11 November 2013

စိမ်းလန်းသာယာသောမြေ ဂိုဝ (၁)


ဟူဘလီရောက်တော့ ဟိုတယ် ရှာရခက်သွားတယ်။ Hari Raya ပွဲတော်ရက်မို့ ဟူဘလီမြို့က ဟိုတယ်တွေမှာ နေရာလပ်မကျန်တော့။ ကံကောင်းထောက်မစွာ ဟိုတယ်တခုကို ချိတ်မိလေရဲ့။ အဲ့ဒီဟိုတယ်က ဘတ်ဂျက်အဲလိုင်း စီးရသလိုပါပဲ အရာအားလုံးကို ပိုက်ဆံပေးရမယ်ချည်း လိုက်တောင်းနေတော့တယ်။ တညတလေပဲမို့ စိတ်လျှော့ပြီး အဲ့ဒီဟိုတယ်မှာပဲ တည်းလိုက်ကြတယ်။

မနက်ငါးနာရီမှာ ဟိုတယ်ကနေထွက်ဖို့လုပ်ကြတယ်။ နေမထွက်ခင် ကျနော်တို့ လမ်းပေါ်ရောက်နေပြီ။ ငါးနာရီကျော်လောက်မောင်းရမှာမို့ ကားဆရာကတော့ အေးအေးဆေးဆေး နားနားနေနေ ဖို့ပြောပေမယ့် ကျနော်က ကားပေါ်မှာ မအိပ်တတ်ဘူးဖြစ်နေတယ်။





ခြောက်သွေ့တဲ့နေရာကနေ ဝေးဝေးလာလိုက်တာ တဖြည်းဖြည်းနဲ့ စိမ်းစိမ်းစိုစိုတွေကို မြင်လာရသလို ချမ်းစိမ့်စိမ့် ရာသီဥတုကို ထိတွေ့လာရပြီ။ နှစ်လမ်းသွားကားလမ်းဟာ ကတ္တရာအပြည့်နဲ့ ဖြောင့်ဖြူးနေတာမို့ ချင်းပြည်သွားတဲ့ အသိတယောက်ရဲ့ ပုံတွေကို သွားအမှတ်ရတယ်။ ကျနော်တို့ မြန်မာပြည်မှာ အခုလို လမ်းလေးတောင် မရှိတဲ့ အရပ်တွေ ယနေ့ထက်ထိ ရှိနေတုန်းပါလား...













စိုက်ခင်းစိမ်းစိမ်းတွေကို မြင်တဲ့အခါ ကားဆရာကို ခဏရပ်ခိုင်းတယ် ကျနော် တပုံနှစ်ပုံလောက် ရိုက်ချင်မိတယ်။ တောင်တွေကို ပတ်ပြီး လမ်းတွေဖောက်ထားတာမို့ လမ်းတလျှောက် ကားတချို့ မှောက်နေတာတွေ့တယ်။ မှောက်နေတယ်ဆိုတာ တချို့က ဇောက်ထိုးမိုးမျှော်၊ တချို့က လမ်းဘေးသစ်ပင်မှာတိုးလို့။ ကားဆရာက ဒီလမ်းကို ညဖက် မောင်းရင် အခုလိုမျိုး အန ္တရာယ်တွေနဲ့ ကြုံတတ်လို့ မသွားစေချင်တာပါလို့ ရှင်းပြတယ်။ တလမ်းလုံး အခုလိုမျိုး ကားခြောက်စီး မှောက်ထားတာကို တွေ့တာမို့ သူ့စေတနာက မှန်နေတယ်။



ပြည်နယ်တခုနဲ့ တခု အကူးမှာ တခြားပြည်နယ်က ကားတွေဟာ မောင်းနှင်ခွင့် အခွန်ဆောင်ရတယ်။ အိန္ဒိယဟာ မြန်မာပြည်နဲ့ အဲ့ဒီအပိုင်းမှာတူတယ်။ တကယ်တမ်းပိုက်ဆံပေးပြီး စာရွက်တခုမှာ တုံးထုလိုက်ရင် အဲ့ဒီအမှုဟာ ချက်ချင်းပြီးတယ်။ ပထမ မီးမလာလို့ သူတို့ ကွန်ပြူတာတွေ ဖွင့်မရတာနဲ့ စောင့်ရတယ်။ နောက်တခါ မီးလာတော့ လုပ်မယ့်သူက မီးပျက်တုန်း အပြင်ထွက်သွားတာမို့ သူပြန်လာတာကို စောင့်ရပြန်တယ်။

ဘာပဲဖြစ်ဖြစ် ဂိုဝမြေကို ခြေချမိကြပြီ။ ဂိုဝဟာ သမိုင်းရှိတဲ့ပြည်နယ်ပဲ။ အိန္ဒိယရဲ့ ပထမဆုံး လူနေထိုင်တဲ့ နေရာလို့ ဂူနံရံပန်းချီတွေက ပြဆိုကြတယ်။ ပေါ်တူဂီလက်အောက် ကျရောက်ဖူးတာမို့ ဂိုဝမြို့အဟောင်းဖက်မှာတော့ ပေါ်တူဂီ ဘုရားကျောင်းတွေကျန်ရစ်ခဲ့တယ်။ ဘုရားကျောင်းတွေဟာ တကယ့်ကို အကြီးကြီးဆိုမှ အကြီးကြီးတွေ။











































































ပထမဆုံး Se Cathedral ဆိုတဲ့ ကျောင်းကို မြင်ရတယ်။ ကောင်းကင်ပြာရယ် မြက်ခင်းစိမ်းနဲ့ ကျောင်းရဲ့ အဖြူရောင် အဆောက်အအုံဟာ တိမ်တွေနဲ့အတူ လွင့်လို့နေတယ်။  ကျောင်းထဲကို ရောက်တဲ့အခါ အသက်ရှူဖို့တောင် မေ့လျော့နေမိတယ်။ ကင်မရာက ခလုတ်တွေကို နှိပ်ပေမယ့် စိတ်ထဲက အားမရဘူး။ ဧည့်သည်တွေဟာ ပြည့်နှက်နေတာမို့ ကျနော်လိုချင်တဲ့ ပုံမရဘူးဖြစ်နေတယ်။ ကြီးကျယ်ခမ်းနားတဲ့ ဘုရားကျောင်းပါပဲ။













သူ့ဝန်းထဲမှာ ရှိနေတဲ့ တခြား ဘုရားကျောင်းငယ်လေးကလည်း စိတ်ဝင်စားစရာ။ အဖြူရောင် အဆောက်အအုံကြီးအနားမှာ ဂဝံကျောက်တွေနဲ့ သီးသန့်တည်နေတယ်။ ငြိမ်သက်နေတဲ့ ကျောင်းအငွေ့အသက်ဟာ ဧည့်သည်တွေကို ကောင်းကောင်းဖမ်းစားထားနိုင်ခဲ့တယ်။






















Se Cathedral ရဲ့ လမ်းတဖက်မှာ Baslica of Bom Jesus ဘုရားကျောင်းရှိနေတယ်။



 ပြီးတော့ ကျောင်းထဲမှာ စိန့်ဖရွန့်ဆက်ဇာဗီရေရဲ့ ရုပ်ကလာပ်ရှိနေတယ်။ ခမ်းနားကြီးကျယ်တဲ့ မိသားစုက ဆင်းသက်လာသူဖြစ်ပေမယ့် သာသနာပြုဖို့ အာရှဒေသမှာပဲ သူ့ဘဝကိုမြုပ်နှံခဲ့တဲ့ ဇာဗီရေဟာ သူ့ကိုကိုးကွယ်သူများအားလုံးရဲ့ စံပြအားကိုးရာပါ..

































ဘုရားကျောင်းဝင်းထဲမှာရှိတဲ့ အလှအပတွေဟာ ဒီကျောင်းကြီးရဲ့ ကြီးကျယ်ခမ်းနားမှုကို ဖော်ညွှန်းနေကြလေရဲ့....

ဘုရားကျောင်းတွေသွားဖို့ ကျနော်တို့ အစီအစဉ်ထဲမှာ မပါပေမယ့် ကားဆရာက သဘောကောင်းစွာလိုက်ပို့ခဲ့ပါတယ်။ ဘုရားကျောင်းတွေကို ကြည့်ပြီးတဲ့အခါ ကျနော်တို့ တည်းရမယ့် ဟိုတယ်ကို လိုက်ပို့ပါတယ်။ ဟိုတယ်က မြို့သစ်ရဲ့ တဖက်ကမ်းမှာ။

ဟိုတယ်မှာ အထုပ်တွေချပြီး ရေမိုးချိုးပြီးတဲ့အခါ နေ့လည်စာ မစားရသေးတာမို့ ဗိုက်ကဟာနေပြီ။ ဒါပေမယ့် ကမ်းခြေကိုသွားကြည့်ဖို့ဆိုပြီး လိုက်ရှာကြပြန်တယ်။ ကမ်းခြေနဲ့ ဆန့်ကျင်ဖက် မြို့ထဲကိုပြောင်းပြန်လျှောက်နေတာမို့ နောက်တခေါက်ပြန်လျှောက်ကြရပြန်တယ်။ လှပသာယာတဲ့ ကမ်းခြေကိုတွေ့တဲ့အခါ  ဗိုက်ဆာတာတောင် မေ့သွားတော့တာ။




ကမ်းခြေက အပြန်မှာ မြို့ထဲကိုလည်ဖို့ ဆိုင်ကယ်နဲ့သွားမယ်ဆိုပြီး ဆိုင်ကယ်ငှားဖို့ လိုက်ရှာတယ်။ ဆိုင်ကယ်ငှားတဲ့သူတွေက နေ့ဝက်မငှားဘူး တစ်ရက်ဒါမှမဟုတ် နှစ််ရက်ငှားမှ ဖြစ်မယ်ဆိုတော့ မဖြစ်ပြန်ဘူး။ ဒါနဲ့ တုပ်တုပ်လေးကိုပဲငှားကြည့်တယ်။ မြို့ဖက်ကမ်းမှာ လျှောက်သွားနေတဲ့အချိန်တွေ စောင့်ခပေးရမယ်ဆိုတော့ တွက်ချေမကိုက်ပြန်ဘူး။ နောက်တော့ ကားဆရာကပဲ ဖယ်ရီစီးပြီးသွားလို့ရတယ်လို့ နတ်လမ်းညွှန်လုပ်တာမို့ ဖယ်ရီဆီကိုပဲ လိုက်ပို့ရုံနဲ့ စျေးတည့်သွားတယ်။




















ဖယ်ရီစီးခက ပေးစရာမလိုပါဘူး။ ဖယ်ရီပေါ်တင်တဲ့ ဆိုင်ကယ်တွေ၊ ကားတွေသာ အခပေးရတာ။ ဖယ်ရီပေါ်ကနေ ဂိုဝဒေသခံတွေကို ဓါတ်ပုံရိုက်ကြည့်မိနေတယ်....


ဟိုတဖက်ကမ်းမှာ ကျနော်တို့ အေးအေးဆေးဆေး လည်ကြတာပေါ့...

No comments: