08 January 2010

မနေ့က အိပ်မက်မက်တယ်

တကယ် မနေ့က အိပ်မက် မက်ပါတယ်…….

အရမ်းနက်မှောင် ရှည်လျားတဲ့ ချောက်တစ်ခုထဲကို အတင်းထိုးဆင်းနေတဲ့ ကိုယ့်ကိုကိုယ် မြင်မက်မိတယ်။ ချစ်သူ ခင်သူ မုန်းသူ အားလုံးက ဆွဲမိဆွဲရာ လှမ်းတားကြလေရဲ့….

ချောက်ကမ်းပါးတွေနဲ့ ပွတ်တိုက် ကွာကျသမျှဟာ ဂုဏ်သိက္ခာဆိုတာတွေတဲ့လေ။ အေးမြတဲ့လေ အလျဉ်ကို အံတုပြီး ဆင်းရတာမို့ ကိုယ်ခန္ဓာမှာ အစင်းအစင်းတွေ ဖြစ်ကုန်တယ်။ ပဲ့ပါသွားသမျှတွေက ကိုယ်ကျင့်တရားတွေ ဖြစ်နေတာမို့ ဒီအစင်းတွေ ဘယ်တော့မှ ပျောက်တော့မှာ မဟုတ်ပါဘူး။

နာကျင်တယ်ဆိုပြီး မှီရာတစ်ခုခုကို ဖက်တွယ်ဖို့ မကြိုးစားသူမှာလည်း ကိုယ်ကိုတိုင်ပဲမို့ အံ့သြတကြီးဖြစ်ရတယ်။ ရုပ်ရှင်တစ်ခုကို ကြည့်ရသလို အားမလိုအားမရ ဖြစ်တာမို့ ဟေ့ကောင် ဆွဲလိုက်ပါတော့လား လွှဲလိုက်ပါတော့လားလို့ အော်ပြောချင်ပေမယ့် အသံတစ်ခုမှ ထွက်မလာခဲ့ဘူးတဲ့။

ရှည်လျား လွန်းတဲ့ ဒီချောက်ကမ်းပါးထဲကို ဘယ်လိုကနေ ဘယ်လို ရောက်နေတယ် မသိတတ်နိုင်ပေမယ့် သေချာတာတစ်ခုကတော့ ဘယ်သူ့ ပယောဂမှမပါဘဲ နှစ်နှစ်ခြိုက်ခြိုက် ဒီချောက်ထဲကို ခုန်ဆင်းနေခဲ့တယ်ဆိုတာပါပဲ။

ချောက်အောက်အခြေက စွဲထားတဲ့ အရာတွေက အနားနီးလာလေ လှည့်ပြန်ပါတော့လေလို့ အော်ကြတယ်။ အရင်လို သူမတူတဲ့ အပြုံးတွေနဲ့ ဆင်းနေတဲ့သူက ဟင့်အင်းလို့ တောက်လျှောက် ပြန်ငြင်းနေခဲ့တာ။

သုံးချိုးနှစ်ချိုး ကျော်လာတော့ ကိုယ့်နာမည်အပါအ၀င် ပိုင်ဆိုင်သမျှအရာတွေ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ကုန်ကြတယ်။ နောင်တဆိုတဲ့ အရာကို မတွေ့ မထိ မသိနိုင်တော့လောာက်အောင် တကယ့် ထုံပေပေ လူတစ်ယောက်ဖြစ်နေပြန်တယ်။

ဝုန်းခနဲ မြည်သံနဲ့ အောက်ကို အကျမှာတော့ ကျနော့ မှာ ဘာဆိုဘာမှ မကျန်ရစ်ခဲ့တော့ဘူး။ ဒါနဲ့များတောင် တဟားဟားအော်ရီပြီး သဘောတွေကျနေခဲ့တာ။ ကိုယ့်အတွက်ဆိုပြီး ငိုကြွေးနေသူတွေရဲ့ အသံကို နားထဲမှာ လှောင်ပြောင်ရီသံတွေအဖြစ် ကြားယောင်နေမိတဲ့ အဖြစ်။ ဟိုး ချောက်ကမ်းပါး အစပ်မှာ ကိုယ့်ကို ငုံ့ကြည့် မေတ္တာ သက်ဝင်သူတွေကိုလည်း ပြန်လည် ကရုဏာ သက်နေခဲ့တယ်။

ချောက်အခြေမှာ ကျနော့အတွက် မက်မောစရာ ဘာမှရှိမနေခဲ့ပါဘူး။ တရှိုက်မက်မက် ဆင်းလာခဲ့တဲ့ ကျနော့အတွက် တကယ့်ကို ဘာဆိုဘာမှ ရှိမနေခဲ့ဘူး။ ပီတိဆိုတဲ့အရာတစ်ခုကို စိတ်ထဲ ရှိလိုက်တာရယ်လို ညည်းတွားမိတယ်။ ကိုယ်လုပ်ချင်တာ လုပ်ခဲ့ပြီးပြီကိုး။

ကျနော့အတွက် တကယ်လိုအပ်တဲ့ ချစ်ခြင်း မေတ္တာဆိုတဲ့အရာကို အောက်ခြေမှာ တွေ့ရတဲ့ ခွက်တစ်ခုနဲ့ သူဖုန်းစားလို လိုက်တောင်းခဲ့သေးတယ်။ သူတို့တွေပဲ မမြင်လေသလား ကိုယ်တိုင်ပဲ အလွန်တရာ သေးဖွဲသိမ်နှုတ်လေသလား ကျနော့ကိုရော ကျနော့ခွက်ကိုပါ မမြင်ကြတော့ဘူးတဲ့လေ။ မသိကျိုးကျွန်ပြုတဲ့အတွက် လှိုက်ခနဲဝမ်းနည်းပြီး ခလေးတစ်ယောက်လို ကြူကြူပါအောင် ငိုရှိုက်ပေမယ့် မင်းအတွက် ရရန် ဘာမှ မရှိဆိုတဲ့ စာတမ်းကို တီဗီ ကြော်ငြာ တစ်ခုလို အကြိမ်ကြိမ် အခါခါ ထိုးပြနေခဲ့တယ်။

ဒီလမ်းကို ထွင်သူ ကိုယ်ကိုတိုင်ပဲဆိုတာ ပြုံးရယ်ပြီး ဆင်းလာတဲ့ လမ်းတစ်လျှောက်က သက်သေပြုခဲ့တယ်။ ကမ်းဆင့်ပြီး တားတဲ့လက်တွေကို ပုတ်ထုတ်ပြီး အရှုပ်တွေပါကွာလို့ ပြောခဲ့တာလည်း ကိုယ်ပါပဲ။

အချင်းချင်း ရှုပ်ထွေးပွေလီနေတဲ့ ဒီချောက်ကမ္ဘာကြီးထဲကို စနင်းပင်မယ့် ဘယ်ဆံတစ်ပင်မှ တင်းမနေခဲ့ဘူး။ လွတ်လွတ်ကျွတ်ကျွတ်ရှိလိုက်တာဆိုပြီး ခြေဗလာနဲ့ အတင်းပြေးဝင် နိုင်သလောက်ပြေးဝင်နေခဲ့တယ်။

မနေ့က အိပ်မက်မက်ပါတယ်...............


ဒီနေ့လည်း အိပ်မက်မက်ပါတယ်…………………..


နောက်နေ့တွေကော…………………………………………………….

16 comments:

Sein Lyan Tun said...

အိပ်မက်ကို မုန်းတယ်

အိပ်မက်မ မက်တဲ့ ညရယ်လို့ မရှိဘူး..

Sein Lyan Tun said...

အိပ် မက်မှာ ပင်ပန်းရသလို

အိပ်မက် မက်ပြီးနိုးထလာတဲ့ အချိန်လဲ ပင်ပန်းရတယ်..

တချိန်လုံးပြေးရ လွှားရနဲ့ မို့ အိပ်ဖို့တောင် ကြောက်တယ်

ကောင်းကင်ပြာ said...

အိမ်မက် မက်လိုက် စိတ်ကူးယဉ်လိုက် ပါလားနော်..

ဧပရယ်လ်ပူး@ပူးတေ said...

http://april-poo.blogspot.com/2010/01/blog-post_08.html

ဇွန်မိုးစက် said...

ကိုယ့်အတွက်တော့ အိပ်မက် မမက်တဲ့ ညတွေ မရှိသလောက်ပါပဲ.. တစ်ချို့အိပ်မက်တွေကြောင့် ကြည်နူးရပေမယ့် တစ်ချို့အိပ်မက်တွေကြောင့် စိတ်ထိခိုက်ရတယ်။ ဒီညလည်း မက်အုံးမှာပါပဲ။

Anonymous said...

I like some thoughts & way of writing!

ကိုယ်လည်း အဲဒီလို အိပ်မက်တွေမက်ဖူးတယ်၊
ဒါပေမယ့် အဲဒီလို လှအောင်တော့ မရေးတတ်ဘူး။

neking said...

အိပ်မက်ထက်...အိပ်မက်ထဲကအကြောင်းအရာလေးက
....အရမ်းအနုပညာဆန်နေသလို... အရမ်းပဲလက်တွေလက်နေသလို...
ဘာပဲပြောပြောဒါမျိုးအိပ်မက်တွေနဲ့... အဖန်ဖန်သေခဲ့ဖူးနေပါပြီကောဗျာ....

မျှော်လင့်ခြင်း said...

ကျိုးစားပြီး လျှောက်ခဲ့
လမ်းဆုံးတော့
ဘာမှမရှိ

နားလည်ပေးမယ့်သူမရှိ
ချစ်ခြင်းမေတ္တာမရှိ
ဘာမှ ထပ်ပြီး ရဖို့ မရှိ
အရာအားလုံး ကိုယ့်အနားက ပျောက်သွားသည့် တိုင်
နောက်ကို ပြန်လှည့် ဖို့  ခက်ခဲနေဆဲ
နောက်ဆုံး ဒဏ်ရာတွေနဲ့ ကိုယ်တယောက်ထဲ ။

* I like yr Dream so much

Vista said...

အဲဒီလောက်ပဲဆိုးသလား ..

libratun said...

မကောင်းလိုက်တဲ့ အိမ်မက်။ ဒါပေမယ့် သူတို့တွေ မတွေ့နိုင်ဘူးလို့ ဘယ်သူသိနိုင်မလဲ

Anonymous said...

tအရေးအသားလေးတွေက ကောင်းလိုက်တာ..

ချစ်ကြည်အေး said...

အဲဒါ အိပ်မက် မဟုတ်ဘူး ရွာသား...၊ ကိုကိုယ်တိုင်တောင် မသိလိုက်တဲ့ ရွာသား နောက်တကိုယ်ပဲ....။

khin oo may said...

နဲနဲမြင့်တယ်။

ခရေညို said...

ဪ အိမ်မက် အိမ်မက် ...............

Unknown said...

အိပ်မက်ဆိုးတွေကနေ အမြန်ဆုံးလွတ်မြောက်ပါစေလို့  ပဲ ဆုတောင်းမိတယ်
တို့ လည်း အိပ်မက်ကို မုန်းတယ် အိပ်ရေးမ၀လို့ 

တန်ခူး said...

ဂျူးဝတ္ထုဖတ်ပြီး အိပ်ပျော်သွားတာဖြစ်မယ်…