30 January 2010

ဝံသာနုရက္ခိတ

ဒီသုံးနှစ်အတွင်းမှာ အကြိမ်ပေါင်းများစွာ ရွတ်ဆိုမိတဲ့ စကားလုံးလေးပါ။ အမျိုးပျောက်မှာ စိုးကြောက်ပါသည် ဆိုပြီးလည်း တစ်ပုဒ်ရေးခဲ့ဖူးတယ်။ ဒီစာကို ရေးဖို့ အကြိမ်ကြိမ်စဉ်းစားတယ်။ ရေးသင့် မရေးသင့် တော်၏ မတော်၏။ ညီမငယ်တစ်ယောက်ရဲ့ စာကို ဖတ်ပြီး ရေးသင့်တယ်လို့ထင်လာတယ်။ အစ်ကိုတစ်ယောက်ကလည်း ရေးသင့်တယ်လို့ ပြောထားဖူးပါတယ်။ ဒါပေမယ့် အပြောမတတ်လို့ ဆဲသလိုဖြစ်မှာလည်း စိုးတယ် (ကိုယ်တိုင်က စာရေးညံ့ဖျင်းလှတာမို့ ခုတ်ရာတခြား ရှရာတလွဲဖြစ်ရင် ခက်ရချည်ရဲ့လို့)။

ကျနော့လို ခပ်တုံးတုံးကောင်တစ်ယောက် နားလည်တဲ့ ၀ံသာနုရက္ခိတဆိုတာ အမျိုးကို ချစ်မြတ်နိုးတာ၊ မိမိလူမျိုးကို စောင့်ရှောက်ကာကွယ်တာလို့ ထင်မိတယ်။ ကျနော်တို့ မြန်မာလူမျိုးဆိုတာ ယဉ်ကျေးတယ်၊ သိပ်မွေ့တယ်၊ ဖော်ရွေတယ်၊ ပျူငှာတယ်၊ အရှက်အကြောက်ကြီးတယ်၊ အလုပ်လုပ်တာ စနစ်ကျတယ်၊ အလုပ်ကိုကြိုးစားတယ်၊ ဂုဏ်သိက္ခာရှိသူများလို့ ကျနော်တော့ အမြဲမှတ်ယူထားပါတယ်။ ဒီနိုင်ငံကိုချစ်သလို ဒီလူမျိုးဖြစ်ရလို့ အောက်ကျတယ်ဆိုတာ ဘယ်တော့မှ မခံစားမိဘူး။

ဒါပေမယ့် အခုသုံးနှစ်အတွင်းမှာပဲလား၊ အရင်တုန်းကပဲပြောင်းလဲသွားလေသလား၊ ကျနော့အမြင်တွေ မှားယွင်းသယောင်ရှိလာခဲ့တယ်။ ဘာကြောင့် ဒီလိုတွေဖြစ်ကုန်ရတာလဲ။ ကျနော်တို့ ပေါက်ပင်ဘာကြောင်းကိုင်းရသလဲ မစဉ်းစားပဲ ကိုယ့်ကိုကိုယ် ဆင်ခြင်သုံးသပ်သင့်ပြီလို့ ထင်ပါတယ်။

ဒီရောက်ပြီး သိပ်မကြာဘူး အဖြစ်အပျက် ၁ နဲ့စကြုံပါတယ်.

အဖြစ်အပျက် ၁

သူငယ်ချင်း ငါ့ဆီကို လူတစ်ယောက်ဖုံးဆက်နေတယ်။ ဘယ်သူလဲမေးတော့ သူပြောတဲ့ နာမည် ငါမသိဘူး။

အဲ့ဒီတော့ နင်ဘာ ပြန်ပြော လိုက်လဲ။

ဟာ နင်ကလည်း ရှင့်ကို ကျွန်မ မသိဘူး ဆောရီးလို့ ပြောပြီး ဖုံးချလိုက်တာပေါ့။

အေး….အေး

ဟဲ့ ထပ်ဆက်နေပြန်ပြီ

မကိုင်နဲ့လေဟာ

SMS တွေပို့နေတယ်။ မိကောင်းဖခင်သားသမီး ပီပီ ဆက်ဆံပါတဲ့။ အမယ်လေးတော်

လာပြန်ပြီဟ

ဘာတဲ့တုန်း

City hall ကိုဒီနေ့ လာခဲ့ပါ တွေ့ရအောင်တဲ့။ တွေ့စရာလား သူ့ကိုမှ ငါမသိပဲ။

တ တီ တီ နဲ့ဆက်နေတုန်းပဲ။

အဖြစ်အပျက် ၂

ဟဲ့ ငါ့ဖုံးကို အဲ့ဒီ တစ်ယောက် ဖုံးမကိုင်မချင်း ဆက်နေတယ်။ SMS တွေလည်း တောက်လျှောက်ပို့နေတယ်။

အလုပ်ထဲမှာ ဖုံးတဂွမ်ဂွမ် ထမြည်နေတော့ မကိုင်လို့မရတော့ဘူး။ ကျေးဇူးပြုပြီး မဆက်ပါနဲ့လို့ ပြောတော့လည်း အသံလေးကြားချင်လို့ပါတဲ့။ ဒုက္ခပါပဲဟာ..

အေး နင်မဖြေချင်ရင် ငါ့ကိုဖုံးပေး ငါစကားပြောကြည့်မယ်

ညီငယ် ဒီမှာ ကိုယ့်သူငယ်ချင်းက ဖုံးမဖြေချင်ဘူးတဲ့ဗျ။ အကြောင်းကိစ္စ အထွေအထူးမရှိရင် မဆက်ပါနဲ့လားကွာ။ သူနှစ်သက်လက်ခံရင်တော့ တစ်မျိုးပေါ့..

မရဘူးဗျ။ သူနဲ့ပဲ စကားပြောချင်တယ် ကျွန်တော် သူဖုံးမကိုင်မချင်း ဆက်မယ်။

ကဲ… ကဲ သဘောဗျာ

ငါဘာလုပ်ရမလဲ တောင်းပန်လို့လည်း မရဘူး။ အလုပ်ထဲမှာ ငါ့ကို မျက်စေ့ စပါးမွှေးစူးနေကြပြီ။


အဖြစ်အပျက် ၃

ငါ့ကို ကောင်လေးတစ်ယောက်ဖုံးဆက်လာတယ်။ ဟိုတစ်လောက သွားတဲ့ ကုမ္ပဏီကြီး ဆီကပဲ။ Organizerတွေက ဖုံးနံပါတ်တွေ လျှောက်ပေးတယ်ထင်တယ်။ ရိုးရိုးသားသား မိတ်ဆွေဖြစ်ချင်လို့တဲ့။

ဟုတ်လို့လား အမရယ်။

ဟုတ်ပါတယ် ဟဲ့။

ဟော ဆက်ပြန်ပြီ။

ဟဲ့ နင်ပြောတာ မှန်တယ်။ အခုငါ့ကို ချစ်တယ်လို့ ပြောနေတယ်။

ဟာ ဒါဆို သူနဲ့သိလို့လားဗျာ။ သူ့အကြောင်းကော ဘယ်လောက်သိသလဲ။

လူပျိုပါတဲ့ ဟဲ့။

အစ်မရာ သေသေချာချာလည်း စုံစမ်းပါဦး။

အခုတော့ ပြောပြီဟ အိမ်ထောင်ရှိတယ်တဲ့ ရန်ကုန်မှာဆိုလား………………..

အဖြစ်အပျက် ၎

အေး မိဇင် နင်ရောက်နေတာ ကြာပြီလား

ဟုတ်ကဲ့အစ်ကို နှစ်လလောက်ရှိပြီ

ဘယ်မှာနေ နေကြတုံးဟ

သူငယ်ချင်း သုံးယောက်စုနေကြတယ်။

ဒါပေမယ့် အစ်ကိုရယ် အိမ်က လူတွေက တစ်မျိုးပဲ

ဟေ…နင့်တစ်မျိုးပဲက ဘာတုန်းဟ

ဟိုလေ ညဖက် အပေါ့သွားမလို့ ထမင်းစားခန်းကို ဖြတ်တာ သူတို့ အတူ အရက်သောက်ဖို့ လှမ်းခေါ်တယ်။ ပြီးတော့ ညကြီး သန်းခေါင်ကျော်ကို နှစ်ယောက်တည်း အပြင်ထွက်ပြီး ဘောလုံးပွဲကြည့်ရအောင် ခေါ်နေတယ်။

ဟမ်..တော် တော် မိဇင် နင်အိမ်ပြောင်းတော့။

အဖြစ်အပျက် ၅

အစ်မ ကျနော် အိမ်ခန်းကြော်ငြာတွေ့လို့ပါခင်ဗျ။

သြော် အေး ဟုတ်တယ်မောင်လေး အစ်မ အမျိုးသားကလေ ခရီးခဏခဏထွက်နေတာမို့ အစ်မက ကြောက်တတ်လို့။ အခန်းတစ်ခန်းမှာ သုံးယောက်နေရမှာ မောင်လေး။

ဟာ သုံးယောက်ဆို ကျနော် မနေနိုင်ဘူးခင်ဗျ။

မောင်လေးရေ မောင်လေး မနေလည်း သူငယ်ချင်းတွေကို ပြောပေးပါနော်။

ဟုတ်ကဲ့ခင်ဗျ

မောင်လေးရေ ဒီတစ်ပတ် စနေအားလား

ခင်ဗျာ

အစ်မကလေ ရုံးအားရက်ကလေး မုန့်တွေ လုပ်စားတတ်တယ်။ ဖိတ်ပါတယ်နော်။ အစ်မ အိမ်ကလေ XXX MRT ဘေးတင်ပဲ။ လာခဲ့ပါနော်……………

ကျနော်မသိတဲ့ အဖြစ်အပျက်တွေ အများကြီး ကျန်နေပါဦးမယ်။

အပြင်ကို ထွက်လာတဲ့နောက် ကျနော်တို့တွေ မိဝေး ဖဝေးကို ရောက်နေကြရတာပါ။ နိုင်ငံတကာ မှာ ၁၈နှစ်ဆို အရွယ်ရောက်ပေမယ့် ကျနော်တို့ နိုင်ငံမှာ အသက်လေးဆယ်အထိလည်း မိဘက ခလေးလို့ မြင်နေတုန်း၊ ကျနော်တို့ကလည်း ခလေးဆန်နေတုန်း လေ။ ဒီတော့ ကျနော့လို မလည်မ၀ယ်တွေ အများကြီး ရှိနေမှာပါ။

ကျနော်လည်း ယောင်္ကျားလေးတစ်ယောက်မို့ သဘာဝဆိုတာကို နားလည်ပါတယ်။ မိန်းကလေးတွေကို စိတ်ဝင်စားတယ်။ ချဉ်းကပ်ကြတယ်။ ဒါက သဘာဝပဲ။ ဒါပေမယ့် ကာယကံရှင်မိန်းကလေးတွေ ကာယအိနြေ္ဒပျက်ယွင်းအောင်အထိ၊ ပြီးတော့ အိမ်ထောင်ရှိပါလျက် လက်တည့်စမ်းကြမယ်ဆိုတဲ့ အဖြစ် ရောက်အောင်တော့ မလုပ်ဆောင်သင့်ဘူးလို့ ထင်ပါတယ်။

နောက်ထပ်အမြဲကြားနေရတဲ့ သတင်းတွေက ဘယ် Agent ကတော့ လိမ်လိုက်ပြန်ပြီတဲ့ ဆိုတာပါ။ အပြင်ကို ထွက်ဖို့ ကြိုးစားတဲ့သူတိုင်းဟာ ငွေရှင်ကြေးရှင်တွေ မဟုတ်ကြပါဘူး။ ဘုရင့်နောင်ဖောင်ဖျက်ခဲ့ရသူတွေ ရှိသလို၊ ဘ၀တစ်ခုပျက်ရင် နောက်ကွယ်က ဘ၀တွေပါ တန်းစီပျက်မယ့် သူတွေရှိပါတယ်။

အဖြစ်သင့်ဆုံးက မိမိလူမျိုးကို ချစ်မြတ်နိုးစွာ ရိုင်းပင်းကူညီစောင့်ရှောက်စေချင်ပါတယ်။ မောင်နဲ့နှမ သားနဲ့အမိ ညီသားနောင်ရင်း တစ်အူထုံဆင်းလို တစ်လှေတည်းစီး တစ်ခရီးတည်းသွားသူအချင်းချင်း ဖေးဖေးမမ ရှိစေချင်မိတယ်။ ကျနော့ ဆရာတစ်ယောက်က ပြောဖူးပါတယ်။ အတန်းထဲမှာ လူတစ်ယောက်တည်း ထူးချွန်ထက်မြက်စွာ အောင်ခဲ့ရင် အောင်မြင်တယ်လို့ ပြောလို့ မရပါဘူး။ တစ်တန်းလုံးက ထူးချွန်ထက်မြက်စွာ အောင်မှသာ အောင်မြင်တယ်လို့ ဆိုနိုင်တာပါတဲ့။ မိမိတစ်ဦးကောင်းတစ်ယောက်ကောင်းထက် မိမိပတ်ဝန်းကျင်ကိုပါ ကောင်းမွန်အောင် ကျနော်တို့ ကြိုးစားသင့်ပါတယ်။ အားငယ်သူဖေးကူပြီး ကျနော်တို့ မြန်မာဆိုတဲ့ လူမျိုးဂုဏ်ကို ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့ ဆန္ဒပြုပါတယ်။

(ယောင်္ကျားလေးတွေ မကောင်းဘူး မိန်းကလေးတွေ မကောင်းဘူး တစ်ယောက်နဲ့တစ်ယောက် အပြစ်တင် ငြင်းခုံနေမယ့် မှတ်ချက်တွေမပေးပဲ အပြုသဘောဆောင်တဲ့ မှတ်ချက်လေးတွေ ပေးကြဖို့လည်း တောင်းဆိုခွင့်ပြုပါခင်ဗျာ)

လေးစားစွာဖြင့်…………..

26 January 2010

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး

မနေ့က အလုပ်ထဲမှာ မေးလ်တစ်စောင် ဖော်ဝပ်လုပ်ပါတယ်။ ဂျူရောင်းကျွန်းမှာ ပေါက်ကွဲမှုကြောင့် လူနှစ်ယောက်သေဆုံးခြင်းနဲ့ ပတ်သတ်ပြီး လုပ်ငန်းခွင်ထဲကို မ၀င်ခင် သတိထားဖို့ အသိတရားဖြင့် ဆင်ခြင်နိုင်ဖို့ပါ။ ဒါနဲ့ပတ်သတ်ပြီး ဆက်စပ်တွေးတောမိသွားပြန်ပါတယ်………..

များသောအားဖြင့် PPE (Personal Protective Equipment) တွေ ၀တ်ဆင်ရခြင်းကို အလုပ်ပိုတွေလို့ သတ်မှတ်ကြပါတယ်။ ကျနော်တို့တွေကိုက ပေါ့ပေါ့ဆဆနေတတ်တာပဲလား မေ့မေ့လျော့လျော့ ဒါမှ မဟုတ် လူ့သဘာဝပဲလား မပြောတတ်ပါဘူး။ ဒါကြောင့် Safety Officer တွေပေါ်လာတာဖြစ်မှာပါပဲ။

ကျနော့အရင်အလုပ်က စားသောက်ကုန်ထုတ်ပါတယ်။ ISO9001, ISO4001, ISO22000 အပြင် 5S ဆိုတာကိုပါ လိုက်နာကျင့်သုံးရပါတယ်။ ထုတ်လုပ်ရေး ၀န်ထမ်းအားလုံး Safety Shoes မစီးမနေရ။ လုပ်ငန်းခွင်အတွင်း PPE အဖြစ် မျက်မှန်၊ နားကြပ်တို့ကို တပ်ဆင်ရပြီး ဝန်ထမ်းအားလုံး ရေမွှေးဆွတ်ခြင်း၊ သနပ်ခါးလိမ်းခြင်း ခွင့်မပြုပါဘူး။

သို့ပါသော်လည်း ကျနော်တို့ အလေ့အကျင့်အတိုင်း Safety rules ကို မလိုက်နာကြတာများပါတယ်။ များသောအားဖြင့် ပိုးသတ်စက်ကအထွက် နဲ့ ကုန်ချောထည့်သွင်းတဲ့နေရာတွေမှာ ပုလင်းတွေ ပေါက်တာများပါတယ်။ အဲ့ဒီနေရာက နေ့စားတွေ ဝန်ထမ်းတွေ အားလုံးကို သတိထားဖို့ PPE တွေ တပ်ဆင်ဖို့ အမြဲသတိပေးရပါတယ်။ သူတို့တွေကလည်း လစ်ရင်လစ်သလို နောက်လှည့်လိုက်တာနဲ့ ဗိုလ်နေမြဲ ကျားနေမြဲအတိုင်းပါပဲ။ သူတို့အတွက်ပြောနေတယ်လို့ကော သူတို့ မသိပါဘူး။ အတင်းကြပ်တာပဲ စာအုပ်ကြီးအတိုင်းပဲလို့ ကျနော့ကို နောက်ကွယ်မှာ ပြောလေ့ရှိတာ ပြန်ကြားရတော့ စိတ်ထဲမှာ မကောင်းပြန်ဘူး။ ဒါပေမယ့် လျှော့လို့မရတော့ ခပ်တင်းတင်းပဲ နေဖြစ်ပါတယ်။

ပုလင်းကောက်တဲ့နေရာက နေ့စားလေးတွေမှာ လက်အိတ်မရှိတော့တာ၊ အလုပ်ချိန်အကူးအပြောင်းမှာ မျက်မှန်မတတ်တာတွေကို line supervisor တွေက မစစ်ကြပါဘူး။ တစ်ရက်ကျနော် လိုင်းထဲဆင်းတော့ သူတို့အားလုံး မျက်မှန်တစ်ယောက်မှ မပါဘူး။ ကဲ လိုင်းကို ရပ်ပါဆိုတော့ အားလုံးက အစ်ကိုဘာဖြစ်လို့လဲတဲ့။ အကုန်အခန်းထဲဝင်ဆိုပြီး စိတ်ကလည်းတိုတိုနဲ့ ကဲ ဓါးတစ်ချောင်း ငါ့ကိုပေးလို့ မင်းတို့အားလုံးတန်းစီ။ မင်းတို့ တစ်ဆိုင်းဆင်းခ ဘယ်လောက်ရသလဲ။ အဲ့ဒီ လခ နှစ်ဆ ငါပေးမယ် မင်းတို့မျက်လုံးတွေ ငါ့ဆီထားခဲ့ကြ ဘယ်လိုလဲလို့။


တကယ်တော့ ကိုယ်ခန္ဓာ အစိတ်အပိုင်းဆိုတာ အစားပြန်မရနိုင်တာ များပါတယ်။ နောက်ပိုင်းခေတ်မှီတိုးတက်ရင်တော့ မပြောတတ်ဘူးပေါ့။ ဘယ်အချိန်ပုလင်းတွေ ထကွဲမယ်မှန်းမသိတာကို အကာအကွယ်မယူပဲ ဒီငွေကြေးလေးအတွက် အလုပ်လုပ်နေကြတာ မဖြစ်သင့်ဘူးလေ။ တကယ်ဆို ဒီပစ္စည်းတွေ မပါပဲ အလုပ်လုပ်ခွင့်လည်း မရှိဘူး။ ဒါပေမယ့် ဖြစ်သလိုလုပ်နေကြဆိုတော့ အကျင့်တွေကပါ။ ဟိုလူ့လက်ညိုးထိုး ဒီလူ့လက်ညိုးထိုး နေကြတာမို့ အလုပ်ဖြစ်ပြီးရော မျက်စိမှိတ်နေကြတာက ပုံမှန်ကိုး။

ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ လိုင်းထဲမှာ ရှိတဲ့ panel key တွေကို လည်းဖျောက်ပစ်ကြပြန်တယ်။ ပြီးတော့ သံချောင်းတွေနဲ့ဖြစ်သလိုလုပ်ထားတဲ့ panel key တွေနဲ့ ဖွင့်လိုက်ကြတာ panel key slot တွေကို ပိန်လိန်လို့။ စက်တွေထဲမှာတပ်ဆင်ထားတဲ့ safety sensor တွေကိုလည်း ပြင်ရင်း ပြင်ရင်း bypass လုပ်လိုက်ကြတာ နောက်ဆို စက်ထဲလူရောက်နေတာတောင် စက်တွေက မရပ်တော့ဘူး။ conveyor တွေမှာတပ်ထားတဲ့ sensor reflection ပြားတွေလည်း သူတို့စက်ဘီးမှာ တပ်ဖို့ ဖြုတ်သွားကြသေးတယ်။ လိုင်းတခါလည်ခါနီးတိုင်း အဲ့ဒီ reflector ပြားတွေကိုလိုက်ရှာရ။ နှစ်လိုင်းပဲရှိတာမို့ တစ်လိုင်းလည်ရင် နောက်တစ်လိုင်းဆီကနေ ကူးပြောင်းကြပါတယ်။ နောက်ပိုင်းတော့ VLC တွေကိုပါ ကူးပြောင်းရတဲ့အထိ ဖြစ်ကုန်တယ်။

သူတို့ ဂရုတစိုက်နေတဲ့အချိန်က Accident တစ်ခုခု ဖြစ်ပြီးကာလလေးပါပဲ။ နောက်တော့လည်း ဒုံရင်း ပြန်ရောက်သွားကြတယ်။ လက်ကို ပုလင်းကွဲရှတာလည်း ခဏခဏပဲါ။ ဒါ့အပြင် ကံကောင်းလို့ မျက်စိမပစ်လိုက်ရတာလည်း ရှိပါသေးတယ်။ Labeling machine အဝင်နားမှာ ပုလင်းတွေကို တစ်လုံးချင်းဆီ ပြန်စီပစ်ပါတယ်။ ပုလင်းတွေက ကြပ်ကြပ်နေတတ်တာမို့ label operator က သွားပြီး ထုတ်ထုတ်ပေးရတတ်တယ်။ ကျနော် ညဖက် အဆင်းကျတဲ့ညမှာ ကိုယ်တော်က မျက်မှန်မတပ်ပဲသွားအထုတ် ပုလင်းကအကွဲ။ မျက်လုံးအောက်ဖက်နား နှစ်ချက်လောက်ထိသွားခဲ့တာ။ ရုံးက Standby ဆိုတဲ့ကားနဲ့ ညဖက်ဖွင့်တဲ့ဆေးခန်းကို ပြေးရတော့တာပါပဲ။ မျက်လုံးနားရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်။ ဖြစ်ခဲ့တဲ့အချိန်လေးပဲ ဒီကိုယ်တော်က ကြောက်နေခဲ့တာ။

ဘာဖြစ်လို့လဲဆိုတော့ နောက်နှစ်လလောက်အကြာမှာ စက်ထဲကို လက်ထည့်ပြီး စက်ကိုလည်လိုက်တာမို့ ကျေးဇူးရှင်ရဲ့ လက်ချောင်းက လက်တစ်ဆစ် ပါသွားပြန်ပါရောလား။

သူတင်ပဲလားဆိုတော့ မဟုတ်ပါဘူး ကျန်တဲ့သူတွေလည်း ဖြစ်လိုက်တဲ့ခဏပဲ မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ကြတာမျိုးပါ။ တစ်လလောက်အကြာတော့ မေ့သွားကြပြန်ရော။ သူတို့အားလုံး အမြဲသတိရှိအောင် Accident နေ့တိုင်းဖြစ်ပေးရမလိုပါပဲ။

ကျနော့မိတ်ဆွေစာဖတ်သူများလည်း ဘေးအန္တရာယ်ကင်းရှင်းတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ကြဖို့၊ စည်းကမ်းလိုက်နာ ဘေးကင်းကွာကြဖို့ အသက်ကိုဥာဏ်စောင့်ဆိုတဲ့အတိုင်း သတိဝီရိယဖြင့် လုပ်ကိုင်ကြဖို့ တိုက်တွန်းနှိုးဆော် သတိပေးလိုက်ပါတယ်ခင်ဗျာ…………

24 January 2010

ဟာတိဟာတာ

မုန်းလို့ရယ် ဟုတ်ပါဘူး
အချိန်ကတန်
ခွဲဖို့ရယ်ဖန်လာတော့
လွမ်းတတ်တဲ့ဝေဒနာ
မဖြေသာပေမယ့်
သြော် မခွဲသာ ခွဲသာ
ကျွမ်းလျက်ကွာရငဲ့

အသည်းက မမာ
မေ့ခက်တာမှန်လေတော့
စမ်းလျက် စမ်းလျက်ရယ်က
အခုထိတော့
ဟာတိရယ္တဲ့ ဟာတာ..........

22-Jan-2010 အမွတ္တရ

18 January 2010

KL ဒိုင္ယာရီ ၁၅,၁၆

၁၅
၈:၃၀ am အပြေးအလွှားမနက်စာ
၉:၀၀ am ဟိုတယ္တစ္ခုကေန တစ္ခုအကူး
တိုးဂိုက်ကို morning call ၅ ခါခေါ်
အတူလိုက်မယ့် ထိုင်ဝမ်သားနှစ်ယောက်ကို နှိုးဆော်
၁၁:၀၀am ဟိုတယ် အသစ်မှာ ပစ္စည်းချ

လိုက်ပို့မယ့် တိုးဂိုက်ကို lobby ထဲကနေ မျှော်……….
ပျောက်နေတဲ့ ထိုင်ဝမ်သားနှစ်ယောက်ကို ရှာ ဒါပေမယ့် ဘယ်လိုမှ မတွေ့တော့

၁၁:၃၀am ဟိုတယ္နားက KLCC ကုိခဏေငး

၁၂:၀၀am မနက်စာ မစားလာတဲ့ တိုးဂိုက်က ဗိုက်ဆာလို့ တစ်ချိန်လုံးအော်
SOGO ဆိုတဲ့ ရှော့ပင်းစင်တာ (ဝင်ခွင့်မရခဲ့ပါ)

ညဖက်ဆို အရမ်းစည်တယ်ဆိုတဲ့ နာမည်ကျော် ချိုင်းနားတောင်း

၁:၀၀pm တိုးဂိုက်ခေါ်တဲ့ ဘယ်မှန်းမသိတဲ့ မြန်မာဆိုင်တွေရှိတဲ့နေရာကို ရောက်

ဒီဆိုင်က စားလို့ကောင်းတယ်တဲ့
ဒီဆိုင်ကတော့ ကျနော် မရောက်ဖူးသေးဘူး အသစ်ဖွင့်တာတဲ့


ဆိုင်အပြင်အဆင်



မြန်မာထမင်းဝိုင်းလေးတွေလို

Service call အတွက်

စားခဲ့တာ
ကြေးအိုးဆီချက်

ပြည်ကြီးငါးသုပ်

ခပ်ချိုချို ဝက်သားတုတ်ထိုး

၂:၀၀pm ဆိုင်ခန်းကျယ်ကျယ်လေးတွေနဲ့ မြန်မာဆိုင်လေးတွေကိုတွေ့တော့ အိမ်ကိုလွမ်းပြန်ရော
မြို့ထဲက ဆိုင်ခန်းတွေလို လှေခါးတမော့ကြီးတက်ပြီး စာအုပ်တွေဝင်မွှေခဲ့တယ်
၀ယ်ဖြစ်တဲ့စာအုပ်
ဂျူး ကြယ်ကြွေတို့ရဲ့ အတောင်ပံ
ဂျာနယ်ကျော်မမလေး မာလာရီ
မေတ္တာဦး ရေခြားမြေခြား အတွေ့အကြုံ

၃:၀၀pm mid valley mega mall
ကျွမ်းကျင်တဲ့ ဂိုက်က တောင်ထိပ်နဲ့ မြောက်ထိပ်ကို အခေါက်အစိတ်ဆီ လျှောက်ခိုင်းတယ်


၃:၃၀pm ညောင်းနေတဲ့ ခြေထောက်တွေအတွက် Starbucks
သောက်လက်စ ကော်ဖီကို အတင်းလက်စသတ် နောက်တစ်နေရာအတွက်

၄:၀၀pm အပြင်မှာ မိုးတွေမှောင်လို့ နေကြပ်တယ်ဆိုလား
ထုံးကျောက်လှိုဏ်ဂူ တစ်ခုဆီကိုပါ



မေမြို့လား ကလောလား အားပါး လွမ်းတယ်ကွာ…

၆:၃၀pm ရထား ရထား နာမည်ကျော်တစ်ယောက်က တစ်ခုခုစီးပါတဲ့
လက်တွေမြင်တာနဲ့ ဗေဒင်တော့ မဟောကြလောက်ပါဘူးနော် :P


၇:၀၀pm လျှပ်စစ် ပစ္စည်းတွေ ရောင်းတဲ့ရှော့ပင်းစင်တာ (ဘန်ကောက်နဲ့တူသလို)

၈နာရီမှာ အချိန်စေ့သွားတဲ့ တိုးဂိုက်က သုတ်သီးသုတ်ပျာ သွားခဲ့တာ
ရှော့ပင်းမောထဲမှာ မောင့်ကိုထားခဲ့တာ ယနေ့ထက်ထိ
ဒန်ပေါက်စားမယ်ဆိုရင်းက ပုဂံညောင်ဦးက အမျိုးတွေနဲ့ အဖွဲ့ကျခဲ့သေး
သူတို့ဆီမှာလည်း နံရံ ဆေးရေးပန်းချီတွေနဲ့ဗျ




၈:၀၀pm time square mall


၁၀:၀၀pm ဟိုတယ္က sky lounge

၁၁:၀၀pm ဝယ်လာတဲ့ စာအုပ်ကိုမြည်းစမ်း

၁၂:၃၀am အိပ်ပါပြီ


၁၆

၆:၃၀am အသံမြည်နေပြီ နှိုးစက်ကို ပိတ်ပါ

၇:၃၀am Queue
Sky bridge တက်ဖို့ အတန်းက ရှည်လိုက်တာ ဒီလောက်စောစောလာတာတောင်မှ ၁၇၃ တဲ့ကွာ
တစ်နေ့ကို ၁၆၀၀ ပဲ တက်ခွင့်ပေးတာ အင်း ကံကောင်းပါစေ….
လက်မှတ်ရပြီကွ ဟင်း…၁၀:၁၅တဲ့

ကံကောင်းထောက်မစွာ မြန်မာလူမျိုး ငါးယောက်ကိုကူညီခွင့်ရလိုက်တယ်။ ကျနော်တို့နဲ့အတူ တက်ခွင့်ရသွားတာ သူတို့လည်း ကံကောင်းမှာပါပဲ…

၉:၀၀am ဟိုတယ်က မနက်စာ မလွတ်ရအောင် မာရသွန်
ကော်ဖီဆိုတာ ဂျိုနဲ့လား….


၁၀:၀၀am ဟုတ်ကဲ့ ကျနော်တို့ ဝင်တဲ့အပေါက်ကို ရောက်ပါပြီခင်ဗျ။


ပုဂံက တိုးဂိုက်ကလေးတွေလို ရွတ်လိုက်ပါတဲ့ တတွတ်တွတ်
You have 20 minutes to stay in this area. So..



၁၁:၀၀am ဟိုတယ်ကနေ ထွက်ရတော့မယ်
၁ အထုတ်ပြင်
၂ check out လုပ်
၃ taxi ခေါ်
၄ လေဆိပ်ဝင်
၅ လေယာဉ်ပေါ်တက်


ကဲ.....ပစ်နိုင်ပြီ (ခြေပစ်လက်ပစ် ပစ်လိုက်နိုင်တာပါခင်ဗျာ)

08 January 2010

မနေ့က အိပ်မက်မက်တယ်

တကယ် မနေ့က အိပ်မက် မက်ပါတယ်…….

အရမ်းနက်မှောင် ရှည်လျားတဲ့ ချောက်တစ်ခုထဲကို အတင်းထိုးဆင်းနေတဲ့ ကိုယ့်ကိုကိုယ် မြင်မက်မိတယ်။ ချစ်သူ ခင်သူ မုန်းသူ အားလုံးက ဆွဲမိဆွဲရာ လှမ်းတားကြလေရဲ့….

ချောက်ကမ်းပါးတွေနဲ့ ပွတ်တိုက် ကွာကျသမျှဟာ ဂုဏ်သိက္ခာဆိုတာတွေတဲ့လေ။ အေးမြတဲ့လေ အလျဉ်ကို အံတုပြီး ဆင်းရတာမို့ ကိုယ်ခန္ဓာမှာ အစင်းအစင်းတွေ ဖြစ်ကုန်တယ်။ ပဲ့ပါသွားသမျှတွေက ကိုယ်ကျင့်တရားတွေ ဖြစ်နေတာမို့ ဒီအစင်းတွေ ဘယ်တော့မှ ပျောက်တော့မှာ မဟုတ်ပါဘူး။

နာကျင်တယ်ဆိုပြီး မှီရာတစ်ခုခုကို ဖက်တွယ်ဖို့ မကြိုးစားသူမှာလည်း ကိုယ်ကိုတိုင်ပဲမို့ အံ့သြတကြီးဖြစ်ရတယ်။ ရုပ်ရှင်တစ်ခုကို ကြည့်ရသလို အားမလိုအားမရ ဖြစ်တာမို့ ဟေ့ကောင် ဆွဲလိုက်ပါတော့လား လွှဲလိုက်ပါတော့လားလို့ အော်ပြောချင်ပေမယ့် အသံတစ်ခုမှ ထွက်မလာခဲ့ဘူးတဲ့။

ရှည်လျား လွန်းတဲ့ ဒီချောက်ကမ်းပါးထဲကို ဘယ်လိုကနေ ဘယ်လို ရောက်နေတယ် မသိတတ်နိုင်ပေမယ့် သေချာတာတစ်ခုကတော့ ဘယ်သူ့ ပယောဂမှမပါဘဲ နှစ်နှစ်ခြိုက်ခြိုက် ဒီချောက်ထဲကို ခုန်ဆင်းနေခဲ့တယ်ဆိုတာပါပဲ။

ချောက်အောက်အခြေက စွဲထားတဲ့ အရာတွေက အနားနီးလာလေ လှည့်ပြန်ပါတော့လေလို့ အော်ကြတယ်။ အရင်လို သူမတူတဲ့ အပြုံးတွေနဲ့ ဆင်းနေတဲ့သူက ဟင့်အင်းလို့ တောက်လျှောက် ပြန်ငြင်းနေခဲ့တာ။

သုံးချိုးနှစ်ချိုး ကျော်လာတော့ ကိုယ့်နာမည်အပါအ၀င် ပိုင်ဆိုင်သမျှအရာတွေ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ကုန်ကြတယ်။ နောင်တဆိုတဲ့ အရာကို မတွေ့ မထိ မသိနိုင်တော့လောာက်အောင် တကယ့် ထုံပေပေ လူတစ်ယောက်ဖြစ်နေပြန်တယ်။

ဝုန်းခနဲ မြည်သံနဲ့ အောက်ကို အကျမှာတော့ ကျနော့ မှာ ဘာဆိုဘာမှ မကျန်ရစ်ခဲ့တော့ဘူး။ ဒါနဲ့များတောင် တဟားဟားအော်ရီပြီး သဘောတွေကျနေခဲ့တာ။ ကိုယ့်အတွက်ဆိုပြီး ငိုကြွေးနေသူတွေရဲ့ အသံကို နားထဲမှာ လှောင်ပြောင်ရီသံတွေအဖြစ် ကြားယောင်နေမိတဲ့ အဖြစ်။ ဟိုး ချောက်ကမ်းပါး အစပ်မှာ ကိုယ့်ကို ငုံ့ကြည့် မေတ္တာ သက်ဝင်သူတွေကိုလည်း ပြန်လည် ကရုဏာ သက်နေခဲ့တယ်။

ချောက်အခြေမှာ ကျနော့အတွက် မက်မောစရာ ဘာမှရှိမနေခဲ့ပါဘူး။ တရှိုက်မက်မက် ဆင်းလာခဲ့တဲ့ ကျနော့အတွက် တကယ့်ကို ဘာဆိုဘာမှ ရှိမနေခဲ့ဘူး။ ပီတိဆိုတဲ့အရာတစ်ခုကို စိတ်ထဲ ရှိလိုက်တာရယ်လို ညည်းတွားမိတယ်။ ကိုယ်လုပ်ချင်တာ လုပ်ခဲ့ပြီးပြီကိုး။

ကျနော့အတွက် တကယ်လိုအပ်တဲ့ ချစ်ခြင်း မေတ္တာဆိုတဲ့အရာကို အောက်ခြေမှာ တွေ့ရတဲ့ ခွက်တစ်ခုနဲ့ သူဖုန်းစားလို လိုက်တောင်းခဲ့သေးတယ်။ သူတို့တွေပဲ မမြင်လေသလား ကိုယ်တိုင်ပဲ အလွန်တရာ သေးဖွဲသိမ်နှုတ်လေသလား ကျနော့ကိုရော ကျနော့ခွက်ကိုပါ မမြင်ကြတော့ဘူးတဲ့လေ။ မသိကျိုးကျွန်ပြုတဲ့အတွက် လှိုက်ခနဲဝမ်းနည်းပြီး ခလေးတစ်ယောက်လို ကြူကြူပါအောင် ငိုရှိုက်ပေမယ့် မင်းအတွက် ရရန် ဘာမှ မရှိဆိုတဲ့ စာတမ်းကို တီဗီ ကြော်ငြာ တစ်ခုလို အကြိမ်ကြိမ် အခါခါ ထိုးပြနေခဲ့တယ်။

ဒီလမ်းကို ထွင်သူ ကိုယ်ကိုတိုင်ပဲဆိုတာ ပြုံးရယ်ပြီး ဆင်းလာတဲ့ လမ်းတစ်လျှောက်က သက်သေပြုခဲ့တယ်။ ကမ်းဆင့်ပြီး တားတဲ့လက်တွေကို ပုတ်ထုတ်ပြီး အရှုပ်တွေပါကွာလို့ ပြောခဲ့တာလည်း ကိုယ်ပါပဲ။

အချင်းချင်း ရှုပ်ထွေးပွေလီနေတဲ့ ဒီချောက်ကမ္ဘာကြီးထဲကို စနင်းပင်မယ့် ဘယ်ဆံတစ်ပင်မှ တင်းမနေခဲ့ဘူး။ လွတ်လွတ်ကျွတ်ကျွတ်ရှိလိုက်တာဆိုပြီး ခြေဗလာနဲ့ အတင်းပြေးဝင် နိုင်သလောက်ပြေးဝင်နေခဲ့တယ်။

မနေ့က အိပ်မက်မက်ပါတယ်...............


ဒီနေ့လည်း အိပ်မက်မက်ပါတယ်…………………..


နောက်နေ့တွေကော…………………………………………………….

07 January 2010

မချိသော်လည်း……….

နင့်ခနဲနေခဲ့တယ်
ငါ့မြေမှာ ဖြစ်ကြည့်ပါလား
ချာခနဲတောင် လှည့်ပစ်လိုက်မယ်

အင့်ခနဲနေခဲ့တယ်
ငါ့မြေမှာ ပြောကြည့်ပါလား
ငါ့ခွန်အားနဲ့ ပြန်ပြောမယ်

ထင့်ခနဲ ဖြစ်ခဲ့တယ်
ကန့်လန့်ကာ နောက်ကွယ်က
ငါ့အရိပ်တွေ စီလို့

ဒီအရိပ်တွေ လှဖို့
ငါ့စိတ်တွေချမှ


သြော်


မချိသော်လည်း………

(စိတ်တိုနေတာမို့ ငါလို့ သုံးနှုန်းမိပါတယ် စာဖတ်သူများကို တောင်းပန်အပ်ပါတယ်ခင်ဗျာ)

05 January 2010

ပါးနဲ့ စိတ္တဇ

ဒီမနက်ခင်း ရုံးသွားဖို့ ပြင်ဆင်ရင်းရတဲ့ အတွေးလေးတစ်ခုပါ။

အတွေးဆိုတာ အတွေးသက်သက်ပဲ ရုပ်ရယ် နာမ်ရယ် ရှိမယ်လို့ မမျှော်လင့်ပါနဲ့။ ရေးထားသမျှတွေ အားလုံး စိတ်ကူးသက်သက်တွေပေါ်ကို အခြေခံပါတယ်။

မှန်ရှေ့မှာ ရပ်ရင်း အင်း ဒီနေ့ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေကို ရှင်းလင်းရဦးမှာပဲ ဆိုပြီး။ ပါးနှစ်ဖက်ကို ပွတ်နေသခိုက်………………..

ဟင့်အင်း ငယ်လေး ဒီ after shave အနံ့ကို မကြိုက်ဘူး အစ်ကို…….

အိုခေ ကို့ငယ်လေး စိတ်တိုင်းကျစေရမယ်။ ဒါပေမယ့် အခုတော့ လက်ထဲက ဓါးနဲ့ ကိုယ့်ကို မရှအောင် ဂရုစိုက်ပေးဖို့ပဲ။

အင်းပါ အင်းပါ လူက ရုပ်ဆိုးပါတယ်ဆို ဒီအမွှေးအမှင်တွေ ရိတ်သင်ဖို့ အမြဲပြောဆိုနေရတယ်။ ကဲ လာထား တစ်ခါတည်း နောက်တစ်ခေါက် ထပ်မပေါက်အောင် ဓါးနဲ့ လှီးထုတ်လိုက်မယ်။

တကယ်လား ငယ်လေး…. လုပ်လိုက်လေ တစ်သက်လုံးစာ တာဝန်ယူမယ်ဆို လုပ်လိုက်ပေါ့။ ဖိုးကျိုင်းတုတ်ဖြစ်ပြီကွ။

အိုးလူလည်…….

ပျော်ရွှင်ဖွယ် အချိန်တွေကို သတိရမိရင်း တစ်ယောက်တည်း သဘောကျနေမိတယ်။ မှန်ထဲက ကိုယ့်အရိပ်ကို ကြည့်ရင်း အနားမှာ အမြဲမနိုင်ရှိတဲ့ တစ်စုံတစ်ရာကို ဖန်ဆင်းပေးဖို့ ဆုတောင်းနေမိပြန်တယ်။

အနောက်က ရေနွေးငွေ့ကြောင့် မှုန်မှိုင်းလာတဲ့ မှန်မျက်နှာပြင်ကို အတင်းပွတ်နေမိတယ်။ မေ့လို့ တကယ်က heater မှ မဖွင့်ရသေးတာ။ ဟာ မဟုတ်ဘူး တကယ် မှုန်မှိုင်းလာတာ မျက်လွှာကြည်ကပါလား။ ဟာကွာ မင်းဟာလေ တကယ်ကို ပျော့ညံ့လွန်းတယ်။ ရစ်ဝိုင်းပြီး တွဲလဲခိုနေတဲ့ အရည်ကြည်တွေကို ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ကိုယ့်ကို သတိပေး နေမိတယ်။

လေတစ်ချက်အသုတ်မှာပဲ….မှန်ရဲ့ ဟိုးအနောက်ဖက် ဆီကို အတွေးတွေ ရောက်သွားတော့တယ်။

ငယ်လေး ဘ၀မှာ အစ်ကို့ကို အချစ်ဆုံးပါ။ ငယ်လေး အတွက် အစ်ကို မရှိရင် မဖြစ်ဘူး။ သီချင်းတစ်ပုဒ်က အနောက်က ပျံလွင့်နေခဲ့တယ်..ယုံတမ်းစကားတွေကိုလည်း ယုံစားမိလို့ မောင်မှားခဲ့ပါတယ် တဲ့။

ရုပ်ဆိုးတဲ့ ကိုယ်လိုလူအတွက် ငယ်လေးကလွဲရင် တစ်ခြားလည်းမရှိပါဘူး တစ်ခြားလည်း မကြည့်ခဲ့သလို ငြိတွယ်စရာလည်း မရှိခဲ့ပါဘူး။ ကိုယ့်အပါးမှာ ငယ်လေးမှတစ်ပါး အခြား မရှိခဲ့တာမို့ပါ။

အသက်အရွယ်ငယ်တယ် လှပတယ် သွက်လက် ထက်မြက်တဲ့ ငယ်တို့လို အရွယ်အတွက် ပျားပိတုန်းက ၀ိုင်းအုံနေမှာပါပဲ။ သဘာဝရယ်မို့ လွန်ဆန်လို့ မရတာ ကိုယ်သိပါတယ်။ ငယ့်အနားက ငယ့်အလိုဆန္ဒတွေ ဖြည့်ဆည်းပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ လူတွေကြားမှာ ကိုယ်က သိပ်သိမ်ငယ်လွန်းတယ်။

အခု ကိုယ်သိပ်စိုးရိမ်နေတာ တစ်ခုရှိတယ်ငယ်။ ဒါက ကိုယ်နမ်းမွှေးနေကြ ငယ့်ပါးကလေးတွေကို သူတစ်ပါး နမ်းမွှေးသွားမှာကိုပါ။ ဒီလိုလူတစ်ယောက်က စိတ္တဇ ဆန်တယ်ပဲပြောမလား အတ္တကြီးလွန်းတယ်ဆိုမလား ငယ်။ ဒီအခွင့်အရေးကို ကိုယ်တစ်ယောက်ပဲလိုချင်မိတယ်။ ပြီးတော့ ပြီးတော့ သူများနမ်းတဲ့ ပါးနှစ်ဖက်ကို ကိုယ်….ကိုယ်………စိတ်မရှိပါနဲ့ ငယ် ကိုယ်မသတီဘူး။ ဒါကိုယ့် စိတ္တဇပါ။ တကယ့်ကို စိတ္တဇပါ။

တစ်နေ့က ငယ်လေး ကောင်လေးတစ်ယောက်နဲ့ သွားတွေ့တယ်တဲ့။ တွေ့တယ်တဲ့ဆိုတဲ့နောက်မှာ ဘာတွေဖြစ်ခဲ့ကြမလဲ။ ဒီကောင်လေးက ငယ့်ကို သဘောကျနှစ်သက်တဲ့အထဲက တစ်ယောက်မဟုတ်လား။ ပြီးတော့ ငယ်တို့နှစ်ယောက်တည်း တွေ့ခဲ့ကြတာ။ ခက်တယ်ငယ်ရယ်။ ခက်တယ်။

ကောင်ကလေးက ငယ့်ပါးကို ထိလိုက်သေးလား။ ပြီးတော့ ကော ပြီးတော့ကော ငယ် ဘာဆက်ဖြစ်ကြသေးလဲ။ သက်သက်လွတ်စားတဲ့ ကျားပုံပြင်တွေ ကိုယ့်ကို ညတိုင်းပြောပြနော်။ ဒါမှ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ်။

ဟူး………………..

အတ္တစိတ်တွေနဲ့ ဒေါသတွေ မောဟတွေ ပူလောင်လိုက်ပါဘိတော့။

ကိုယ်တို့ ပြန်တွေ့ကြရင် ငယ့်ပါးလေးကို မြင်တိုင်း အဲ့ဒီအတွေးတွေ ခေါင်းထဲကို အမြဲရောက်လာတတ်တယ်။ အဲ့ဒီအချိန်ဆို ငယ်က သ်ူစိမ်းတစ်ယောက်ပဲ။ ငယ့်အနားမှာ ကိုယ်ရှိမနေတော့ဘူး။ ကိုယ့်စိတ်ထဲမှာ ငယ်ရှိမနေတော့ဘူးငယ်။ ကိုယ်ရူးသွားပြီထင်တယ်။

သေချာတာတစ်ခုက ကိုယ့်ရဲ့ တစ်ဦးတည်းသော ငယ့်ကိုလည်း မခွဲနိုင်ဘူး။ ဒီလိုစိတ္တဇတွေနဲ့ ကိုယ် ဘယ်အထိ ခရီးဆက်ရဦးမလဲ။

ပါးနှစ်ဖက်ကို အသာပွတ်ရင်း အရှေ့ ဘုံဘိုင်ခေါင်းထဲက ရေတွေနဲ့ မျက်နှာကို ဆွတ်လိုက်တယ်။ အေးခနဲဖြစ်သွားပြီးတဲ့နောက်…

ဒေါက်…ဒေါက်….ဒေါက်

ဟေ့ကောင် မြန်မြန်လုပ် ငါရုံးနောက်ကျတော့မယ်ဆိုတဲ့ သူငယ်ချင်း အသံကို ကြားမှ ကိုယ့်အတွေးနဲ့ကိုယ် ရှက်ရကောင်းမယ် သိလာတော့တယ်။ ဘာမှ မရှိတဲ့ ပါးနှစ်ဖက်ကို လက်နဲ့ကိုင်ရင်း တစ်ယောက်တည်း စိတ်ကူးယဉ်နေမိတဲ့အဖြစ်။

အေးကွာ ငါထွက်လာပြီဆိုပြီး ရယ်ကျဲကျဲ မျက်နှာပေးနဲ့ အပြင်ကို ကမန်းကတမ်းထွက်လာမိတယ်။

ရုံးချိန်နောက်ကျနေပြီမို့ ကသောကမျော အသော့နှင်ရင်း ပါးနှစ်ဖက်နဲ့ စိတ္တဇကို တွေးမိပြီး တစ်ယောက်တည်း ပြုံးနေမိပြန်တာမို့ ဘေးနားက ဖြတ်သွားဖြတ်လာတွေက ဒီကောင်လေးတစ်ယောက်တော့ တစ်ခုခုပဲဆိုပြီး ကောက်ချက်ချတော့မယ်။

ဟုတ်တယ် တစ်ခါတစ်လေကျတော့လည်း လူ့ဘ၀က စိတ္တဇဆန်ပြန်ရော…………………