30 January 2010

ဝံသာနုရက္ခိတ

ဒီသုံးနှစ်အတွင်းမှာ အကြိမ်ပေါင်းများစွာ ရွတ်ဆိုမိတဲ့ စကားလုံးလေးပါ။ အမျိုးပျောက်မှာ စိုးကြောက်ပါသည် ဆိုပြီးလည်း တစ်ပုဒ်ရေးခဲ့ဖူးတယ်။ ဒီစာကို ရေးဖို့ အကြိမ်ကြိမ်စဉ်းစားတယ်။ ရေးသင့် မရေးသင့် တော်၏ မတော်၏။ ညီမငယ်တစ်ယောက်ရဲ့ စာကို ဖတ်ပြီး ရေးသင့်တယ်လို့ထင်လာတယ်။ အစ်ကိုတစ်ယောက်ကလည်း ရေးသင့်တယ်လို့ ပြောထားဖူးပါတယ်။ ဒါပေမယ့် အပြောမတတ်လို့ ဆဲသလိုဖြစ်မှာလည်း စိုးတယ် (ကိုယ်တိုင်က စာရေးညံ့ဖျင်းလှတာမို့ ခုတ်ရာတခြား ရှရာတလွဲဖြစ်ရင် ခက်ရချည်ရဲ့လို့)။

ကျနော့လို ခပ်တုံးတုံးကောင်တစ်ယောက် နားလည်တဲ့ ၀ံသာနုရက္ခိတဆိုတာ အမျိုးကို ချစ်မြတ်နိုးတာ၊ မိမိလူမျိုးကို စောင့်ရှောက်ကာကွယ်တာလို့ ထင်မိတယ်။ ကျနော်တို့ မြန်မာလူမျိုးဆိုတာ ယဉ်ကျေးတယ်၊ သိပ်မွေ့တယ်၊ ဖော်ရွေတယ်၊ ပျူငှာတယ်၊ အရှက်အကြောက်ကြီးတယ်၊ အလုပ်လုပ်တာ စနစ်ကျတယ်၊ အလုပ်ကိုကြိုးစားတယ်၊ ဂုဏ်သိက္ခာရှိသူများလို့ ကျနော်တော့ အမြဲမှတ်ယူထားပါတယ်။ ဒီနိုင်ငံကိုချစ်သလို ဒီလူမျိုးဖြစ်ရလို့ အောက်ကျတယ်ဆိုတာ ဘယ်တော့မှ မခံစားမိဘူး။

ဒါပေမယ့် အခုသုံးနှစ်အတွင်းမှာပဲလား၊ အရင်တုန်းကပဲပြောင်းလဲသွားလေသလား၊ ကျနော့အမြင်တွေ မှားယွင်းသယောင်ရှိလာခဲ့တယ်။ ဘာကြောင့် ဒီလိုတွေဖြစ်ကုန်ရတာလဲ။ ကျနော်တို့ ပေါက်ပင်ဘာကြောင်းကိုင်းရသလဲ မစဉ်းစားပဲ ကိုယ့်ကိုကိုယ် ဆင်ခြင်သုံးသပ်သင့်ပြီလို့ ထင်ပါတယ်။

ဒီရောက်ပြီး သိပ်မကြာဘူး အဖြစ်အပျက် ၁ နဲ့စကြုံပါတယ်.

အဖြစ်အပျက် ၁

သူငယ်ချင်း ငါ့ဆီကို လူတစ်ယောက်ဖုံးဆက်နေတယ်။ ဘယ်သူလဲမေးတော့ သူပြောတဲ့ နာမည် ငါမသိဘူး။

အဲ့ဒီတော့ နင်ဘာ ပြန်ပြော လိုက်လဲ။

ဟာ နင်ကလည်း ရှင့်ကို ကျွန်မ မသိဘူး ဆောရီးလို့ ပြောပြီး ဖုံးချလိုက်တာပေါ့။

အေး….အေး

ဟဲ့ ထပ်ဆက်နေပြန်ပြီ

မကိုင်နဲ့လေဟာ

SMS တွေပို့နေတယ်။ မိကောင်းဖခင်သားသမီး ပီပီ ဆက်ဆံပါတဲ့။ အမယ်လေးတော်

လာပြန်ပြီဟ

ဘာတဲ့တုန်း

City hall ကိုဒီနေ့ လာခဲ့ပါ တွေ့ရအောင်တဲ့။ တွေ့စရာလား သူ့ကိုမှ ငါမသိပဲ။

တ တီ တီ နဲ့ဆက်နေတုန်းပဲ။

အဖြစ်အပျက် ၂

ဟဲ့ ငါ့ဖုံးကို အဲ့ဒီ တစ်ယောက် ဖုံးမကိုင်မချင်း ဆက်နေတယ်။ SMS တွေလည်း တောက်လျှောက်ပို့နေတယ်။

အလုပ်ထဲမှာ ဖုံးတဂွမ်ဂွမ် ထမြည်နေတော့ မကိုင်လို့မရတော့ဘူး။ ကျေးဇူးပြုပြီး မဆက်ပါနဲ့လို့ ပြောတော့လည်း အသံလေးကြားချင်လို့ပါတဲ့။ ဒုက္ခပါပဲဟာ..

အေး နင်မဖြေချင်ရင် ငါ့ကိုဖုံးပေး ငါစကားပြောကြည့်မယ်

ညီငယ် ဒီမှာ ကိုယ့်သူငယ်ချင်းက ဖုံးမဖြေချင်ဘူးတဲ့ဗျ။ အကြောင်းကိစ္စ အထွေအထူးမရှိရင် မဆက်ပါနဲ့လားကွာ။ သူနှစ်သက်လက်ခံရင်တော့ တစ်မျိုးပေါ့..

မရဘူးဗျ။ သူနဲ့ပဲ စကားပြောချင်တယ် ကျွန်တော် သူဖုံးမကိုင်မချင်း ဆက်မယ်။

ကဲ… ကဲ သဘောဗျာ

ငါဘာလုပ်ရမလဲ တောင်းပန်လို့လည်း မရဘူး။ အလုပ်ထဲမှာ ငါ့ကို မျက်စေ့ စပါးမွှေးစူးနေကြပြီ။


အဖြစ်အပျက် ၃

ငါ့ကို ကောင်လေးတစ်ယောက်ဖုံးဆက်လာတယ်။ ဟိုတစ်လောက သွားတဲ့ ကုမ္ပဏီကြီး ဆီကပဲ။ Organizerတွေက ဖုံးနံပါတ်တွေ လျှောက်ပေးတယ်ထင်တယ်။ ရိုးရိုးသားသား မိတ်ဆွေဖြစ်ချင်လို့တဲ့။

ဟုတ်လို့လား အမရယ်။

ဟုတ်ပါတယ် ဟဲ့။

ဟော ဆက်ပြန်ပြီ။

ဟဲ့ နင်ပြောတာ မှန်တယ်။ အခုငါ့ကို ချစ်တယ်လို့ ပြောနေတယ်။

ဟာ ဒါဆို သူနဲ့သိလို့လားဗျာ။ သူ့အကြောင်းကော ဘယ်လောက်သိသလဲ။

လူပျိုပါတဲ့ ဟဲ့။

အစ်မရာ သေသေချာချာလည်း စုံစမ်းပါဦး။

အခုတော့ ပြောပြီဟ အိမ်ထောင်ရှိတယ်တဲ့ ရန်ကုန်မှာဆိုလား………………..

အဖြစ်အပျက် ၎

အေး မိဇင် နင်ရောက်နေတာ ကြာပြီလား

ဟုတ်ကဲ့အစ်ကို နှစ်လလောက်ရှိပြီ

ဘယ်မှာနေ နေကြတုံးဟ

သူငယ်ချင်း သုံးယောက်စုနေကြတယ်။

ဒါပေမယ့် အစ်ကိုရယ် အိမ်က လူတွေက တစ်မျိုးပဲ

ဟေ…နင့်တစ်မျိုးပဲက ဘာတုန်းဟ

ဟိုလေ ညဖက် အပေါ့သွားမလို့ ထမင်းစားခန်းကို ဖြတ်တာ သူတို့ အတူ အရက်သောက်ဖို့ လှမ်းခေါ်တယ်။ ပြီးတော့ ညကြီး သန်းခေါင်ကျော်ကို နှစ်ယောက်တည်း အပြင်ထွက်ပြီး ဘောလုံးပွဲကြည့်ရအောင် ခေါ်နေတယ်။

ဟမ်..တော် တော် မိဇင် နင်အိမ်ပြောင်းတော့။

အဖြစ်အပျက် ၅

အစ်မ ကျနော် အိမ်ခန်းကြော်ငြာတွေ့လို့ပါခင်ဗျ။

သြော် အေး ဟုတ်တယ်မောင်လေး အစ်မ အမျိုးသားကလေ ခရီးခဏခဏထွက်နေတာမို့ အစ်မက ကြောက်တတ်လို့။ အခန်းတစ်ခန်းမှာ သုံးယောက်နေရမှာ မောင်လေး။

ဟာ သုံးယောက်ဆို ကျနော် မနေနိုင်ဘူးခင်ဗျ။

မောင်လေးရေ မောင်လေး မနေလည်း သူငယ်ချင်းတွေကို ပြောပေးပါနော်။

ဟုတ်ကဲ့ခင်ဗျ

မောင်လေးရေ ဒီတစ်ပတ် စနေအားလား

ခင်ဗျာ

အစ်မကလေ ရုံးအားရက်ကလေး မုန့်တွေ လုပ်စားတတ်တယ်။ ဖိတ်ပါတယ်နော်။ အစ်မ အိမ်ကလေ XXX MRT ဘေးတင်ပဲ။ လာခဲ့ပါနော်……………

ကျနော်မသိတဲ့ အဖြစ်အပျက်တွေ အများကြီး ကျန်နေပါဦးမယ်။

အပြင်ကို ထွက်လာတဲ့နောက် ကျနော်တို့တွေ မိဝေး ဖဝေးကို ရောက်နေကြရတာပါ။ နိုင်ငံတကာ မှာ ၁၈နှစ်ဆို အရွယ်ရောက်ပေမယ့် ကျနော်တို့ နိုင်ငံမှာ အသက်လေးဆယ်အထိလည်း မိဘက ခလေးလို့ မြင်နေတုန်း၊ ကျနော်တို့ကလည်း ခလေးဆန်နေတုန်း လေ။ ဒီတော့ ကျနော့လို မလည်မ၀ယ်တွေ အများကြီး ရှိနေမှာပါ။

ကျနော်လည်း ယောင်္ကျားလေးတစ်ယောက်မို့ သဘာဝဆိုတာကို နားလည်ပါတယ်။ မိန်းကလေးတွေကို စိတ်ဝင်စားတယ်။ ချဉ်းကပ်ကြတယ်။ ဒါက သဘာဝပဲ။ ဒါပေမယ့် ကာယကံရှင်မိန်းကလေးတွေ ကာယအိနြေ္ဒပျက်ယွင်းအောင်အထိ၊ ပြီးတော့ အိမ်ထောင်ရှိပါလျက် လက်တည့်စမ်းကြမယ်ဆိုတဲ့ အဖြစ် ရောက်အောင်တော့ မလုပ်ဆောင်သင့်ဘူးလို့ ထင်ပါတယ်။

နောက်ထပ်အမြဲကြားနေရတဲ့ သတင်းတွေက ဘယ် Agent ကတော့ လိမ်လိုက်ပြန်ပြီတဲ့ ဆိုတာပါ။ အပြင်ကို ထွက်ဖို့ ကြိုးစားတဲ့သူတိုင်းဟာ ငွေရှင်ကြေးရှင်တွေ မဟုတ်ကြပါဘူး။ ဘုရင့်နောင်ဖောင်ဖျက်ခဲ့ရသူတွေ ရှိသလို၊ ဘ၀တစ်ခုပျက်ရင် နောက်ကွယ်က ဘ၀တွေပါ တန်းစီပျက်မယ့် သူတွေရှိပါတယ်။

အဖြစ်သင့်ဆုံးက မိမိလူမျိုးကို ချစ်မြတ်နိုးစွာ ရိုင်းပင်းကူညီစောင့်ရှောက်စေချင်ပါတယ်။ မောင်နဲ့နှမ သားနဲ့အမိ ညီသားနောင်ရင်း တစ်အူထုံဆင်းလို တစ်လှေတည်းစီး တစ်ခရီးတည်းသွားသူအချင်းချင်း ဖေးဖေးမမ ရှိစေချင်မိတယ်။ ကျနော့ ဆရာတစ်ယောက်က ပြောဖူးပါတယ်။ အတန်းထဲမှာ လူတစ်ယောက်တည်း ထူးချွန်ထက်မြက်စွာ အောင်ခဲ့ရင် အောင်မြင်တယ်လို့ ပြောလို့ မရပါဘူး။ တစ်တန်းလုံးက ထူးချွန်ထက်မြက်စွာ အောင်မှသာ အောင်မြင်တယ်လို့ ဆိုနိုင်တာပါတဲ့။ မိမိတစ်ဦးကောင်းတစ်ယောက်ကောင်းထက် မိမိပတ်ဝန်းကျင်ကိုပါ ကောင်းမွန်အောင် ကျနော်တို့ ကြိုးစားသင့်ပါတယ်။ အားငယ်သူဖေးကူပြီး ကျနော်တို့ မြန်မာဆိုတဲ့ လူမျိုးဂုဏ်ကို ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့ ဆန္ဒပြုပါတယ်။

(ယောင်္ကျားလေးတွေ မကောင်းဘူး မိန်းကလေးတွေ မကောင်းဘူး တစ်ယောက်နဲ့တစ်ယောက် အပြစ်တင် ငြင်းခုံနေမယ့် မှတ်ချက်တွေမပေးပဲ အပြုသဘောဆောင်တဲ့ မှတ်ချက်လေးတွေ ပေးကြဖို့လည်း တောင်းဆိုခွင့်ပြုပါခင်ဗျာ)

လေးစားစွာဖြင့်…………..

17 comments:

Htoo Aung Lwin said...

ကိုရွာသားရေ အားလုံးကတော့ မုန့်လုံးစက္ကူကပ် ဖြစ်နေတော့မယ်။ အဓိကကတော့ ကိုယ်ကျင့်သိက္ခာနဲ့ လူ့ကျင့်ဝတ်ကို လူသားတယောက်ပီပီ လိုက်နာကျင့်သုံးနိုင်ကျဖို့ပါပဲ။ စိတ်ဆိုတာတော့ မကောင်းမှု့မှာ သာယာတတ်တာချည်းပါပဲ။ သာယာချင်စိတ်ကို လူသားဆန်တဲ့စိတ်နဲ့ ထိမ်းသိန်းနိုင်ကျဖို့လိုပါတယ်။

khin oo may said...

ခေါင်းစဉ်ကမြင့်လှချည်လား။ ငါးကြင်းခေါင်းတက်ကိုင်တာဘဲ။ ရမှာပါလေ။ စာရေးကောင်းပြီးသားပါ။ မညံ့ပါဘူး တုံးလဲမတုံးပါဘူး။ အညကြလို့သုံးရင် မကြိုက်ဘူးဆိုတာပြောပြီးသား။ မဟုတ်ဘဲနဲ့မပြောစေချင်။

khin oo may said...

အတွေးလေးကောင်းတယ်။ ဖြစ်တတ်တဲ့သဘောတွေပါ။ နောက်ဆုံးတော့လူတွေပါဘဲ အခုခေတ်. အရင်ခေတ်ရယ်လို့မဟုတ်ပါဘူး။ အစကတည်းက ရှိခဲ့တဲ့ဇတ်လမ်းတွေပါ.သိခဲ့တာရှိမယ်။ မသိခဲ့တာရှိမယ်။

ဇွန်မိုးစက် said...

ဖုန်းထဲကနေ နှောက်ယှက်ခံရတာတော့ ကိုယ်တွေ့ကြုံဖူးတယ်။ တစ်ခြားကိစ္စမျိုးတွေလည်း မကြုံဖူးပေးမယ့် ကြားဖူးတယ်။ ကိုယ့်လူမျိုးအချင်းချင်း လိမ်ညာလှည့်ပတ် ခေါင်းပုံဖြတ်မယ့်အစား ရိုင်းပင်းကူညီအားပေးသင့်ကြောင်း ရွာသားလေးနဲ့အတူ ထောက်ခံပါတယ်။ (စာရေးညံ့ဖျင်းတယ်လို့တော့ သိပ်မနှိမ့်ချပါနဲ့လေ။ ရွာသားလေး စာရေးညံ့တယ်ဆိုရင် တို့လိုဘလော့ဂါပေါက်စတွေ ဘယ်နားသွားလို့ ဘယ်လိုရေးရမယ်မှန်းတောင် မသိဘူး။ စိတ်ဓါတ်ကျအောင် မပြောပါနဲ့ကွယ်)

JulyDream said...

သြော်... ဒါမျိုးတွေလည်း ရှိတာကိုး...။ ဆောင်ရန် ရှောင်ရန်တွေမှာ တစ်ခု တိုးတာပေါ့။ ဒါမျိုးဆန်ဆန် ကြားဖူးထားတာတွေလည်း ရှိပါတယ်။ ပြောပြန်ရင်လည်း လွန်ရာကျမှာ စိုးတော့ မပြောပဲ နေတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ အခုလို ပြောပြတော့လည်း သိရတာ ကောင်းပါတယ်။ အကျိုးမယုတ်ပါဘူး။ =)

ကောင်းကင်ပြာ said...

လူအမျိုးမျိုး စိတ်အမျိုးမျိုးတွေ ပေါ့ ရွာသားရယ်....

ShwunMi- said...

အဲ့လို ဖုံးတဂွမ်ဂွမ်ဆက်တော့ service provider ဆီ ဖုံးခေါ်ပြီး ကိုယ့်ဖုံးနံပါတ်ကို ပြောင်းခိုင်းရပါတယ်.. service charge ပေးရတော့ အလကားနေရင်း ပိုက်ဆံထွက်ပါတယ်.. ဒါပေမယ့် အဲ့ဒီတုန်းက နံပါတ်အမျိုးမျိုးနဲ့ တစ်ယောက်ထဲကဆက်နေတော့ အဲ့လိုပဲ ရှင်းလိုက်ရပါတယ်။

ချစ်ကြည်အေး said...

ရွာသားရေ...အဲဒါတွေက တဦးချင်း တယောက်ချင်းစီရဲ့ စိတ်အခြေခံနဲ့ပဲ ဆိုင်ပါလိမ့်မယ် ....အဖြစ်အပျက်၅ ကိုတော့ သိတ်လက်မခံနိုင်ဘူး၊ ဒီအမျိုးသမီးဟာ တကယ်ပဲ အိမ်မှာ အမျိုးသားတယောက်ကို အိမ်လုံအောင် အားကိုးတကြီးနဲ့ အငှား တင်ချင်တာ ဖြစ်နိုင်သလို၊ တကယ်လည်း ဖော်ရွေစွာ မုန့်စားဖို့ဖိတ်တာ ဖြစ်နိုင်တာပါပဲ။ အဲဒီလိုမိန်းမ တယောက်ရဲ့ ဖော်ရွေတတ်မှု အပေါ် အထာပေးတာလို့ ထင်တတ်တဲ့ ယေင်္ကျားတွေကို သနားတယ်။

MieMie said...

ဘ၀ တ ခု ပျက် ရင် နောက် ကွယ် က
ဘ၀ တွေ ပါ တန်း စီ ပြီး ပျက် မယ် ဆို တာ
က တော့ လူ တိုင်း သ တိ ထား သင့် တာ ပေါ့ .......

mie nge

သက်ဝေ said...

ဒီပိုစ့်အတွက် ရည်ရွယ်ချက်နဲ့ စာရေးသူရဲ့ စေတနာကို လေးစားပါတယ်... ရေးပြထားတဲ့ အဖြစ်အပျက်တွေကိုတော့ တကယ်တွေ့ကြုံရလို့ ရေးထားတာဖြစ်တာကြောင့် မဝေဖန်လိုပါ...
သို့သော် တချို့အဖြစ်အပျက်တွေမှာ လိမ်မာပါးနပ်စွာ ရှောင်တိမ်းတတ်ဖို့ နဲ့ ကင်းကင်းရှင်းရှင်း နေလိုက နေနိုင်အောင် ကြိုးစားအားထုတ်ရင် ရနိုင်လောက်တယ် လို့ မြင်ပါတယ်။ လက်ခုပ်ဆိုတာ နှစ်ဖက်လုံး တီးပါမှ အသံမြည်တာမျိုးမဟုတ်လား။

ကိုယ့်အသက်အရွယ်ကြောင့် ကိုယ်တွေးတာ တမျိုးဖြစ်နေတယ်ဆိုရင်တော့ ဆောရီးပါ။ ကိုယ်ဆိုလိုချင်တာက ယောင်္ကျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ဒီလိုအဖြစ်မျိုးတွေ မကြုံချင်ရင် ရှောင်လွှဲချင်ရင် သိပ်မခက်ပါဘူး၊ ရှောင်လိုက ရှောင်နိုင်ကြတယ် လို့ ဆိုချင်တာပါ...။
နားလည်လိမ့်မယ်လို့ ထင်ပါတယ်...

khin oo may said...

ကွန်မက်တွေပြန်လာဖတ်တယ်။

Unknown said...

ကောင်း လိုက်တာဗျာ

ရွှေရတုမှတ်တမ်း said...

ခုခေတ်မှ ဒါတွေဖြစ်တာမဟုတ်ပါဘူး..
အရင်ကလဲ..ဒီလိုမျိုးဆင်တူရိုးမှားတွေရှိခဲ့တာပဲ..
ကာမဘုံမှာကျင်လည်ကြတဲ့..သတ္တဝါတိုင်းဒီလိုပါပဲ...
ဆင်ချင်နိုင်စွမ်းမရှိရင်တော့..လူနဲ့တိရစ္ဆာန်မကွာပဲဖြစ်သွားမှာပေါ့

မျှော်လင့်ခြင်း said...

မရိုးနိုင်အောင် ကြားရတဲ့ ဇာတ်လမ်းတွေပါ

PR လိုချင်လို့  အိမ်ပိုင်ရှင် ကလေးအဖေ ကိုတောင် ရအောင်လက်ထပ်ဖို့ ကျိုးစားတဲ့ မိန်းကလေးတွေ

ပျော်ချင်လို့  အိမ်ထောင်သည်ပေမယ့် ရည်းစားထားဖို့ ကျိုးစားနေတဲ့ ယောကျာင်္းလေးတွေ စုံလို့ စုံလို့ 

ခရေညို said...

ကိုရွာသားရေ
တကယ့်ကိုတန်ဖိုးရှိတဲ့စာကောင်းတွေပါပဲ။
မြန်မာအချင်းချင်း ရိုင်းပင်းကူညီကြပါစေ။

Talkii said...

စကားမစပ်

ပုဂံဘက်ကဟိုတယ်တွေမှာလည်း နိုင်ဂျံငားသားတွေနဲ့ အရွယ်မရောက်သေးတဲ့ ကလေး(both sex)တွေ ပြသဿသနာ ကိုသတိရမိတယ်။

Ko Ba Tint said...
This comment has been removed by the author.