28 December 2009

ပန်းလေးတစ်ပွင့်အတွက်

လူတွေက ပြောကြတယ် ဒီပန်းပွင့် အချိန်တန်ရင်တော့ ပွင့်တတ်သတဲ့။ ပြီးတော့ သိပ်လှတယ်တဲ့။ လူတိုင်းအတွက် ပန်းတစ်ပွင့်ဆီ သီးခြားစီရှိကြတယ်တဲ့လေ။ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ခဲ့မိတယ်။ ပန်းရယ် မြန်မြန်ပွင့်ပါတော့…………မြင်ချင်လှပါပြီ

ရက်ကိုလစား လကိုနှစ်စားပေမယ့် ပန်းပွင့်ကိုမှ မမြင်ရ။ အများတကာတွေ ပန်းပွင့်ကိုယ်စီနဲ့ သင်းရနံ့တွေဝေလို့။ ပွင့်လိမ့်နိုးနဲ့ မျှော်ကိုးစောင့်စားရတဲ့ ရက်တွေ အသင်္ချေ။ ပန်းပွင့်ဖို့ နေနေသာသာ အဖူးအရိပ်အယောင်တောင်မှ မမြင်ရ။

သစ်ပင်သစ်ကိုင်းကြား ရွက်ကြိုရွက်ကြားမှာ တစ်ယောက်တည်းငေးလို့။ တွေ့လိမ့်နိုးရယ် ရှာဖွေမိတတ်တယ်။ သူများတွေပြောသလို အဆင်းရယ်ကြွေစေလောက်သလား ရနံ့တွေဝေနေလောက်မလား မေးခွန်းပေါင်းများစွာနဲ့ အတွေးတွေ ရေတွက်လို့ မှေးစက်မပျော်တဲ့ ညတွေများလှပေါ့။

အချိန်တန်ပြီဆိုတဲ့ ကာလကို လွန်မြောက်ပြီဆိုတဲ့နောက် ပန်းပွင့်တယ်ဆိုတဲ့စကားနားဝမှာ ခါးလာမိတယ်။ ဟိုက ဒီက ကြားလာမိရင် သိမ်ငယ်မိသလိုလိုပါပဲ။ ဒီပန်းနှယ် ပွင့်နိုင်ခဲပါဘိကော။

တနေ့မှာတော့…………………………..

လေလည်းမသာ အရွက်တွေလည်း စိမ်းလန်းဝေဆာနေတဲ့ တစ်ရက်မှာ ပန်းပွင့် အဖူးလေးကို ဖျတ်ခနဲ အမှတ်မထင်တွေ့လိုက်ရတယ်။ ပိုင်ပိုင်မတွက်နိုင်ခင် လှမ်းပြီး မြင်လိုက်ကတည်း အရူးအမူးဖြစ်နေမိပြီ။ ပွင့်ပါစေလို့ အခါတစ်သိန်းဆုတောင်းနေပေမယ့် အရိပ်အယောင်တောင် မမြင်ရခဲ့ဖူးလေ။ ဘွားခနဲ ပေါ်လာတဲ့ မယ်မင်းကြီးသားကို အရူးတစ်ယောက်လို ငေးနေမိတယ်။





ပွင့်တော့ပွင့်ပါတယ်။ ဒါပေမယ့် ဟိုးအရွက်တွေကြားမှာ။ ပင်ယံဟိုစိမ်းရွက်ကြား မွှေးရနံ့ဆင် ဆိုတာ။ ငွါးငွါးစွင့်စွင့် ပွင့်ပါတော့လား။ လူတကာ မြင်သာထင်သာ ပွင့်ပါမှ ဒီပန်းအတွက် ဂုဏ်ယူရမယ် မဟုတ်လား။ အခုတော့ အရွက်တွေဖုံးနေတဲ့ နေရာမှာမှ ပွင့်တော့တယ်။

ပန်းရယ် စောင့်ခဲ့ရ ရက်တွေအတွက် စောင့်ရကျိုးလေးနပ်အောင် ပွင့်တော့ပွင့်ရှာပါရဲ့။ လူမြင်မခံရဲလို့လား ပန်းရယ်။ ၀ံ့ဝံ့စားစား ပွင့်ပါတော့လားကွယ်။ ပန်းပွင့်ပြီကွ လို့ ကြွားချင် မော်ချင်မိတယ်။ ဒါပေမယ့် အရွက်တွေကြားမှာပဲ နေပါရစေဆိုတဲ့နောက်…………


ဒီပန်းကိုလည်း မြတ်နိုးမိပါတယ် တကယ်။ ကပ်သီးရယ် ကပ်သပ် ပွင့်ရှာလေတယ်ရယ်လို့ အသနားပိုမိတယ်။ မမြင်ဝံ့အောင် ပွင့်ရှာတယ်လို့လည်း ကရုဏာသက်မိတယ်။ လှပါတယ် လို့တဖွဖွပြောပေမယ့် မြင်သူမရှိတဲ့နောက် အပိုပါပဲလေ။

ပန်းကလေးအတွက် တခါတလေ တီးတိုးရေရွတ်မိပြန်တယ်

ချိုးလက်ရေ
မျှော်ကာတွက်
ပွင့်ရက်ဘယ်တော့

ပွင့်ပြန်တော့
စိမ်းရွက်ကြား
မျှော်သူကို မသနား

ရှက်အားပို
မျက်ထားချို
ညိုပါနဲ့
ပုန်းနွဲ့တဲ့ ပန်း...................

22 comments:

khin oo may said...

ပန်းပွင့်ကလေးက ပုံးနေတယ်။
ရှက်တတ်တယ်ထင်ရဲ့။

khin oo may said...
This comment has been removed by the author.
khin oo may said...

ရှက်အားပို
မျက်ထားချို
ညိုပါနဲ့
ပုန်းနွဲ့တဲ့ပန်း
ရုံ့းထွက်ဦးမတဲ့လား.။

Phyo Maw said...

ဘာပန်းတုန်း
ဘယ်လိုပန်းတုန်း
တို့က တင်စားတာတွေ သိပ်နားမလည်ဘူး
ငယ်တော့ အတွေးနုတယ်လေ ဟေ ဟေ့ ^_^

မျှော်လင့်ခြင်း said...

ဘယ်သူမှ မမြင်လဲ ကိုမြန်မြန်ခူးဖို့  chance ပိုရှိတာပေါ့

အနည်းဆုံး ကိုတယောက်လုံးက တွေ့ ပြီး တန်ဖိုးထားနေမှ သူလဲ ပွင့်ရကျိုးနပ်ပါတယ်။

လူတွေမြင်တာ မမြင်တာ သိပ်အရေးမကြီးလှပါဘူး

Unknown said...

ကဗျာစာစုတိုလေးရယ် ပန်းလေးရယ်က
သိပ်ပနံရတာပဲ
စကားပန်းတပွင့်ရဲ့  မျှော်သူရဲ့  ရင်ဖွင့်သံလေး ထင်ပါရဲ့ 
ဖတ်မိတဲ့ခဏလေးမှာ စကားပန်းရနံ့ လေးကို တမ်းတမိသေးတယ်

Anonymous said...

ပုန်းပေမယ့်အနံ့ကိုတော့ ဖုံးလို့မရပါဘူးလေ။
အဖြူရောင်လေး၊
စကားပန်းအဖြူရောင်။
ကိုယ်တွေ့ဖူးတာ အ၀ါရောင်။

http://apyonepan.blogspot.com/2009/08/let-me-hide-in.html

:P said...

မယ်မင်းကြီးသားတဲ့..မျက်စိလည်လိုက်တာ။
မယ်မင်းကြီးမလား.. မောင်မင်းကြီးသားလား ပြောပြောရှင်းပါ။

ဂျစ်တူး ( မုံရွာ ) said...

ဋ္ဌကိုက်ပြီးရင်းကြိုက်ဘဲဗျို့ 

sait phay yar said...

အဟတ်........

ကြည်ဖြူပိုင် said...

အင်းလေနော်....
ခက်တော့တာပဲ ......ပုန်းနေလေတော့
အင်းခက်တယ်...ခက်တယ်.....
သူပုန်းတော့ပြောင်ပြောင်တို့မမြင်ရဘူးပေါ့
ဒါပေမယ့်လဲ အနံ့ကတော့မွှေးပျံ့နေသား။
:D
ခင်မင်စွာဖြင့်
ပြောင်ပြောင်

Anonymous said...

အကြိုက်တူနေတယ်.. ကိုယ့်ညီလေးဦးစားပေးလိုက်နော်။ အီကိုမီခူးခင် ညီညီခူးသွားပါဂျောင်းးး :P

ကိုလူထွေး said...

ပုန်းနွဲတဲ့ ပန်း တဲ့...
ကိုရွာသားတို့ တယ် “နု“ နေမှကိုး...

းဝ)

Eaindra said...

ပန်းပွင့်လေးကို ရိုက်ထားတဲ့ ပုံလေးက
သိပ်ကဗျာဆန်နေတော့ ကဗျာလေးတစ်ပုဒ်တောင်ရေးချင်လာမိတယ်..

ဓါတ်ပုံလေးကို သဘောကျသွားပါတယ် ရွာသားလေး

အိန္ဒြာ

ဇွန်မိုးစက် said...

ရှက်အားပို
မျက်ထားချို
ညိုပါနဲ့
ပုန်းနွဲ့တဲ့ပန်း
လှမ်းလင့်လို့ကမ်း...။

Sein Lyan Tun said...

ပန်းရယ်...

စောင့်ခဲ့ရ ရက်တွေ အတွက် စောင့်ရကျိုးလေးနပ်အောင် ပွင့်တော့ပွင့်ရှာပါရဲ့...။

လူမြင်မခံရဲလို့လား ပန်းရယ်..။

ပန်းပွင့်ပြီး ကွ လို့ ကြွားချင် မော်ချင်မိတယ်...။

ဒါပေမယ့်...

အရွက်တွေ ကြားမှာပဲ နေပါရစေဆိုတဲ့နောက်တော့...



"ရှက်အားပို

မျက်ထားချို

ညိုပါနဲ့

ချိုပါလှည့်"


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ကောင်းကင်ပြာ said...

လှတဲ့ ပန်းကလေး..

သီဟသစ် said...

ဟယ် သိင်္ဂါရ ရသတွေ အပြည့်ပါသကိုး..

စာနဲ့ လူနဲ့ ခွဲဖတ်မှ .. နို့မို ရသတွေ ပြောင်းကုန်တော့မယ်..


ခင်မင်စွာဖြင့်
သီဟသစ်

သက်ဝေ said...

အရွက်တွေကြားမှာ ပုန်းကွယ်ပြီး ပွင့်နေသော်လည်း
သူ့ကို မြတ်နိုးတယ်ဆိုတာ သိရင် ပန်းကလေးက ကျေနပ်နေမယ် ထင်ပါတယ်...

ပုံလေးနဲ့ စာလေးနဲ့ သိပ်လိုက်တာပဲ...
ချစ်စရာ...

kay said...

ရွာသားရေ.. နှုတ်ဆက်ရင်း..ပုန်းနွဲ့တဲ့ ပန်း ကိုပါ.. ဆွဲခူးသွားတယ်။း)

မင်္ဂလာနှစ်သစ်ပါ လို့...။ e book လေးလုပ်ပီး မှ ပို့လိုက်မယ်။

Sint Si said...

Nice essay! I love this flower. Many of them in Singapore Botanic garden. I think, yellow one has stronger fragrant than white one.

ရွှေပြည်သူ (ShwePyiThu) said...

အဲဒီ ပုန်းနေတဲ့ပန်းကလေး ဆိုတာကိုပြပါ ကိုရွာသား! ကတ်ကြေးနဲ့ကိုက်ပြီး ဘုရားတင်ချင်လို့... အားလုံးလည်း ကုသိုလ်ရတာပေါ့း))

နောက်တာပါး) အဖွဲ့တွေကတော့ အမြဲကောင်းနေတာပါပဲ... အောက်ဆုံးစာချိုးလေး အရမ်းကောင်းတာပဲ...