ဒီနှစ်ထဲမှာ ခရီးထွက်ဖို့ အကြိမ်ကြိမ်ကြိုးစားတယ်။ ပထမ ဖူးခက်တဲ့။ စျေးချတဲ့ အချိန်လေး ကြိုတင်လက်မှတ်တွေ အပြေးအလွှားဝယ်ဖို့ ရတဲ့ အချိန်က ခဏဆိုမှ ခဏလေး။ အခုမြင် အခုပျောက်ခေတ်မို့ မင်းလိုက်မလား ငါလိုက်မလား မေးနေတုန်းမှာ လက်မှတ်က မကျန်တော့။ ဖူးခက်ကို စီစဉ်သူကိုယ်တိုင်က စိတ်နာနေတာမို့ ဘယ်လိုမှ မအောင်မြင်တဲ့နောက် ဘာလီဆိုပြီး လက်တို့မိပြန်ရော။ ဘတ်ဂျတ်က ဘယ်လောက်လဲ တောင်စဉ်းစား မြောက်စဉ်းစားနေတုန်းမှာပဲ ဘာလီခရီးစဉ်လည်း ပျက်ပြန်ပါရောလား။ နောက်ဆုံးတော့ အပန်းဖြေ ခရီးစဉ် လန်ကာဝီဆိုတာကိုရွေးပြီး ဇကာတင်ခြောက်ယောက်ကို မနက်မှာပြော ညနေမှာ အတည်ပြု နောက်နေ့ မနက်မှာ ကြိုတင်စာရင်းသွင်းဖြစ်ခဲ့တယ်။ မွေးနေ့ ပတ်စပို့နံပါတ် ကုန်ဆုံးမယ့်ရက် လိုအပ်သည့်အချက်အလက်တွေကို ပေးပို့ပြီး လေယာဉ်လက်မှတ်ကို အမြန်ဝယ်ခဲ့လိုက်တယ်…………
လေယာဉ်လက်မှတ်ပြီးပြန်တော့ ဟိုတယ်။ စီစဉ်သူက စိတ်ကူးယဉ်ဆန်စွာ ရေတွေထဲက ဟိုတယ်လေးတွေ လိုချင်သေးတယ်။ လိုက်မယ့်သူတွေက ညအိပ်ရုံပဲမို့ နေဖြစ်တယ်ဆို အိုကေတဲ့။ ဒါနဲ့ နောက်ဆုံးတော့ အလယ်အလတ်ကိုပဲကြားချပြီး အဆင်ပြေနိုင်မယ့်ဟိုတယ်ကိုပဲ ဘွတ်ကင်တင်ခဲ့လိုက်တယ်။ လေဆိပ်နဲ့အတော်လေးနီးပါတယ် ဒါပေမယ့် ပင်လယ်ကမ်းခြေက အစစ်မဟုတ်ခဲ့ဘူး။ ပြီးတော့ စားသောက်ဆိုင်တန်း လူစည်ကားတဲ့အရပ်နဲ့ ဝေးလံနေခဲ့တယ်ဆိုတာ ရောက်တော့မှ သိခဲ့ရတာ။
ထုံးစံအတိုင်း ခရီးတစ်ခုမှာ အခက်အခဲပေါင်းများစွာနဲ့။ ခြောက်ယောက်မှာ တစ်ယောက်သောသူက မရောက်သေးခဲ့။ ဖုံးတွေဆက်တော့ လာနေတယ်လမ်းမှာတဲ့။ ရောက်ပြန်တော့လည်း သူရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ အထဲကို မဝင်နိုင်ခဲ့ပြန်သေး။ စ စချင်းဖြစ်တာကတော့ အတူခရီးသွားမယ့်သူတစ်ယောက် သူရဲ့ SPass ကို cancel လုပ်ပြီး white card နဲ့နေ,နေ ဆဲကာဖြစ်နေတယ်။ ပြီးတော့သူက ပြန်ဝင်လာဖို့ Visa ကိုလည်း မလျှောက်ထားမိခဲ့ဘူး။ ဆိုတော့ လူဝင်မှုကြီးကြပ်ရေးက တစ်ခါတည်း သူ့ white card ကိုသိမ်းသွားပါလေရော။ အဲဒီတော့မှ ဟင့်အင်း ငါမလိုက်တော့ဘူး ပြန်ဝင်မယ်တဲ့။ အရာရှိက မရပါဘူးလို့ ဇွတ်ငြင်းတော့တာပါပဲ။ လေဆိပ်က လူဝင်မှု ဌာနမှာ စုံစမ်းပေမယ့် အကြောင်းမထူးပါဘူး။ မလေးကနေ visa လျှောက်ပြီး ပြန်ဝင်လာခဲ့ပါတဲ့။ နောက်ဆုံးမတော့ သူလည်း စိတ်မပါလက်မပါနဲ့ boarding ဆီကို သွားရတော့တာပါပဲ။
ဒုတိယတစ်ခုကတော့ ရေဗူး။ အထဲမှာ ရေဆာရင်သောက်ဖို့ ရေဗူးနှစ်ဗူးကို စျေးကြီးကြီးပေးဝယ်မိခဲ့တယ်။ boarding ဝင်တော့မယ်ဆိုတော့ ရေဗူးထဲက ရေကို သွန်ပါတဲ့။ စျေးကြီးကြီးရယ် ရေဗူးရယ် တစ်လှည့်ဆီကြည့်ပြီး နှမြောနေမိတော့တာပါပဲ။ ပါလာတဲ့ တစ်ယောက်က အမျှော်အမြင်ကြီးစွာ ငါအကုန်သောက်မယ်ဆိုပြီး သောက်ရှာတယ်။ အထဲကရေတော့ ပြန်ဖြည့်လို့ ရပါတယ်။ ဒါပေမယ့် ဟိုရေလေးတွေက စျေးအကြီးသား…
Air Asia နဲ့ ပထမဆုံးအကြိမ်ပေါ့။ နောက်ကတစ်ဖွဲ့ကတော့ စကားတွေဖောင်ဖွဲ့လို့။ နာဆီလာမက်စားကောင်းတယ်ဆိုပြီး အမှာကောင်းပေမယ့် online ကနေ ကြိုမှာမထားတဲ့အတွက် မရလိုက်ပါတဲ့ဗျား။ ဓါတ်ပုံရိုက်မယ့်သူတွေကလည်း ကင်မရာတစ်ပြင်ပြင်ပေါ့။ တိမ်တွေကို ရိုက်မယ် ရှုခင်းရိုက်မယ်နဲ့ ကင်မရာကြီးတစ်ချိန်ချိန်။ သိပ်မကြာခင်မှာပဲ ကျွန်းစု ငယ်လေးတွေကို မြင်ရတယ်။ ရေပြင်တွေကြားက ကျွန်းစုလေးတွေကို ရိုက်နေမိသေးတယ်။
လေယာဉ်ဘီးလုံးချပြီဆိုတော့ ငြိမ့်ခနဲပဲ။ မြန်မြန်ထက်ထက်ဆင်းပြီး လေယာဉ်ကွင်းက ရှုခင်းတွေကို ရိုက်ဖို့ အဆင်သင့်ပြင်။ လေယာဉ်ထိပ်ဖူးကိုင်ရိုက်ချင်တဲ့သူ ရှိသေးတယ်ဗျ။ ဟဲဟိုးလေဆိပ်လေးလိုပါပဲ။ သိပ်မကြီးလွန်းမသေးလွန်းပေမယ့် သေသပ်လှပတဲ့ လေဆိပ်ငယ်တစ်ခုပါ။ အဲယားကွန်းမရှိတာတစ်ခုပဲ။
တတိယအခက်အခဲကတော့ ခရီးသွားသူ ခြောက်ယောက်ထဲမှာ တစ်ယောက်တည်း မလေး လူဝင်မှုမှာ ကျန်နေခဲ့တာပါပဲ။ သူတို့ computer system down သွားတာမို့ ခဏစောင့်ပါဆိုတော့ သူတစ်ယောက်တည်း အဲ့ဒီဖက်အခြမ်းမှာ။ လေယာဉ်တစ်စင်းလုံးက ခရီးသည်တွေ ဒီဖက်ရောက်ကုန်ပြီလေ။ အသွားတင်ပဲလားဆိုတော့ မဟုတ်ဘူးခင်ဗျ အပြန်မှာလည်း သူ့အလှည့်မှာ system down ပြန်ရော။ ဘာဆုများတောင်းခဲ့လဲ မသိနော်။
လေဆိပ်ငယ်လေးထဲမှာ ဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်။ ပြီးတော့ ပြန်ဝင်မယ့်သူအတွက် KLလေယာဉ်လက်မှတ်တစ်ခါတည်းဝယ်။ များတယ်လုပ်နေသေးတယ်နော် ရွေးစရာလမ်းမှ မရှိတော့ပဲ။ အိုကေပြီ ဆိုတော့ ကားစငှားရပြီ။ ၁၈ကျပ်ပဲ ပေးရတယ်ထင်တယ်။ သိပ်မှမဝေးပဲ။
ဟိုတယ်အခန်းတွေက အဆင်ပြေပါတယ်။ ဘန်ကောက်က ဟိုတယ်တွေလောက် မကျဥ်းဘူး။ ခဏနားပြီးရင် ခရီးပြန်စဖို့ ကျနော်က ခရီးသွားကောင်တာမှာ တောင်မေးမြောက်မေးလုပ်ရင်း စျေးတွေဆစ်နေခဲ့တာ။ တော်လောက်ပြီထင်နေတာ တကယ်က များသေးသတဲ့။ အကြိုအပို့ကားခနဲ့ဆိုရင်တော့ သိပ်မကွာပါဘူး။
ရေမိုးချိုး အဝတ်စားလဲ ပြီးနေ့လည်စာ စားဖို့ အချိန်က သိပ်မကျန်တော့။ ကားက သိပ်မကြာခင်လာကြိုတော့မှာ။ ရွေးချယ်ချိန်သိပ်မရတာမို့ ဟိုတယ်က စားသောက်ဆိုင်မှာပဲ ထမင်းကြော်ချည်း မှာပစ်လိုက်တယ်။ ထမင်းတွေက ထွေးနေတာမို့ သူတို့ထမင်းကြော်က တစ်မျိုးပဲ။ ပိုက်ဆံရှင်းတော့ အတော်လေးကျသွားတာ အင်းဟိုတယ်မို့ နေမှာပါလေ။ တကယ်က ပိုက်ဆံမှားတောင်းတာဆိုပြီး နောက်တစ်နေ့မှာ ပိုက်ဆံတွေလာအမ်းသွားပါတယ်။ accountant တစ်ယောက်မှ မပါတာ အဲ့ဒီမှာ နာတာပဲ။
ပထမဆုံးက ကိုယ်ဝန်ဆောင်မိန်းမပုံဖြစ်နေတဲ့ ကျွန်းဆီကိုပါ။ လာကြိုတဲ့ကားက ကျနော်တို့ဆီက ကားလိုပဲ တကယ့်ကကြီးရေချာ ၀စ္စနှစ်လုံးပေါက်ကား။ အနှီကားရယ် တောလမ်းလိုလို အိမ်ကလေးတွေရယ်က ရွှေပြည်ကြီး လွမ်းအောင်ဖန်တာပေါ့။ ကြယ်ငါးပွင့် ခမ်းနားလှတဲ့ ဟိုတယ်ကြီးရှေ့မှာ အဖြူ အာမို နှစ်ယောက်ကို သွားကြိုတော့ ဒီဟိုတယ် တည်းချင်လိုက်တာ ဖြစ်ကြပြန်ရော။ အပြန်မှ ဓါတ်ပုံရိုက်မယ်တေးထားခဲ့ပေမယ့် မရိုက်ဖြစ်ခဲ့ပြန်ဘူး။
စက်လှေဆိပ်ကိုရောက်တော့ ကောင်းကင်ပြင်ရယ် ပင်လယ်ရယ် ရှုခင်းတွေက တမေ့တမော။ အဲ့ဒီအချိန်မှာ အလုပ်အကြောင်းတွေ ခေါင်းထဲမှာ မရှိ ဘယ်ပူပင်သောကမှ မရှိတော့တာမို့ ခရီးထွက်ရခြင်း အကျိုးပေပဲလို့ ကိုယ့်ဖာသာ မှတ်ချက်ချမိတယ်။ ဒါမှလည်းနောက်ထပ် ခရီးတွေသွားဖြစ်နေမှာလေ။
ရေပြာပြာ လှိုင်းဖွေးဖွေးကို လက်ကထိရင်း အင်းထဲမှာ စက်လှေစီးရတာရယ် မကွေး-မင်းလှ စက်လှေခရီးရယ်ကို ပြန်တွေးမိသွားပြန်ရော။ နေရာချင်းမတူပင်မယ့် အိမ်ပြန်ခရီးလိုခံစားမိသွားလို့ပါလေ။
ရှုမဆုံးတဲ့ ပင်လယ်ပြင်အလှကိုတော်တော်လေး ကျော်လာပြီး စ စချင်းမြင်ရတာက တံတားရှည်တစ်စင်းပါပဲ။ ပင်လယ်ထဲကိုထိုးထွက်နေတဲ့ တံတားရှည်အဆုံးမှာ ခရီးစဉ်တစ်ခုပေါ့။ တောင်ပေါ်ကို တက်ရင်း ရေချိုကန်တွင်းတစ်ခုကို သွားရတယ်။ နိုင်ငံခြားသားတစ်ချို့က တဘက်တစ်ထည်ရေကူး ဝတ်စုံနဲ့ဆိုတော့ ဘာများပါလိမ့်ပေ့ါ။ ရေချိုကန်မှာ ရေဆင်းကူးကြမယ်ထင်ပါတယ်။ သဘာဝကန်ကို chemical တွေနဲ့ ညစ်နွမ်းပျက်စီးမှာ စိုးတာကြောင့် ရေချိုးဖို့အသုံးအဆောင် ဆပ်ပြာ ခေါင်းလျှော်ရည်တွေ သုံးစွဲခွင့် မပြုပါဖူးတဲ့။ အင်းလေးကန်ကိုကော ထိန်းသိမ်းဖို့ အင်း……………
ကန်အတွင်းမှာ အပျော်စီးဖို့ ခြေယက် လှေကလေးတွေ ကန်တော်မင်ပန်းခြံထဲမှာ ကျနော် ဂျီကျလို့ ဖေနဲ့မေ ခြေညောင်းအောင် ယက်ခဲ့ရတဲ့ လှေမျိုးလေးတွေပါပဲ။ ဓါတ်ပုံတွေ အားရအောင်ရိုက်ပြီးတော့ တံတားဖက်ကိုပဲ မြန်မြန်လျှောက်ဖြစ်ခဲ့တယ်။ ဘာမှလည်း လောက်လောက်လားလား မရှိဘူးလေ။
လူပြိုကြီးလုပ်လာတဲ့ တစ်ယောက်ကလည်း ဟိုနား တစ်ပုံလောက် ဒီနားတစ်ပုံလောက်ဆိုလို့ ရိုက်ခဲ့ပေးရပါသေးတယ်။ ရှုခင်းပုံတွေက သဘာဝအလျောက် လှနေလျက်သားနဲ့ သူပါမှပဲ ပျက်တော့တယ်။ ဇနီးနဲ့သားလေးအတွက်လို့တော့ ပြောတာပါပဲ။ ချင့်ယုံကြတာပေါ့ဗျာ။
နောက်တော့ လန်ကာဝီရဲ့ အဓိကဇာတ်ဆောင်တွေရှိတဲ့ဆီပေါ့။ ကင်မရာ မှန်ဘီလူးရှည်ကိုလဲလိုက် မှန်ဘီလူးတိုကိုလဲလိုက်။ မြန်လိုက်တဲ့ ငါ့ကောင်တွေရ။ ဖျတ်ခနဲထိုးဆင်းလိုက် သေချာချိန်ပြီး ရိုက်လိုက်တော့ လေဟာနယ်။ ကဲ..ဓါတ်ပုံဆရာတော်ပါတယ်ဆို ငါ့ကောင်တွေရယ် ဖြည်းဖြည်းသက်သာ ပြန်ပါတော့လို့ ညည်းယူရတယ်။ အလင်းအမှောင် ချိန်ဖို့ကို သတိမရတာမို့ နှိပ်လာသမျှ ပုံတွေကလည်း မှောင်နဲ့မည်းမည်း လရောင်လည်းမသဲကွဲဆိုသလို။ ပညာရပ်ဆိုတာ သင်လို့ကို မဆုံးနိုင်ဘူးနော်။
နောက်တော့ ကျွန်းငယ်လေးတစ်ခုကို လိုက်ပို့ခဲ့တယ်။ ပင်လယ်မှာ ရေပြင်ကြည်စိမ်းနေတာနဲ့ ပြာလဲ့နေတဲ့ အရပ်တွေရှိတယ်။ အခုနေရာက ပြာလဲ့နေတာပေါ့။ ရေကြိုက်တဲ့ ကိုယ်လိုလူက ရေထဲဆင်းချင်လိုက်တာ။ အဖြူစုံတွဲက ပါလာတဲ့ အပေါ်ကအဝတ်တွေကို အဆင်သင့်ချွတ် အောက်က ရေကူးဝတ်စုံကိုယ်စီနဲ့ ရေထဲဆင်းချိန်မှာ ကျလိကျလိဖြစ်နေခဲ့ပြီ။ well prepare လုပ်ဖို့ လိုသွားခဲ့တာပါပဲ။ မဟုတ်ရင် ရေထဲမှာ ပျော်ရမှာ။
အိမ်ပြန်ချိန်ကျ နေလုံးက ညိုနေပြီ။ ခဏလေးပါလားနော်။ အင်း ပိုက်ဆံများ ရှာရတာ ခက်သလောက် အခုလို သုံးလိုက်တော့ အသံတောင်မကြားလိုက်ရ။ ကမန်းကတန်း ရေချိုး ညစာစားဖို့ အပြင်ဖက်ကို အစာထွက်ရှာဖို့ပါ။ အနီးအနားမှာ မုန့်စျေးတန်းဆိုတော့ အပြေးအလွှားအပေါ့။ တွက်ရေးက စက်သူဌေး တွက်ကြည့်တော့ စက်မရှိ အစားအစာတွေက ကိုယ်တွေအကြိုက်မဟုတ်တာမို့ နယ်မြေသစ်ရှာဖွေဖို့ ခြေလှမ်းစ။ ကိုလံဘတ်လိုဘာလိုလိုပါ။ ၁၈ ကျပ်ပေးခဲ့ရတဲ့ ခရီးကိုလမ်းပြန်လျှောက်တယ် လေဆိပ်ရောက်မှ တက္ကစီကိုငှားပြီး လမ်းတဝက်က အဖော်တွေကို ခေါ်တင်ခဲ့တာပေါ့။
ပင်လယ်စာ ပင်လယ်စာ ပင်လယ်မြင်ကတည်းက တကြော်ကြော်ကျွေးကြော်လာခဲ့တာ။ အကောင်းဆုံးစားသောက်ဆိုင် ရောက်တော့ အမျိုးတွေနဲ့တွေ့ပြန်ရော။ အစ်ကိုတို့ဘာသုံးဆောင်မလဲဆိုကတည်းက အဖွဲ့ကျ သွားတော့တာပါပဲ။ ဟိုဟင်းလေးမြည်းကြည့် ဒီဟင်းလေးမြည်းကြည့် နဲ့ ညွှန်းတော့တာကိုး။ အဲ့ဒီမှာပဲ ကျနော်တို့ ဇာတ်လိုက်ကျော် ဦးကျော်နဲ့စတင်ဆုံဆည်းခဲ့ကြတယ်။ ကျနော်တို့အတွက် တကယ့် လမ်းပြတစ်ယောက် အစ်ကိုတစ်ယောက်ပါပဲ။ နောက်နေ့ကစလို့ ပြန်တဲ့ မနက်အထိ ဦးကျော်ရဲ့ အကူအညီတွေ အများသားပါ။
ဒုတိယနေ့မှာတော့ ဟိုသွားမယ် ဒီသွားမယ်ကနေခြေခင်းလက်ခင်းသာတုန်း ဟိုးအဝေးက တောင်ပေါ်မှာ cable car စီးကြမယ်ဖြစ်သွားတယ်။ မိုးတွေတစ်အားရွာတတ်တယ်။ မိုးတွေရွာရင် cable car မစီးရတော့ဘူးဆိုတော့။ ဒီရောက်မှတော့ စီးဖြစ်အောင်စီးမယ်ပေါ့။ ဒီမှာ စီးမယ်ဆိုပေမယ့် စျေးက အကြီးသားလေ။
သွားတဲ့လမ်းခရီးမှာ ရွက်လှေဆိပ်လှလှလေးရှိတယ် ဆိုတော့ ကင်မရာသမားနှစ်ယောက်က မျက်စိလေးတွေ အရောင်တောက်သွားတယ်။ ဒါပေမယ့် တကယ်တမ်း ရောက်တော့ နေကတစ်အားပူနေခဲ့တာ။ ရွက်လှေဆိပ်ကတော့ လှပါတယ်။ တောင်ပေါ်တက်တဲ့လမ်းကလေးက မေမြို့လမ်းကလေးလိုလို တောင်ကြီးလမ်းကလေးလိုလို။
Cable car နေရာကိုရောက်တော့ မထင်လောက်အောင် ငြိမ်သက်တိတ်ဆိတ်လို့။ အဝင်က ဆိုင်လေးတွေမှာလည်း မလှုပ်တလှုပ်။ အကောင်လေးတွေ မွေးထားတဲ့ ဥယျာဉ်ငယ်လေးကိုလည်း ဖြတ်ခဲ့တယ်။ လက်မှတ်ဖြတ်တဲ့နေရာ ရောက်တော့လည်း ပုံမှန်လိုပဲ။ တိုးတိုးကြိတ်ကြိတ်မရှိလှ။
မျဉ်းအဝါရောင်လေးတွေ မြင်တော့ please stand behind the yellow line ဆိုတဲ့အသံမကြားရပါလားလို့တောင် တွေးနေမိသေးတယ်။ တကယ်က MRT မှာမှ မဟုတ်ပဲကိုး။ တစ်စင်းပြီးတစ်စင်း သူ့အလိုအလျှောက် တံခါးလေးတွေပွင့်လာခဲ့တာ။ အရမ်းချစ်ခင်ကြတဲ့ ကျနော်တို့ ခြောက်ယောက်လုံး စည်းလုံညီညွတ်စွာ တစ်စင်းထဲမှာတက်ခဲ့ကြတယ်။ လေဟာနယ်တစ်ခုကို ရောက်ပြီဆိုတော့မှ သတ္တိကောင်းသူကြီးနှစ်ယောက်ကို တွေ့ရတော့တယ်။ တစ်ယောက်လက်ကိုတစ်ယောက်ကိုင်လို့ အားပေးနေကြတာ။ ဒါတောင် သိပ်မမြင့်သေးဘူး။ တစ်ယောက်တစ်စင်းစီများ စီးခဲ့ရင် အပေါ်မရောက်ခင် သူတို့အသက်မှီပါ့မလား မသိနိုင်လောက်ပါ။ မြင်ကွင်းတွေ သိပ်လှတယ် လက်မလွတ်စေနဲ့ ကြည့်ဆိုလည်း ဟင့်အင်း မျက်စိကိုအတင်းမှိတ်ခေါင်းကို အတွင်ခါ။
ပထမအဆင့်ရောက်သွားတော့ အေးမြတဲ့လေထု နှင်းနုတွေကို ကြုံရပြီ။ မြူမှုန်တွေဖွေးခနဲ ဖွေးခနဲ ကြဲကြဲချနေတော့တာ။ cable car ပေါ်ကဆင်းတော့ အပေါ်မှာ ကြောက်ခဲ့တာ သူတို့နှစ်ယောက်မဟုတ်သလို ဟိုနား ဓါတ်ပုံရိုက်လိုက် ဒီနားဓါတ်ပုံရိုက်လိုက်။ နောက်တစ်ဆင့်တက်မယ်ဆိုတော့ သူတို့ဇာတ်လမ်းပြန်စပေါ့။ အပျင်းတော့ပြေသား။
အမြင့်ဆုံးတောင်ပေါ်မှာတော့ မြူတွေက အုပ်ဆိုင်းမှုံမှိုင်းနေပြီ။ sky bridge ကိုသွားမယ်ဆိုတော့ ထုံးစံအတိုင်း သတ္တိခဲတွေက နောက်ခြေလှမ်းနေပြီ။ လာပါကွာ အရမ်းလှတယ်။ မလျှောက်တော့လည်း အစမှာနေခဲ့ဆိုမှ ပါလာခဲ့တာ။ တကယ်တမ်းလျှောက်ပါဆိုတော့ ဘောင်ကိုင်ပြီးလျှောက်တာတောင် ရှေ့ခြေမလှမ်းရဲ။ ဒါနဲ့ အမျိုးသမီးအာဇာနည်နှစ်ဦးက ကူပြီး မျက်ကန်းနှစ်ယောက်ခေါ်သလို မျက်စိမှိတ်ပြီး တံတားကို ကူးခိုင်းရတာ။ အဲ့လောက်ထိ။ ဗိသုကာပညာရပ်တွေနဲ့ လှပတဲ့ကြိုးတံတားတစ်ခုပါပဲ။ အမြင့်နဲ့ပနာရလောက်အောင် ဆောက်ထားတဲ့ ဗိသုကာပညာကတော့ အံမခန်းပါ။
Cable car နောက်ပြန်ဆင်းချိန်မှာတော့ ဉာဏ်ကြီးရှင်က အောက်ကိုဆင်းတဲ့ဖက်မှာ နေရာဦးခဲ့ပြီးနေပြီ။ ဒါတောင် အလယ်ကိုလုနေကြသေးတယ်။ တောင်အောက်ရောက်တော့ ဗိုက်အတော်ဆာနေခဲ့ပြီ။ အနီးအနားမှာဆိုင်ရှိတယ်ဆိုပေမယ့် တော်တော်လေး ဝေးဝေးကို ပြန်ဆင်းခဲ့ရတယ်။ ငါတို့ဆိုတဲ့ စားသောက်ဆိုင်လေးပါ။ ပြည်ကြီးငါးကြော်ကို တော်တော်လေး အရသာတွေ့မိတယ်။
နောက်တော့ ရေတံခွန်ဆီပေါ့။ ဒီတစ်ခါတော့ well plan မို့ ရေတံခွန်မှာ ရေချိုးခဲ့ရတယ်။ အေးစက်ကြည်လင်တဲ့ ရေကြောင့် တောင်ပေါ်တက်ခဲ့သမျှ အမောတွေ ပြေရောဆိုပါတော့။ ရေတံခွန် ကနေ ပြန်တော့ လူကပင်ပန်းစပြုလာပြီ။ ဒါပေမယ့် သဲသောင်ပြင်အမည်းတွေရှိတဲ့ဆီကို သွားဖြစ်ခဲ့သေးတယ်။ ကျိန်စာသင့်တယ်လို့ အဆိုရှိတဲ့နယ်မြေပေါ့။ ထူးဆန်းစွာ အဲ့ဒီကမ်းခြေလေးတစ်ဝိုက်မှာပဲ သဲတွေမည်းနေခဲ့တာ။ သစ္စာဆိုတဲ့ စကားလုံးကို သက်သေပြဖို့ ဖြစ်မယ်လို့ တွက်ဆမိတယ်။
ပြီးတော့ နောက် အစီအစဉ်အတွက်လက်မှတ်ဝယ်ရင်း နောက်ထပ်ကမ်းခြေတစ်ခု။ အဲ့ဒီကမ်းခြေမှာ ညနေ လေးနာရီကျော်ရင်လူသွားလမ်းလို သဲလမ်းလေးတစ်ခု ပေါ်လာတတ်ပြီး ပင်လယ်ထဲတော်တော်လေးနက်သည် အထိ ကိုသွားလို့ရခဲ့တယ်။ အင်းတော်ကြီး အိုင်မှာ ပေါ်တဲ့လမ်းလိုမျိုးဖြစ်မယ်လို့ ထင်မိတယ်။ ကျန်တဲ့အချိန်မှာတော့ ပင်လယ်ပြင်ကြီးသက်သက်ပဲ။
နောက်ဆုံးမှာတော့ Eagle Square ကိုသွားကြမယ်ဆိုပြီး ညနေစောင်းကို အချိန်ဖြုန်းခဲ့သေးတာ။ ညနေစာကိုတော့ နောက်ထပ်အမျိုးတွေရှိတဲ့ ကိုရီးယား ဆိုင်မှာပါ။ အညာဆေးရိုး အန်းဂျော့တို့နောက်ပိုင်းမှာတော့ အမကဘယ်ကလဲ ဟာ အစ်ကိုကြီးကလည်း ဗမာပဲလား ဖြစ်ကုန်ရော။ အကြိုက်ဆုံးကတော့ အာလူးကြော်လေးတွေပါပဲ။ ဆင်းရဲတဲ့မလေးမိသားစုတွေလာစားဖြစ်ရင် အလကားမတ်တင်း ပေးတတ်တဲ့ ဟင်းရံလေးတွေနဲ့ မှီးစားကြတယ်တဲ့။ ကျနော်တို့လည်း သုံးပွဲလောက် အပိုချပေးပါတောင်း ထားရတယ်။ ပင်လယ်စာတွေနဲ့စာရင် စျေးအတန် ကြီးနေတာကိုး။
တတိယနေ့ကိုတော့ မယ်လမုလေးများ ရလေမလား ရှာကြည့်ဖြစ်ခဲ့တယ်။ မတွေ့ပါဘူးလေ။ တကယ်က သူလာနေလည်း အနားက လူဆိုးတွေနဲ့ဆိုတော့ ဘယ်လာရဲမလဲ။ မယ်လမုတန်းအလွမ်းပြေဆိုပြီး စာတစ်ပုဒ်ဖြစ်နိုင်လောက်ရဲ့။ နိုင်ငံတကာက ကိုယ်ပိုင်ရွက်လှေတွေ သင်္ဘောတွေလာရပ်တဲ့ နေရာကိုလည်း ရောက်ဖြစ်သေးတယ်။ လင်းနို့ဂူကိုတော့ အနံ့နဲ့တင် အဝေးက နေမိတယ်။ အထဲမှာ ဘာရှိရှိ မကြည့်ချင်တော့။
နောက်တော့ ပင်လယ်ဝ ဆီကို ထွက်လာဖြစ်တယ်။ ပင်လယ်ကမ်းခြေ တစ်ခုမှာ ရေချိုးခွင့်ပြုမယ်လို့ မနေ့က သဘောတူညီချက်ယူခဲ့တာကိုး။ ပုံပြင်ဆန်တဲ့ ဂူလေးတစ်ခုကိုလည်း ရောက်ခဲ့သေးတယ်။ ထိုင်းမင်းသမီးတစ်ပါး ထွက်ပြေးပုန်းအောင်းတဲ့ နေရာတစ်ခုပေါ့။ တကယ်တမ်း ရေချိုးမယ့် ကမ်းခြေကိုပြတော့ တကယ့် ကမ်းခြေသက်သက် ရေအနက်ကိုမေးတော့ ကိုယ့်တစ်ရပ် မကတော့။ ပြီးတော့ အဝတ်အစားလဲဖို့ ရေချိုချိုးဖို့ နေရာမရှိဆိုတော့ ကဲ ပြန်ပါတော့လို့။ ထမင်းလည်း ဆာပြီလေ။
နောက်တော့ ပင်လယ် လှိုင်းတွေကြားထဲ အလူးလူးအလိမ့်လိမ့်။ ဂျူးရဲ့ဇာတ်ကောင်ကိုတောင် သတိရမိသေးတယ်။ အခုနေ ဘယ်သူမှ လာမမေးလို့သာပေါ့။ ဘုရားတရားတရင်း လှိုင်းလူးနေတဲ့ စက်လှေဘောင်ကို အတင်းကိုင်ရတော့တာပါပဲ။ ကြောက်တတ်တဲ့သူတွေလား မမေးပါနဲ့တော့ဗျာ..
နေ့လည်စာကိုတော့ ရေပေါ်စားသောက်ဆိုင်လေးမှာပါပဲ။ ပင်လယ်ထဲနီးလို့ထင်ရဲ့ စျေးအတော်ချိုတယ်။ ငါးတွေကိုလည်း ပြနေတာတွေ့မိသေးတယ်။ ဒါပေမယ့် မိုးလည်း နည်းနည်းရွာနေတာမို့ ဆိုင်ထဲမှာပဲ ပြန်ထိုင်ရင်း ရောက်လာမယ့် နေ့လည်စာကို မျှော်နေခဲ့မိတယ်။
အပြန်မှာတော့ နာမည်ကျော် မင်းသမီးရဲ့ ပြတိုက်ကို သွားကြည့်ဖြစ်ခဲ့တယ်။ မင်းသမီးရဲ့ ကျိန်စာသင့် နယ်မြေတစ်ခုဖြစ်နေခဲ့တဲ့ ဒီအရပ်က အခုမှ ဖွံ့ဖြိုးတိုးတက်လာတာ ကျိန်စာသင့်ကာလ ကျော်လွန်လာတဲ့နောက်လို့ ယုံကြည်နေခဲ့ကြတယ်။ မသွားဖြစ်ခဲ့တဲ့ နေရာတစ်ခုကတော့ မီးလောင်တဲ့ ဆန်တွေရှိတဲ့အရပ်ပါပဲ။
အိမ်မပြန်ခင် ညနေစာကိုတော့ အမျိုးတွေရဲ့ ပင်လယ်စာဆိုင်မှာပါပဲ။ နောက်နေ့ပြန်တော့မှာမို့ နှုတ်ဆက်ညစာ ဖြစ်ခဲ့တယ်ဆိုပါတော့။ ဦးကျော်နဲ့လည်း ထမင်းလက်ဆုံစားဖြစ်ခဲ့တယ်။
နောက်နေ့ မနက်မှာတော့ နာမည်ကျော် လန်ကာဝီကို ကျောခိုင်းဖို့ ပြင်ကြရပြီ။ လေယာဉ်ဆိပ်မှာ ပစ္စည်းတွေကို စစ်ဆေးပြီးကြောင်းတံဆိပ်ကပ်တဲ့ အစောင့်အလုပ်ကို အပူအပင်ကင်းလိုက်တာ အဲ့လိုအလုပ်မျိုးလုပ်ချင်တယ် ညည်းခဲ့ကြသေးတယ်။ အလုပ်ကို ပြန်ဝင်ရတော့မယ်ဆိုတော့ အဲ့လို စိတ်တွေ ဂယောက်ဂယက် ဖြစ်ချင်လာကြပြီ။
ဒါပေမယ့် အဲ့ဒီရက်ပိုင်းကာလမှာတော့ ပျော်ရွှင်ခဲ့ရတယ်။ ဘဝအသစ်တစ်ခုလို အဲ့ဒီရက်ပိုင်းလေး က ဖြစ်တည်စေခဲ့တယ်။ ဒါကြောင့်လည်း ခရီးတွေထွက်ရင်း အပန်းဖြေဖို့ အမြဲကြိုးစားနေဖြစ်ခဲ့တာ။
ပြန်လာတဲ့လေယာဉ်နဲ့အတူ လန်ကာဝီခရီးစဉ်က ပြီးဆုံးခဲ့ပါတယ်။ ဒါပေမယ့် ဓါတ်ပုံတွေ ပြန်ကြည့်ဖြစ်တိုင်း ဒီနေရာလေးမှာ ဘယ်လိုပျော်ခဲ့ကြတာဆိုတဲ့ စိတ်ကတော့ ကုန်ခဲ့ရတဲ့ အချိန်ကာလ ငွေတွေအတွက် နှမြောတသ မဖြစ်စေခဲ့တာ သိပ်သေချာနေခဲ့တယ်။
အခက်အခဲတွေလည်း ကြုံခဲ့တယ်ဆိုပေမယ့် နောက်နှစ်မှာလည်း ခရီးတစ်ခုခုတော့ သွားဖြစ်ဦးမှာပါ………..
21 comments:
ပျော်စရာခရီးစဉ်လေးဘဲ
ဖတ်ပြီးသားခရီးစဉ်ပေမဲ့
ကိုရွာသားရေးတော့လဲ နောက်တစ်မျိုးလေးဖတ်ရတာကောင်းလိုက်တာ
မလိုက်ရလို့ မနာလိုဘူးး
း(((
ခရီးသွားတောလား ဖတ်သွားပါတယ်ဗျာ..
ဓာတ်ပုံမပါဘူးလား
တခုခုလိုနေသလို...
သူတော်ကောင်းလေးကို ခေါ်မသွားတော့ ဒွက်ခတွေ ရောက်ကြသပေါ့။
ဟုတ်တယ် ဓါတ့်ွှပုံလိုနေတယ်။့ပုံပြောနေသလိုဘဲ။
This post make me smile . I miss that trip.
မျက်စေ့နောက်လိုက်တာ
=)
လန်ကာဝီကို လိုက်ခဲ့တယ်.. ပျော်လိုက်မောလိုက်နဲ့ပဲပေါ့...
virtual toured.
အခုမှ ယုံသွားတယ်။
ပုံတွေသိပ်လှတယ်။ တော်တယ်။ ကိုယ်တိုင် လိုက်လာခဲ့ရသလိုပဲ။ ရေထဲလည်း ဒိုင်ဗင်သာ ထိုးချပစ်လိုက်ချင်တော့တယ်။ မသိတာတွေလည်း သိရတယ်။ စာနဲ့ ခရီးလည်းထွက်ရတယ်။ တစ်ရက်တော့ သွားဖြစ်အောင် သွားပါဦးမယ်။
လှချက်တော့..
သွားဖို့  ကြိုးစားပေမယ့်  မရောက်ဖြစ်တဲ့  နေရာတခုပါ
Malaysia က အစားအစာ တွေ အရမ်းတန် ပြီး ကောင်းပါတယ်
Sin 1$ = 2.34 Malay RM
ဆိုတော့ သွားရတာ တန်ပါတယ် ။
မနေ့က တခါက်လာဖတ်ပြီးပြီ၊ ဒါပေမယ့် ပုံတွေမပါတော့ ဖတ်ရတာ တခုခုလိုနေသလိုပဲ... အခုတော့ ပိုပြည့်စုံသွားတာပေါ့...
အပေါ်ဆုံးက တိမ်တွေပုံရယ်၊ အဖြူရောင် ယုန်ကလေး ပုံရယ် လိုချင်တယ်...း))
လန်ကာဝီခရီးစဉ်လေး ရေးပေးထားလို့  ကျေးဇူးပါ
သိသင့် မှတ်သင့် တဲ့အပြင် ခရီးသွား ဗဟုသုတပါရလို့  အမြဲတမ်းခရီးများ၂ထွက်ပါလို့ တောင် ဆုတောင်းပေးမိတယ်
တချို့ နေရာလေးတွေမှာ မြန်မာနဲ့  ယှဉ်၂ပြီးတွေးထားတာလေးဖတ်ရပြန်တော့ စာရေးသူ စိတ်ကူးကောင်းသားလို့  တွေးမိပြန်တယ်
ဒါ့ပုံလေးတွေကြည့်ပြီး ကိုယ်တိုင်ရောက်သလိုခံစားမိတယ်
စိတ်ကူးကောင်းတဲ့ တံတားကြီးကို သဘောကျမိပေမယ့် တို့ လည်း သတ္တိခဲလေ
ရေတွေ ရေတွေ ချစ်ပေမယ့် စက်လှေသာစီးရမယ်ဆို အပေါ်ကလို သတ္တိခဲပဲ
ဒါ့ပုံတွေကတော့ အရမ်းကောင်းလွန်း အသက်ဝင်လွန်းပါတယ် ဒါ့ပုံဆြာ
လန်ကာဝီ သွားဖို့ အမတို့ လင်မယား စိုင်းပြင်းနေတာ...ကြာပြီ၊ ခုလို စာနဲ့ ပုံလေးတွေနဲ့ တွဲဖတ်လိုက်ရတော့ ရောက်ဖူးသွားသလိုပဲ...။ ခရီးသွား တောလားလေးနဲ့ ခေါ်သွားတဲ့ အတွက် ကျေးဇူးပါ မောင်ရွာသားရေ...။
ဒါ့ပုံတွေ ဝေေ၀ဆာဆာနဲ့ စေတနာပါပါ ပို့စ်အရှည်ကြီးရေးထားတာကို ဖတ်သွားပါတယ် ရွာသား
ရေ.... လန်ကာဝီတဲ့ သွားဖူးချင်သား..း)
ကုသိုလ်တွေလုပ်နေတယ်ကြားရလို့ အရမ်းဝမ်းသာ
မိပါတယ်။ ကုသိုလ်တွေ အများကြီးရပါစေ။
ဘလော့ဂါတွေ အပျင်းရောဂါရနေသလို..အစ်မကထိပ်ဆုံးက ဖြစ်နေတယ် ထင်တာပဲ..
အိမ်လည်မရောက်ဖြစ်တာ တွေ့ပုချိ။း)
အခု ရောက်အောင်လာခဲ့တာပဲ။
မကြီးဝါ
Great post or good travel blog, love it.
မရောက်နိုင်သေးတာနဲ့ စာနဲ့ ဒါတ်ပုံတွေပဲ တ၀ကြီး ကြည့်သွားတယ်.... ခရီး တခေါက် သွားလိုက်တာ စိတ်ရော လူရော အားအင်တွေ ပြည့်ပြီး ပြန်လာတယ် မဟုတ်လား :)
အယ်.....စီးကရက် ကနေ ခပေါင်း ဒူးယား တွေ ဖြစ်ကုန်ပါရောလား...ပီ ပီ ရာ ဇာ တွေများ တယ်လဲ မြန်သကိုး....(ပိုစ့် နှင့် မဆိုင်ပါ၊ ဆီဘုံး မရှိ၍ ဤ နေရာမှ လာအော် သွားရပါ၏)
Hi Ywar Thar Lay(YTU),
Really Nice shots for Langkawi! Thanks for sharing your trip. After i read your post, we also want to go there again.
Myoet Thar Lay (NTU) :)
Happy Birthday Ywar Thar Lay
Post a Comment