ့ ဒေသခံနှစ်ယောက်ကို ဟိုတယ်လိပ်စာပြပြီးမေးတဲ့အခါ အမျိုးသားလုပ်သူက သူစက်ဘီးနဲ့ လိုက်ပို့ပေးမယ်လို့ ပြောတယ်။ ဟာ အတော်ဟုတ်ပါလားပေါ့ တယ်လည်း ကူညီတတ်ကြတဲ့ လူမျိုးပဲလို့။ မင်းတို့ အလုပ်ပြတ်နေလိမ့်မယ့်လို့ ပြောတဲ့အခါ ရတယ် ရတယ်တဲ့ မင်းဆယ်ဒေါ်လာပဲပေးဆိုပြီး ပြောပါလေရော။ စိတ်ထဲ မျက်ခနဲ ဖြစ်သွားပြီး နေ,နေ လို့ ငါလမ်းလျှောက်နိုင်ပါတယ်လို့။

စိတ်တိုတိုနဲ့ ဟိုတယ်ကို ကိုယ့်ဖာသာ မရောက်ရောက်အောင် လျှောက်မယ်ဆိုပြီး သူတို့နေရာကနေ ထွက်လာခဲ့လိုက်တယ်....
 







 

28 October 2014

ရေမွှေးမြစ်၊ သိမ်းမွေ၊ အန်ကယ်ဟို ပြီးတော့ နှစ်သစ်ကူးည

ကွေးကွေးလေးနဲ့ နှပ်နေတာ အတော်တောင်ကြာလို့ စာဖတ်သူတွေတောင် ဒီခရီးစဉ်ကို မေ့လောက်ရောပေါ့။ သွားခဲ့တဲ့ခရီးတွေကို ရေးတဲ့အခါ ဓါတ်ပုံတွေစုရ၊ အကြောင်းအရာတွေကို ပြန်ဖတ်၊ ခရီးစဉ်တွေကို ပြန်စဉ်းစားရနဲ့ အတော်လေး နှောင့်နှေးစေတယ်။ စိတ်မအား လူမအား ဖြစ်ရတဲ့အခါ ခရီးသွားအကြောင်းအရာတွေကို တော်တော်နဲ့ ပြန်မကိုင်ဖြစ်လို့ပါ…






ဟွေးရဲ့ နောက်ဆုံးနေ့မှာတော့ နာမည်ကျော် ရေမွှေးမြစ်ထဲမှာ သင်္ဘောစီးခြင်းပေါ့။ ဂိုက်နဲ့အတူ သင်္ဘောဆိပ်ကိုဆင်းတယ်။ မြန်မာပြည်နဲ့ အတော်လေးဆင်ပါတယ်။ ကျနော်တို့ မကွေး-အထက်မင်းလှ သင်္ဘောခရီးစဉ်ကို ပြန်သတိရစေတယ်။ 


သင်္ဘောခရီးစဉ်တလျှောက် မြစ်ထဲက ဘေးဘယ်ညာကို ဓါတ်ပုံတွေ ရိုက်တယ်။ တိုးဂိုက်က အသံတခုပြုတဲ့အခါမှ နောက်ကို လှည့်ကြည့်မိတယ်။ သင်္ဘောပိုင်ရှင်ရဲ့ ကလေးဟာ ပန်းချီကားလေးတွေနဲ့ ကျနော့ကို စျေးရောင်းချင်လို့ စောင့်နေရှာတယ်။ ကျောင်းတက်သလားလို့ မေးတော့ တက်တယ်တဲ့။ ဒါဆို သူတို့ပညာရေး မဆိုးလှဘူးပေါ့။




မြစ်ထဲမှာ ငါးမျှားသူ၊ ခေါင်းလျှော်သူ၊ လှေလှော်သူတွေကို ဓါတ်ပုံ ရိုက်ဖြစ်ခဲ့တယ်။



ဗီယက်နမ်မှာ အမြင့်ဆုံး ဘာသာရေး အဆောက်အအုံအဖြစ် ရှိနေဆဲ သိမ်းမွေ ဗုဒ္̕ဓဘာသာ ဘုရားကျောင်းဟာ ရေမွှေးမြစ်ရဲ့ မြောက်ဖက်ကမ်းဦးမှာ ရှိတယ်။ မြစ်ထဲကနေ မြင့်မားတဲ့ အဆောက်အဦးကို မြင်နေရပြီ။ ကမ်းနဖူးက ဘုရားဟာ အရပ်ရပ်က ခရီးသွားတို့ လှမ်းမျှှော်ဖူးချင့်စဖွယ်။ 


၁၆၀၁ခုနှစ်မှာ ပထမဆုံးသောငုယင်ဘုရင်တည်ခဲ့တာ ဖြစ်ပြီး နတ်သမီး ဒါမှမဟုတ် နတ်ဘုရား တပါးက အဲ့ဒီမြေနေရာမှာ ဘုရားတည်ဖို့ တိုက်တွန်းခဲ့တယ်။ တိုက်တွန်းပြီးတာနဲ့ နတ်သမီးဟာ မျက်စိရှေ့တင်ကနေ ချက်ချင်းကွယ်ပျောက်သွားခဲ့တယ်လို့ ယုံကြည်ခဲ့ကြတယ်။


စတည်ကာစက ရိုးရှင်းစွာ ဆောက်လုပ်ထားပေမယ့် နောက်ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှုတွေနဲ့ ယနေ့မြင်ရတဲ့ ဘုရားကျောင်းပုံစံဖြစ်နေခဲ့ပါပြီ။ တိုးဂိုက်က မြစ်ကမ်းကို ကပ်ပြီးဆောက်ထားတဲ့ စည်းရိုးဘောင်ပေါ်ကနေ ရေမွှေးမြစ်ကို ဓါတ်ပုံရိုက်ဖို့၊ ထင်းရှူးပင်ကြီးတွေနဲ့ ပဏာရနေတဲ့ ဘုရားကျောင်းကို ဓါတ်ပုံရိုက်ဖို့ တဖွဖွပြောနေလေရဲ့။

ကျောင်းဝန်းတနံတလျားကိုလည်း လျှောက်ကြည့်ဖို့ တိုက်တွန်းတာမို့ တိုက်တဲ့လေနုအေးကို ရှူရှိုက်ရင်း ကျောင်းဝန်းအနှံ့ လျှှောက်ကြည့်နေတုန်းမှာ ကားတစင်းကိုသွားတွေ့တယ်။ အဲ့ဒီကားရဲ့ နောက်ခံဇာတ်လမ်းဟာ ကြက်သီးထဖွယ်စရာ ကောင်းတဲ့ အဖြစ်အပျက်ကိုပါ တွေ့လိုက်ရတယ်။

ကားပိုင်ရှင်က သင့်ကွမ်ဒပ် လို့ ဘွဲ့ရတဲ့ ရဟန်းတပါးရဲ့ကားပါ။ အဲ့ဒီကားကို ဒီဘုရားမှာ သိမ်းထားတာဖြစ်ပြီး အဆိုပါ ရဟန်းရဲ့ နာမည်ကျော်ဓါတ်ပုံကို ကျနော် ဟိုတယ်ရောက်မှ အင်တာနက်ထဲမှာ ရှာကြည့်ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်ကာလ ဗီယက်နမ် နိုင်ငံရဲ့ ဘာသာရေး အချေအတင်ဖြစ်ကြရာကနေ ဒီရဟန်းက သူ့ဘာသာသာသနာအတွက် ဓါတ်ဆီငါးဂါလန်ပုံးကို ကိုယ်ပေါ်လောင်းကာ မီးရှို့ဆန္ဒပြခဲ့လိုပါပဲ။ သင်္ကန်းတွေ အသားတွေ တဖြည်းဖြည်းလောင်ကျွမ်းနေတဲ့အထဲကနေ ကြာပန်းပုံ ဝတ်ပြုလျက် သူရဲ့ ဓါတ်ပုံဟာ ကမ္ဘာတလွှားမှာ အတော်ကို ကျော်ကြားသွားခဲ့တယ်။ တကိုယ်လုံးလောင်ကျွမ်းသွားသည့်တိုင် လှုပ်ခြင်း ရုန်းကန်ခြင်း ငိုညည်းခြင်းမရှိတဲ့ သူ့အဖြစ်အပျက်က အားလုံးကို တုန်လှုပ်သွားစေခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအဖြစ်အပျက်ကို ဂိုက်က အတိုချုံးပြောသွားပြီး နောက်မှ သေချာရှာဖတ်ခဲ့တာပါ။ ကျောင်းဝန်းတလျှောက် တိတ်ဆိတ်ငြိမ်သက်မှုကတော့ အံ့သြစရာကောင်းလှပါတယ်။

အပြန်ကိုတော့ မြစ်ကြောင်းနဲ့ မဟုတ်ပဲ ကားနဲ့လာခေါ်ပါတယ်။ နေ့လည်စာစားသောက်ပြီးတဲ့အခါ ညနေဖက်မှာ လျှောက်လည်ဖို့ ဆိုက်ကလိုလို့ခေါ်တဲ့ ဆိုက္ကားဆရာနဲ့ ချိတ်ပေးပါတယ်။ ဆိုက်ကလိုဆရာက ညနေ ခြောက်နာရီ ဟိုတယ်ရှေ့မှာ စောင့်နေမှာဖြစ်ပြီး ကျနော်သွားချင်တဲ့ နေရာတွေကို မောင်းပို့ပေးဖို့ ဂိုက်က ပြောပေးရှာတယ်။



ရေမိုးချိုး ညနေ ခြောက်နာရီ မှောင်ရီပျိုးချိန်မှာ ဆိုက်ကလိုဆရာနဲ့ ဟွေးညနေခင်း ခရီးကိုဆက်ခဲ့တယ်။ အဓိက ရိုက်ချင်တာ ခရမ်းရောင်နန်းတော်ရဲ့ ညခင်းမီးထွန်းချိန်ပါ။ ဒါပေမယ့် နန်းတော်ကြီးကို အမှောင်ချထားတာမို့ အခွင့်မသာခဲ့ဘူး။



ရိုးရာအိမ်ဆိုတဲ့နေရာလေးတွေ လိုက်ပို့ပေးတယ်။ စျေးရောင်းဖို့ ဦးတည်ထားတဲ့ နေရာတွေဆို ဝေးဝေးရှောင်တာမို့ ခပ်ကြာကြာမနေဖြစ်ခဲ့ဘူး။





အားလုံးထဲကမှ အန်ကယ်ဟိုရဲ့ အိမ်အဟောင်းကို ပိုပြီး စိတ်ဝင်စားပါတယ်။ အန်ကယ်ဟိုဟာ ဟွေးမှာ ကျောင်းတက်ခဲ့ပြီး တော်လှန်ရေး စိတ်ဓါတ်တွေ အဲ့ဒီအရပ်ကနေ စတင်မွေးဖွားခဲ့တယ်လို့ ဆိုနိုင်တယ်။ အန်ကယ်ဟိုရဲ့ ရိုးစင်းလှတဲ့ ကျေးလက်အိမ်ကလေးကို ဓါတ်ပုံအမှတ်တရ အမှောင်ထဲကနေ မဖြစ်ဖြစ်အောင် ရိုက်ခဲ့ပါတယ်။

အပြန်လမ်းမှာတော့ နာမည်ကျော် ဖိုလို့ခေါ်တဲ့ ဗီယက်နမ်ခေါက်ဆွဲကို ဆိုက်ကလိုဆရာ အကူအညီနဲ့ လမ်းဘေးက ဆိုင်မှာ စားဖြစ်ခဲ့တယ်။ ဒေသခံတွေ တော်တော်များများ စားနေကြတာ အားရစရာ။ ခေါက်ဆွဲနဲ့တင် မရပ်သေးပဲ ဘဲတွေ အကောင်လိုက်ကင်နေတာကို တခြမ်းမြည်းဖို့ ဝယ်တာ စလုံးလေးကျပ်လောက်ပဲ ပေးရတာ။ မကုန်ဘူးဗျာ အရှုံးပေးခဲ့ရတယ်။







အဲ့ဒီညက နှစ်သစ်ကူးညမို့ တမြို့လုံး လူတွေဟာ အပြင်မှာချည်းထင်တယ်။ ပြင်သစ်တွေ ဆောက်ခဲ့တဲ့ တံတားကို မီးရောင်တွေပြောင်းပြီး အလှဆင်ထားတယ်။ တံတားဒီဖက်ကထိပ်ကနေ ဟိုဖက်ထိပ်ကို ပြီးအောင်လျှောက်တယ်။ ဓါတ်ပုံရိုက်တယ်။ ခဏလောက်နေတော့ ဟိုတယ်ကို ပြန်လျှောက်လာခဲ့တယ်.

ဟိုတယ်ပြန်ရောက်တာနဲ့ နောက်နေ့ တခြားမြို့တခုကို ခရီးဆက်မှာမို့ ခရီးဆောင်အိတ်ပြန်စီရတယ်။ မနက်စောစောပြန်ထွက်ဖို့အတွက် စောစောအိပ်လိုက်တာပဲ ကောင်းပါတယ်။

 မနက်ခင်း ဟွေးမြို့က မိုးတဖွဲဖွဲကျပြီး နှုတ်ဆက်နေခဲ့ပြီ။ နောင်တချိန် ပြန်တွေ့ကြဦးစို့လို့………..

25 October 2014

ကြာပန်းပမာ လန်းဖြာစေလို



ကြာပန်းတို့၏အရှင်.... ပန်းတို့ပမာ များမကြာ လန်းဖြာစေလိုသည်
ဝေဒနာတို့ ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ လျှောကျပျောက်ကင်းစေလိုပါသည်

21 October 2014

မှေးမှိန်ဖျော့တော့လာသည့်နောက်

လိုက်ကာကို ဖယ်၍ ပြတင်းတံခါးကနေ ကြည့်နေမိသည်။ တံခါးချပ်တို့ လေတိုးသည့်အတိုင်း လှုပ်ယမ်းနေသည်ကို ကျော်ပြီး ကြည့်သည်။ ဝေးသွားသော အရာတခုက ဘယ်တော့မှ ပြန်နီးလာနိုင်တော့မည် မဟုတ်…

တောက်ပသော အရောင်တခု မြင်ခဲ့ဖူးသော ရက်တို့ကို တွေးမိသည်။ တောက်ပခြင်းကို နှစ်လိုစွာ ငေးခဲ့ဖူးသည်မှာ အတိအကျ။ အရောင်တို့ ကူးစက်လာသယောင် ခံစားမိတိုင်း သူ ကျနော့ကို အကျွမ်းဝင်လာသည်ဟု ယုံကြည်မိသည်။ တကယ်တမ်းက အရောင်တွေ ကူးစက်မလွယ်သော ကျနော့အဖြစ်ကို မေ့လျော့သူမှာ ကျနော်ဖြစ်နေခဲ့သည်။

ထိုအခါ တောက်ပခြင်းက ကျနော့အဖြစ်ကို သိသည်ဟု ကျနော်က ထင်နေခဲ့သည်။ တောက်ပခြင်းက ကျနော့ကို ချည်နှောင်လိုသည်ကိုလည်း တဖြည်းဖြည်းနှင့် သိလာခဲ့သည်။ သူချည်နှောင်လိုသော အရာက ကျနော့အတောင်တွေဖြစ်နေတာတော့ မကောင်းပါ။

သူနဲ့ ပတ်သက်၍ ဘယ်အရာကိုမှ ချုပ်ကိုင်မထားလိုခဲ့။ သူလင်းလာသော အချိန်မှာကျနော်က အဆင်သင့်ဖြစ်နေခဲ့သော ကျနော့စိတ်ကိုပဲ ငြိုငြင်နေခဲ့ပါသည်။ ညကြီးအချိန်မတော် သူလင်းလာသောအခါ အိပ်ရေးပျက်ခြင်းကိုပင် မသိကျိုးကျွန်ခဲ့သည်အထိ။ ထိုသို့ မသိကျိုးကျွန်ခဲ့သည်မှာ ကျနော် တယောက်တည်း မဟုတ်ခဲ့ပြန်။

တောက်ပခြင်းဖြင့် ရင်းနှီးခဲ့ပြီဟု စိတ်ထဲက ရှိသောအခါ ယိမ်းယိုင်နေသော စိတ်ကို တည့်မတ်ရန် ခဲယဉ်းစပြုလာသည်။ အမှီအတွယ်မဲ့ ရပ်နေခဲ့သော်လည်း အလင်းတစဖြင့် ထောက်ကူပြုလိုသည်။ ဘယ်သူ့ကိုမှ မျှဝေခြင်းမရှိခဲ့သော ကိုယ့်အစိတ်အပိုင်းများကို မျှဝေချင်လာသည်။ သို့သော် ထိုအစိတ်အပိုင်းများသည် ပူသည်အေးသည်ကို ကိုယ်တိုင်က ထည့်မတွက်ခဲ့ပါ။

တောက်ပခြင်း၏ အရိပ်ကိုသာမြင်ခဲ့ရသည်ကိုလည်း ဘယ်တော့မှ မမေ့ခဲ့။ သူ၏ အရိပ်တွေက အရောင်တွေစုံလှသည်လေ။ အရိပ်စစ်ကိုပင် ပြခဲလှသော သူ့ကို အပြစ်တင်ချင်သော်လည်း နားလည်နိုင်ခဲ့သော ကိုယ့်ကိုကိုယ်ပင် အပြစ်တင်သင့်သည် မဟုတ်ပါလား။

လင်းလိုသည့်အခါ လင်း၍ မှောင်လိုသည့်အခါ မှောင်သွားသည့် ထိုတောက်ပခြင်းကို ကျနော် နားလည်ရန် တဖြည်းဖြည်း ခက်လာပြီဖြစ်သည်။ လူသားဆန်သော ကျနော့အတွက် ကျနော် အလင်းကို အလိုရှိလျက် မရနိုင်ပါသော အလိုမကျခြင်းတွေသာ လက်ဝယ်တွင် ရှိသည်။ အားနာတတ်သော၊ သူများကို အနှောက်အယှက်မပေးလိုသော ကျနော့အတွက် ငြိမ်သက်နေခြင်းသည်သာ အားထုတ်မှုဖြစ်ခဲ့သည်။

တောက်ပခြင်းက ကျနော့ကို နားမလည်သလို၊ ကျနော်ကလည်း တောက်ပခြင်းကို နားမလည်ခဲ့သည်မှာ အသေအချာ။ ကျနော် စနစ်တကျ ထုတ်ပိုးသိမ်းဆည်းခဲ့သည်မှာ ပျော်ရွှင်ခြင်း နှစ်လိုခြင်းများဖြစ်၍ အချိန်မရွေး ကျနော်ဖွင့်ကြည့်တတ်သည်။ ထိုသို့သော နေ့က ဆိုသော အကြောင်းအရာတို့ဖြင့် ကျနော့ပျော်ရွှင်ခြင်းအိပ်မက်ကို တဖြည်းဖြည်း နိုးထ အသက်ဝင်စေခဲ့သည်။ ကျနော်တတ်နိုင်သည်က သည်မျှသာ.

ပြတင်းပေါက်က ငေးကြည့်နေရင်း မိုးစက်တို့ထိတွေ့လာသည်။ မည်းမှောင်သော အာကာပြင်တခုသက်သက်ကိုပဲ ကျနော် မြင်တွေ့နေရသည်။ မိုးစက်တို့ စိပ်လာသောခါ မျက်နှာပြင်တခုလုံး အေးစက် စိုရွှဲလာချေပြီ။ ကျနော် ပြတင်းပေါက်ကို ပိတ်မထားလိုပါ….

တကယ်တမ်း တောက်ပခြင်းကတော့……………..

14 October 2014

လွဲမှားခြင်းဒိုင်ယာရီ

ကျနော်က ခရီးသွားရတာကို နှစ်သက်တယ်။ ခရီးမထွက်ခင် ကျနော် သွားမယ့် နေရာတွေရဲ့ အချက်အလက်တွေ၊ ပြီးတော့ ကျနော် ယူဆောင်သွားမယ့် အရာတွေ စသည်စသည်ကို စီကာစဉ်ကာ အမြဲလုပ်တတ်ပါတယ်။ အဲ့ဒီလောက် စီစဉ်ပေမယ့် လွဲမှားသွားတဲ့ အကြောင်းအရာလေးတခုက အခု ဒီစာဖြစ်ဖို့ တွန်းအားပေးနေခဲ့ပါရောလား….

လောလောလတ်လတ်ပြီးခဲ့တဲ့ ရုံးပိတ်ရက်က ကျနော် ခရီးထွက်ခဲ့တယ်။ ကျနော်နဲ့ သူငယ်ချင်း နှစ်ယောက်အပါအဝင်ပေါ့။ လေဆိပ်ကို ဘယ်လိုဆင်းမယ်၊ ဆုံမှတ်နေရာ အချိန်တွေက အစကျနော်တို့ တိုင်ပင်ထားပြီးသား။ ဒါပေမယ့် သူငယ်ချင်းတယောက်က သူ့ကိုယ်ရေးကိုယ်တာ တခုကြောင့် နောက်ကျခဲ့တာကလွဲရင် ကျနော်တို့ အတော်လေး အဆင်ပြေတယ်။

ဗိုက်ဆာတတ်တဲ့ ခရီးသွားတယောက်ပါလာတာ အတော်လေးတော့ ရီရပါတယ်။ လေဆိပ်မှာ မနက်စာမကျ နေ့လည်စာမရောက်စားခဲ့ပြီးပေမယ့် လေယာဉ် လေထဲတက်တာနဲ့ ဗိုက်ဆာတယ်လို့ အသံထွက်လာပါတော့တယ်။ သွားတဲ့လေကြောင်းလိုင်းက ဖျော်ရည်တွေတိုက်တဲ့လှည်းထွက်လာတဲ့ အခါ ဟယ်ထမင်းမကျွေးဖူးလားလို့ တအံ့တသြမေးလာတဲ့သူ့ကို ကျနော်တို့တွေက စနောက်ရင်း တချိန်လုံးသူ့ခမျာ ဗိုက်ဆာဆာနဲ့ စောင့်ရရှာတယ်။ မျှော်လင့်တကြီးတော့ စောင့်ဟန်မတူပါဘူး အိပ်ပြီးတော့ စောင့်ရှာတာပါ။

တကယ်ထမင်းကြော်နဲ့ ပုဇွန်ကွေးကွေးချစ်စရာလေးတွေကို မြင်ရတဲ့အခါ သူမျက်နှာလည်း လဝန်းကြီးလိုသာ ပါတော့တယ်။ စားသောက်ပြီးတဲ့အခါ ငြိမ်ပြီးပြန်အိပ်သွားပါရော။

လေဆိပ်ကို သတ်မှတ်ထားတဲ့အချိန်အတိုင်း ဆိုက်ရောက်ပြီး အရာရာဟာ ချောမွေ့ဆဲ။ သက်ဆိုင်ရာ လူဝင်မှုကိုဖြတ်အပြီး ကျနော်တို့ ခရီးဆောင်အိတ်တွေ ယူရမယ့်နေရာကနေ စောင့်နေပေမယ့် တအိတ်မှ ထွက်မလာပါဘူး။ အိတ်မပါတဲ့ သူငယ်ချင်းကို လူဝင်မှုကနေထွက်တဲ့ အပေါက်ဝနားမှာ စောင့်နေခိုင်းတာမို့ သူလည်း တမျှော်မျှော်စောင့်နေရာကနေ ကျနော်တို့ အိတ်ထုတ်တဲ့နေရာကို ရောက်လာတဲ့အထိ အိတ်တွေက ထွက်မလာသေး။

နောက်တော့ အိတ်ယူရမယ့် နေရာကို ပြောင်းသွားတာတွေ့လိုက်တာမို့ ကျနော်တို့တွေ နောက်ကြောင်းပြန်လျှောက်ကြတယ်။ လည်နေတဲ့အိတ်တွေထဲမှာ ကျနော်တို့ အိတ်တွေကို တွေ့လိုက်ရပြီ။ သူငယ်ချင်းအိတ်ကို ချပြီး ကျနော့အိတ်ကိုချတဲ့အခါ ချလိုက်တဲ့အိတ်က သော့မပါတာကို ချက်ချင်းသတိထားမိတာမို့ လေကြောင်းလိုင်းက ကပ်ပေးတဲ့ စတစ်ကာကို ကြည့်ပြန်တယ်။ ကျနော့နာမည် မဟုတ်ပါ။ ပြန်တင်ပေးလိုက်ရင်း စိတ်ထဲမှာ လေးလံမှုကို တပြိုင်နက်ခံစားလိုက်ရတယ်။

လည်နေတဲ့အိတ်တွေ လျော့သွားပေမယ့် အဲ့ဒီအိတ်ဟာ ပိုင်ရှင်မဲ့နေတုန်း။ သေချာပြီဆိုတဲ့ သတိပေးချက်က စိတ်ထဲမှာ လင်းထိန်လို့။ နောက်ဆုံး တခြားလေယာဉ်ရဲ့ အိတ်တွေ ထွက်လာတဲ့အခါ သူတို့ရဲ့ Lost & Found ကို အကြောင်းကြားဖို့ ခြေလှမ်းပြင်လိုက်ပါတော့တယ်။

ထုံးစံအတိုင်း စစ်ဆေးမေးမြန်းမှုများနဲ့ လိုအပ်တဲ့ စာရွက်စာတမ်း၊ မှတ်တမ်း တွေယူအပြီးမှာ ကျနော်နားမလည်တဲ့ ဘာသာစကားတွေနဲ့ သူတို့ အပြန်အလှန်တွေပြောကြတယ်။ ဘယ်လောက်ထိစောင့်ရဦးမယ်မသိတာမို့ အပြင်ဖက်မှာ လာကြိုတဲ့ ကားကို သူငယ်ချင်းနှစ်ယောက်က ထွက်ပြီး ပြောနှင့်နေကြပြီ။ နောက်ဆုံးအချိန်ထိ သူတို့က ကျန်နေတဲ့အိတ်ဟာ ကျနော့အိတ်မဟုတ်ပါဘူးဆိုတာ သေချာပါသလားလို့ တယောက်ပြီး တယောက်လာမေးနေကြတုန်း။

ထပ်ခါထပ်ခါပြောနေလက်စနဲ့ မနက်ဖြန်မနက်အစောကြီး ခရီးထပ်ထွက်မှာမို့ ဒီညနေ အိတ်ရမှဖြစ်မှာဆိုတာကိုပါ ထည့်ရွတ်ပေးနေမိတယ်။ မပူပါနဲ့ လေကြောင်းကနေ ဒီနေ့ညနေ ဆက်သွယ်လာပါလိမ့်မယ်လို့ပဲဖြေတယ်။ ကြိုတဲ့ကားဆီထွက်လာပေမယ့် စိတ်ကတော့ လေဆိပ်မှာ ကပ်ပြီး ကျန်နေရစ်ခဲ့ပါတယ်။

ဒီလေဆိပ်မှာ အခုလို ကသောင်းကနင်းဖြစ်တာ ဒါ ဒုတိယအကြိမ်ပါ။ ပထမအကြိမ်က ကျနော့ပိုက်ဆံအိတ်တခုလုံး လာပို့တဲ့ ကားထဲမှာ ကျန်နေရစ်ခဲ့တာ။ လေကြောင်းလိုင်းကို Check_in ဝင်ရင် မှတ်ပုံတင်ကဒ်လိုတာမို့ ကဒ်တွေအားလုံးကလည်းပိုက်ဆံအိတ်ထဲမှာ၊ ဘယ်ပြေးရမှန်းမသိဖြစ်နေတဲ့ ကိုယ့်ကိုကိုယ် ပြန်တွေးကြည့်ရင် အတော်လေး သနားစရာ။

လေဆိပ်ထဲက အင်ဖော်မေးရှင်း ကောင်တာကနေ ဟိုတယ်ကိုဆက်၊ ဟိုတယ်ကနေ ကားသမားကိုဆက်ပြီး ကားထဲမှာ ကျန်နေခဲ့တယ်၊ ကားသမားလာပြန်ပေးနေပြီ ကောင်တာဘေးမှာ စောင့်နေပါလို့ အသံကြားရတဲ့အခိုက်ဟာ လှိုက်ခနဲ ပျော်သွားတယ်။ ရိုးသားတဲ့ကားသမားကိုကျေးဇူးတင်ပါတယ်။

တော်ရုံတန်ရုံ ကျနော်က လွဲခဲပါတယ်။ ဒါပေမယ့် ကျနော့မှာလည်း အလွဲတွေရှိတယ်။ အဲ့ဒီအလွဲတွေက ဒိုင်ယာရီထဲမှာ အများကြီး။ တချို့ကိုတော့ မှတ်မိရဲ့။ တချို့ကတော့ မေ့ကျန်ရစ်ခဲ့ပြီ။ အခုအလွဲလေးကိုတော့ မမေ့ခင်လေး အမှတ်တရ တို့ထားချင်တာ သက်သက်ပါ….

စာကြွင်း။ ။အိတ်မှားတဲ့သူက ဟိုတယ်ကို သူကိုယ်တိုင်လာပေးပါတယ်။ အိတ်က သော့ကိုဖျက်ထားတာကလွဲရင် ပစ္စည်းအားလုံး ပြန်ရတယ်။ အပြန်ခရီးမှာ သူနဲ့ တချိန်တည်းဖြစ်နေတာမို့ သူ့ကို ကျနော့အိတ်မှာ သော့ချိတ်ထားကြောင်း ပြတော့ လိုက်ပို့တဲ့ သူ့အမေက သူ့သားအိတ်မှာ နာမည်တွေ ပတ်ပတ်လည် ရေးထားလိုက်ပြီဆိုတာ ကျနော့ကို ပြန်ပြရင်း ကျနော်တို့ အားလုံး အတူတူ ရယ်ဖြစ်ကြတယ်။