05 November 2013

အိုင်ဟိုး၊ ပါဒါဒကယ်၊ ဘာဒါမီနဲ့ ဟူဘလီ







ဟိုတယ်ကို ပြန်ရောက်တဲ့ ညနေကတည်းက အိပ်လိုက်တာ နောက်နေ့မနက် မိုးစင်စင်လင်းတော့မှပဲ နိုးတော့တယ်။ ဟိုတယ်က မနက်စာကို စားပြီးချိန်မှာ ကားလာကြိုမယ့် အချိန် နာရီဝက်သာ ကျန်တော့တယ်။

သူငယ်ချင်းကတော့ ကားစထွက်ကတည်းက ပြန်အိပ်နေတော့တယ်။ ကျနော်က အိပ်မပျော်မယ့်အတူတူ လမ်းဘေးဝဲယာကိုပဲ ငေးမောလို့။ နေကြာခင်းတွေ အများကြီးတွေ့တယ်။ မနက်ခင်းမှာ နေကြာခင်းတွေဟာ လှပလို့။ လမ်းတလျှောက် နွားတွေ ဆိတ်တွေကို ဒီအတိုင်းလွှတ်ပေးထားတာမို့ ကားကို ရပ်ရပ်ပေးရတာမို့ ခရီးမတွင်ပါ။ နွားကျောင်းသူ၊ ဆိတ်ကျောင်းသူများဟာ ကားလမ်းမကို ကိုယ်ပိုင်လမ်းမလို စိတ်အေးလက်အေးရှိလှပါတော့တယ်။

၁၂၅ကီလိုမီတာ ခရီးကို နှစ်နာရီကျော်လောက် မောင်းအပြီးမှာ အိုင်ဟိုးကိုရောက်တယ်။ အိုင်ဟိုးဟာ ချလုကျ အင်ပိုင်ယာခေတ်က ထင်ရှားခဲ့တဲ့ မြို့တော်။ အခုတော့ စေတီပေါင်း ၁၂၅ခုနဲ့ ရွာကြီးသာသာအဖြစ်သာ ကျန်တော့တယ်။ တကယ်က အိုင်ဟိုးမှာ တညအိပ်လောက်နေပြီး အေးအေးဆေးဆေး နှံ့စပ်အောင် ကြည့်ချင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ခရီးစဉ်အရ ဒွာဂ စေတီအဖွဲ့ကိုသာ ကြည့်ခွင့်ရခဲ့တယ်။
















































 












































































































































































































ဒွာဂစေတီနဲ့သူ့ဝန်းကျင်က စေတီတွေကို လေ့လာကြည့်ရင် အနုစိတ်တဲ့ အနုပညာ အရုပ်တွေကို နံရံတွေ တိုင်တွေ စေတီပတ်ပတ်လည်မှာ ထွင်းထုထားတာကို မြင်ရမယ်။ ဒီစေတီများဟာ ဟိန္ဒူစေတီများဖြစ်ပြီး ရာစုခုနှစ်ရာစု သို့မဟုတ် ရှစ်ရာစုက တည်ခဲ့တာလို့ ယူဆရတယ်။ ဗုဒ္ဓဘာသာနှစ်ထပ်ကျောင်းတစ်ခုရှိပြီး တောင်ပေါ်အမြင့်မှာမို့ လှမ်းကြည့်ရုံပဲတတ်နိုင်တော့တယ်။ ဂျိမ်းစေတီတခုကိုလည်း တွေ့ရှိရတာမို့ ကိုးကွယ်တဲ့ဘာသာဟာ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာအပြင် ဂျိမ်းဘာသာ စတင်ထွန်းကားနေပြီပဲဖြစ်တယ်။ တချို့စေတီများဟာ လူနေအိမ်ခြေများဖြင့် ရောထွေးနေခဲ့ပြီဖြစ်တယ်။














































































































































































































































အိုင်ဟိုးကနေ နောက်တနေရာဖြစ်တဲ့ ပါဒါဒကယ်ကို သွားတယ်။ ပါဒါဒကယ်ဟာ အိုင်ဟိုးကနေ ဆယ်ကီလိုမီတာလောက်အကွာမှာ ရှိပြီး မိနစ်နှစ်ဆယ်ကျော်လောက် မောင်းခဲ့ရပါတယ်။ ပါဒါဒကယ်ဟာ ချလုကျမင်းရဲ့ နန်းသိမ်းပွဲခံရာ နေရာဖြစ်တယ်။ နဂါရနဲ့ ဒွါဝီဒီယမ်လူမျိုးတို့ရဲ့ ပုံစံများကို ရောစပ်ထားတဲ့ ပါဒါဒကယ်ဟာ အနုပညာများရဲ့ သမမျှတ ရောစပ်ရာနေရာတခုပါ။ ချလုကျမင်းဆက်ရဲ့ တတိယနန်းစိုက်ရာ ပါဒါဒကယ်ဟာ ယူနက်စကို ရဲ့ ထိန်းသိမ်းမှုအောက်မှာ လက်ရာမပျက်လှပလျက်တည်ရှိနေတာကိုတွေ့ရပါလိမ့်မယ်။



နောက်တခုကတော့ ဂူဘုရားတွေနဲ့ နာမည်ကျော်တဲ့ ဘာဒါမီကိုဦးတည်တယ်။ ဘာဒါမီကို ရောက်ခါနီးလေ ဗိုက်က ဆာလေဖြစ်နေပြီ။ ထမင်းဆိုင် ကောင်းကောင်းမရှိပေမယ့် သလီထမင်းရတဲ့ ဆိုင်ကိုလိုက်ပို့ပေးတယ်။ ထမင်းတွေ အကုန် ကုန်သွားတဲ့အပြင် စမိုင်ကို နောက်တပန်းကန်ပါ ထပ်တောင်းမိတဲ့ ကျနော့ကို သူငယ်ချင်း မျက်လုံးပြူးပြီးကြည့်နေလေရဲ့။




















































ဘာဒါမီဟာ ချလုကျမင်းတို့ရဲ့ ဒုတိယနန်းစိုက်ရာ မြို့ဖြစ်ပါတယ်။ အိုင်ဟိုးနဲ့ ပါဒါဒကယ်ရဲ့ တူညီမှုရှိတဲ့ စေတီတွေကို ကြည့်ပြီး ပျင်းရိငြီးငွေ့နေမှုဟာ ဘာဒါမီမှာ စိတ်ကိုပြန်ပြောင်းသွားစေခဲ့တယ်။ နီရဲနေတဲ့ တောင်ရဲ့ နံရံထဲမှာ ဂူစေတီတွေတည်ထားတာပဲ။ 








































































































ထင်ရှားတဲ့ ဂူလေးခုရှိပြီး ပထမဂူသုံးခုဟာ ဟိန္ဒူဘာသာဖြစ်ပြီး ဂူနံရံမျက်နှာကျက်များရဲ့ ထုဆစ်ထားပုံရ ခေတ်ရဲ့ ထွန်းကားမှုဟာ အတော်လေးကို တိုးတက်စည်ပင်ခဲ့တယ်လို့ တထစ်ချပြောလိုက်နိုင်တယ်။






















နောက်ဆုံးဂူကတော့ ဂျိမ်းဘာသာပဲဖြစ်ပါတယ်။ ကျောက်သားနံရံတွေကို ထွင်းထုတဲ့ အတတ်ပညာဟာ ဂျိမ်းဘာသာဝင်တွေဆီကနေ ဆင့်ပွားယူတာလို့လည်း သိရပြန်တယ်။ ကျနော်တို့မုံရွာက ရွှေဘတောင်ကို သွားပြီး အမှတ်ရမိတယ်။ အခုလိုလေး စနစ်တကျ ထိန်းသိမ်းပြီး ပြရင် ဘယ်လောက်ကောင်းလိုက်မလဲလို့။

ဘာဒါမီက တောင်ပေါ်မှာ မျောက်တွေရှိပြီး၊ ဖိုးဝင်တောင်တို့ ပုပ္ပါးတို့သွားသလို အစာလိုက်တောင်းတာမျိုး၊ ပစ္စည်းလုတာမျိုးအထိ ဆိုးတဲ့ မျောက်တွေပဲဖြစ်ပါတယ်။ မိန်းကလေးတွေက ကြောက်တတ်တော့ သူတို့ကခြောက်၊ သူတို့ကခြောက်တော့ မိန်းကလေးတွေကအော်နဲ့ တောင်ပေါ်မှာ ရုတ်ရုတ်သဲသဲဖြစ်သွားပါသေးတယ်။ ကလေးမလေးရဲ့ ပိုက်ဆံအိတ်ကလေးကို လုပြီး ထွက်ပြေးသွားတာမို့ ဆိုးတယ်လို့ သေချာပေါက်ပြောရဲပါတယ်။

ဘာဒါမီကထွက်လာတဲ့အခါ ကျနော်တို့ရဲ့ နောက်ဦးတည်ရာက အိန္ဒိယရဲ့ သုခဘုံ ဂိုဝဆိုတဲ့ နေရာပါ။ သူငယ်ချင်းက ဂိုဝကို နီးတယ်လို့ တွက်ဆထားပေမယ့် ကားသမားက ဂိုဝကို ညဖက်မောင်းဖို့ မလွယ်ဘူး ဝေးလံလွန်းတဲ့အကြောင်းပြောတာမို့ ကျနော်တို့ ဟူဘလီဆိုတဲ့ မြို့ကြီးမှာ ခရီးတထောက်နားဖြစ်ပါတော့တယ်။

အပန်းဖြေကမ်းခြေ၊ စိုက်ပျိုးရေးထွန်းကားတဲ့ အိန္ဒိယရဲ့ အချမ်းသာဆုံးပြည်နယ် ဂိုဝကို ကျနော်တို့ သွားကြည့်ကြမယ်လေ...

No comments: