17 December 2017

ဆမာရမ် (၁)

ဟိုတခေါက် ဆိုလိုက ပြန်လာတဲ့အခါ ဆိုလိုက ကားဆရာနဲ့ သူငယ်ချင်းဖြစ်သွားပြီ။ ကာရီမွန်ဂျာဝါ (Karimon Jawa) ကိုသွားချင်တဲ့အကြောင်း စကားစပ်မိတဲ့အခါ ပြောဖြစ်တယ်။ ဒီလိုနဲ့ ဆိုလိုကို နောက်တခေါက် ပြန်ရောက်ဖြစ်လာတယ်။ ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ဝယ်ပြီးမှ သိရတာက ကာရီမွန်ဂျာဝါကိုသွားဖို့ အစီအစဉ် မဖြစ်တော့ဘူးဆိုတာပါပဲ။  ကာရီမွန်ကိုသွားတဲ့ သင်္ဘောချိန်နဲ့ ကျနော့ ခရီးစဉ်ရက်တွေ လွဲနေတာကြောင့်ပါပဲ။ ဒါနဲ့ပဲ ဆမာရမ်ကို သွားမယ်ဆိုပြီး ခရီးစဉ်ပြောင်းသွားခဲ့တယ်။ 

ဆမာရမ်ဟာ အင်ဒိုရဲ့ ငါးခုမြောက်အကြီးဆုံးမြို့တော်ပါ။ ဆမာရမ်မှာ ဘာလုပ်မလဲ ဘယ်သွားမလဲ ဘာတွေစားမလဲဆိုတဲ့ လေ့လာရေးတွေလုပ်ခရီးစဉ်အတွက် စဉ်းစားရတယ်။ လေယာဉ်ကတော့ ဆိုလိုအထိပဲ ဝယ်ထားပြီးပြီဆိုတော့ကာ...







လေဆိပ်ရောက်တာနဲ့ ကားဆရာက လာကြိုတယ်။ ကျနော်သွားချင်တဲ့ နေဝင်ရှုခင်းကြည့်ဖို့ကားကိုခပ်သွက်သွက်မောင်းတယ်။ နေဝင်ရှုခင်းကြည့်မယ့်နေရာက ကမ်ဒီ ဘိုကိုဆိုတဲ့နေရာပါ။ ရောက်တဲ့အချိန်မှာ လူတွေတော်တော်များနေခဲ့ပြီ။ ပိတ်ရက်မို့ လူများတာထင်ပါတယ်။ ဓါတ်ပုံသေသေချာချာ ရိုက်လို့ မရခဲ့ပါဘူး။ ညနေ နေဝင်တာကြည့်ရင်း ဘိုကိုရဲ့ ဆွေးမြည့်ကြေကွဲဖွယ် ဇာတ်လမ်းကို နားထောင်လိုက်ရတယ်။ ဆိုလိုပြည်ရဲ့ မင်းသမီးလေး လိုရိုဂျုန်ဂရမ်ရဲ့ ကျောက်ဖြစ်နေတဲ့ ရုပ်ထုဟာ ပါရာဘန်နန်း ဘုရားကျောင်းထဲမှာ အခုထိ ရှိနေခဲ့တယ်တဲ့လေ။ ဘန်ဒုမ်ဘွန်ခိုဆိုရိုဆိုတဲ့ မင်းသားလေးက မင်းသမီးလေးရဲ့ခမည်းတော်ကို လုပ်ကြံပြီး မင်းသမီးလေးနဲ့လက်ဆက် ဆိုလိုပြည်ကြီးကို အုပ်ချုပ်လိုခဲ့တယ်။ နောက်ဆုံး ငြင်းမရတဲ့ ကျဉ်းထဲကျပ်ထဲ အခြေအနေမှာ မင်းသမီးလေးဟာ တောင်းဆိုမှုတခုနဲ့ လက်ခံသဘောတူခဲ့တယ်။ အဲ့ဒီတောင်းဆိုမှုက ဘုရားကျောင်းတထောင်ကို ညတွင်းချင်း တည်ပေးနိုင်ရမယ်ဆိုတာပါပဲ။ မင်းသားလေးကလည်း သူ့ရဲ့ တန်ခိုးစွမ်းအားနဲ့ နတ်တွေကို ပင့်ဖိတ်ပြီး တည်လိုက်တာ ဘုရားကျောင်းပေါင်း ၉ ၉ ၉ ဆူထိ ပြီးလာခဲ့တယ်။ ဥာဏ်ကြီးတဲ့ မင်းသမီးလေးက သူ့ရဲ့အချွေအရံတွေကို အရှေ့အရပ်ကနေ မီးထွန်းပြီး မောင်းထောင်းခိုင်းသတဲ့။ မောင်းထောင်းသံရယ် အလင်းရောင်ရယ်ကြောင့် မနက်မိုးလင်းပါပြီဆိုပြီး ကြက်ကထတွန်ခဲ့တယ်။ ကြက်တွန်သံကြားတဲ့အခါ နတ်တွေကလည်း မိုးစင်စင်လင်းပြီ ဆိုပြီးဆောက်လက်စ ဘုရားကျောင်းကို ရပ်ပြီး ပျောက်ကွယ်သွားကြတယ်။ မင်းသားလေးဟာ မင်းသမီးရဲ့ အကြံအစည်ကို သိသွားတဲ့အခါ စိတ်ဆိုးပြီး မင်းသမီးကို ကျောက်ရုပ်အဖြစ် ကျိန်စာတိုက်လိုက်ပြီး မပြီးသေးတဲ့ ကျောင်းထဲမှာ ထားခဲ့တယ်....မောင့်မရပီတောင်စွယ်မှာ နေကွယ်သွားတဲ့အခါ ဒီဇာတ်လမ်းကို အဆုံးသတ်သွားတာကြောင့် ရင်ထဲမှာ ဟာပြီး ကျန်ရစ်ခဲ့တယ်။

ကားဆရာက ညစာကို ဘယ်မှာစားမလဲလို့မေးတဲ့အခါ ရိုးရာအစားအသောက်ကောင်းတဲ့ဆိုင်ကိုပဲ ပို့ပေးပါလို့ပြောတော့ အနီးအနား ဂျိုဂျကာတာက The house of Raminten ကိုလိုက်ပို့ပေးတယ်။ ဆိုင်မှာ လူတော်တော်များတာမို့ အလှည့်ရောက်ဖို့ မိနစ်လေးဆယ်လောက် စောင့်လိုက်ရတယ်။ ရိုးရာအစားအစာတွေပဲ မှာလိုက်တယ်။ ကင်မရာကျောပိုးအိတ်ထားစရာ နေရာမရှိတဲ့အပြင် ထိုင်ရတာ အတော်လေးအဆင်မပြေပါဘူး။ လူကလည်းများတော့ နေရာကို တတ်နိုင်သမျှ ချုံ့ထားဟန်တူပါတယ်။ ခပ်မြန်မြန်ပဲစားလိုက်တယ် ဒီညကိုတော့ ဆိုလိုမှာပဲပြန်အိပ်ခဲ့တယ်။ မနက်ကို အစောကြီးထပြီး ဆမာရမ်သွားမယ်....

No comments: