ရထားက အချိန်မှန်ပါတယ်။ အိပ်စင်ကိုရွေးထားတာမို့ လေးယောက်ခန်းမှာ တခြားဘေဂျင်းသူဘေဂျင်းသား စုံတွဲက တခြမ်း ကျနော်တို့နှစ်ယောက်ကတခြမ်း။ တွဲရဲ့ ဟိုဖက်ထိပ်၊ ဒီဖက်ထိပ်မှာ မျက်နှာသစ်စရာ အခန်းတွေနဲ့ အိမ်သာကိုထည့်ပေးထားတယ်။ ခက်တာက စားသောက်တွဲမပါတာပါ။ တွန်းလှည်းလေးနဲ့ လိုက်ရောင်းတဲ့ အသည်ရဲ့ ခေါက်ဆွဲတွေကလည်း ကျနော်မစားတဲ့ အသားတွေဖြစ်လို့နေတယ်။ ညစာဟာ အဲ့လိုနဲ့ လွတ်မြောက်တယ်။
ရထားအပြင်ဖက်မှာ ခေါက်ထိုင်ခုံလေးထားတာမို့ မအိပ်ချင်တဲ့ကျနော်တို့ အပြင်ဖက်မှာ ငုတ်တုပ်ထိုင်ရင်း ရထားပေါ်က ရှုခင်းတွေကိုမော့။ ညဥ့်နက်မှ အထဲကိုဝင်ပြီး အိပ်တယ်။ မိုးလင်းတော့ ဘေဂျင်းကို ဝင်တော့မယ်။ စက်ရုံတွေရဲ့ ခေါင်းတိုင်မီးခိုးတွေကိုကြည့်ရင်း တနေ့က စလုံးကမီးခိုးတွေအကြောင်းကို တွေးတယ်။ မြို့နေ ခလေးတွေရဲ့ ကျန်းမာရေးဆိုတဲ့ အရာဟာ ပြက်ပြက်ထင်မြင်လာတယ်။ စီးပွားရေးဆိုတဲ့ အကွက်ဟာ ကျန်းမာရေးကို လုံးဝလျစ်လျူရှုတဲ့အထိ ဘယ်လိုဖျားယောင်းသွေးဆောင်နေလဲဆိုတာ…
ဘေဂျင်းဘူတာကြီးကိုဝင်တော့ ဘော့က မှာထားတာ
ဂိတ်နှစ်ခုရှိတယ်၊ ဘယ်ကိုမှ လိုက်မရှာနဲ့ သူကျနော်တို့ကိုရှာမယ်တဲ့။ တကယ်လည်း လက်ကလေးမြှောက်ပြီး
သူ့ကို တွေ့တဲ့အခါ ဆွေမျိုးတယောက်ကို တွေ့ရသလို လှိုက်လှိုက်လှဲလှဲဝမ်းသာမိတယ်။ မူလ
အစီအစဉ်က ဘူတာကနေကြိုပြီးရင် ဟိုတယ်ကို လိုက်ပို့ဖို့ပါပဲ။ ကျနော်က ဟူထုံရပ်ကွက်ထဲကို
သွားချင်ရင် ဘယ်လိုသွားရမလဲမေးတဲ့အခါ…
ထုံးစံအတိုင်း စိတ်ပူတတ်တဲ့ ဘော့က ကျနော်တို့ချည်းပဲ
သွားလို့ မဖြစ်လောက်ဘူး။ ကားဆရာ မစ္စတာကျန်းကို မေးမယ်၊ မစ္စတာကျန်းက လိုက်ပို့ပေးနိုင်တယ်ဆိုရင်
သူလိုက်ပို့ပေးမယ်တဲ့။ ကျနော်သွားချင်တာ ဟူထုံတင်မဟုတ်ဘူး၊ ငှက်သိုက်ကြီးရှိတဲ့နေရာကိုလည်း
သွားချင်တာမို့ လိုက်ပို့မယ်ဆိုတာကို ငြင်းတယ်။ အစီအစဉ်ထဲမပါတော့ ပိုက်ဆံပိုပေးရမလားမသိဘူးပေါ့။
တကယ့်ကို ရှားပါးတဲ့ တိုးဂိုက်ပါ၊ ဒီနေရာတွေအကုန်လုံးကို သူတို့လိုက်ပို့ပါမယ်။ ကိုယ့်ဖာသာ
မသွားပါနဲ့တဲ့။ အဲ့ဒီ ထပ်တိုးခရီးစဉ်အတွက် ငွေကြေး တပြားတချပ်မှ ထပ်မယူလိုက်ပါဘူး။
ဒါနဲ့ U turn လုပ်ပြီး ဟူထုံကို ဦးတည်ကြတယ်။ ဟူထုံဟာ မြို့ပြမိုးမျှော်တိုက်တွေကြားမှာ ထိန်းသိမ်းထားဆဲ ရှေးဟောင်းရပ်ကွက်ငယ်တခုပါ။ ဘုရင်ခေတ်ကတော့ အရာရှိကြီးတွေ နေထိုင်ကြပြီး အဝင်ဝတံခါးအပြင်အဆင်၊ လှေကားအတက်၊ မုဒ်ဦး ပြင်ဆင်မှုကို ကြည့်ပြီး ရာထူးအဆင့်အတန်းကို ခွဲခြားနိုင်တယ်။ ဟူထုံကိုရောက်ရင် ကျင့်ဖိန်ဆိုတဲ့ ဒေသစားစရာမုန့်ကို ကျွေးမယ်တဲ့။ သူ့အပေါ် rating ကောင်းကောင်းပေးထားတာမို့ ပျော်နေတဲ့ ဘော့က ကျင့်ဖိန်ကို တခုတည်းတောင် မဟုတ်ဘူး တယောက်နှစ်ခုဆီ ဝယ်ကျွေးမှာဆိုတော့ ဤဖေကိုယ်တို့ စိတ်ကြိုက်ပေါ့။ ကျင့်ဖိန်ဆိုတာ လမ်းသရဲမုန့်နဲ့တူတယ်။ ကြက်ဥလည်းပါတယ်၊ ငြုတ်သီးလည်းပါတယ်၊ အချိုရည်လည်းပါသလို နံနံပင်တွေ ကြက်သွန်မြိတ်တွေနဲ့။ ပူပူလေးဆို တအားစားကောင်းပဲ။ ဟုတ်ကဲ့ နှစ်ခုလုံးကုန်အောင်စားပါတယ်။
ဟူထုံလမ်းထဲမှာ တနာရီ အချိန်ပေးတာမို့ လမ်းတလျှောက် ဟိုငေးဒီငေး။ အရုပ်ဆိုင်တွေလည်းငေး၊ မုန့်ဆိုင်တွေလည်း ငေး။ စျေးတွေကလည်း မသေး…
ဟူထုံကနေ ငှက်သိုက်ကို ချီတက်ကြပြီ။
ငှက်သိုက်ကိုရောက်တဲ့အခါ အနီးကိုလျှောက်မယ်ပေါ့၊ အထဲကိုတော့ မဝင်လို။ ဒါနဲ့ ငှက်သိုက်နားမှာ
နှစ်နာရီအချိန်ပေးမယ်လို့ဆိုတယ်။ သူငယ်ချင်းက ငှက်သိုက်နားမှာ တချိန်လုံး ဓါတ်ပုံရိုက်ပါတော့တယ်။
စိတ်ထဲတော့ သိပ်မထူးဆန်းသလိုပါပဲ။ မြေကျယ်တော့ အဲ့ဒီ ဧရိယာကြီးတခုလုံးဟာ ကြီးမား ကျယ်ပြန့်လိုက်တာ။
အနယ်နယ် အရပ်ရပ်က ခရီးသွားတွေဟာလည်း တခုတ်တရကြီးကို လာကြည့်ကြတယ်။
ဓါတ်ပုံ ဝါသနာရှင်တွေရဲ့ ပုံတွေကို အခုလို မှတ်တမ်းတင်ဖြစ်ခဲ့တယ်။ မိသားစုဆိုတဲ့ အနှစ်အရသာကို တနေရာမှာ တွေ့လိုက်တယ်။ ပေါက်စီကို အတူတကွ အားရပါရစားနေလိုက်ကြတာ။ ရှေ့တည့်တည့်က ရိုက်ချင်ပေမယ့် အစားအသောက်စားနေတာ ကျနော့ကြောင့် စိတ်အနှောက်အယှက်ဖြစ်မှာ စိုးလို့ ဘေးတိုက်လေးပဲ ရိုက်ယူလိုက်တယ်။ အားရပါးရ တပြိုက်နက်စားလိုက်ကြတာများ ဘေးကလူတောင် အားတွေကျလာပါတယ်။
ငှက်သိုက်ဘေးနားက ရေကူးကန် (water
cube)ကိုလည်း ကွင်းကြီးကို တမျှော်တခေါ်ဖြတ်ပြီး သွားကြသေးတယ်။ ကွင်းပြင်ကျယ်ထဲက လူတွေဟာ
ကမ္ဘာ့နိုင်ငံအသီးသီးက လာရောက်လည်ပတ်ကြသူတွေတဲ့.. ကျနော်တို့နိုင်ငံကိုလည်း အဲ့ဒီလို
စည်ကားသိုက်မြိုက်စွာနဲ့ ခရီးသွားလုပ်ငန်းတွေ အောင်မြင်စေချင်ပါတယ်။
ဟိုတယ်ကိုရောက်တော့ လူလည်း ဖလက်ပြနေပါပြီ။
ရေမိုးချိုး တရေးအိပ်ကြပြီး ညနေစောင်းမှ ဗိုက်ဆာဆာနဲ့ အိပ်ရာကနိုးတယ်။ အနားပတ်ဝန်းကျင်မှာ
အစာရှာထွက်ရတယ်။ ဆိုင်တွေကြိုကြားကြိုကြားတွေ့ပေမယ့် စားဖို့လည်း မရဲပြန်ဘူး။ လေယာဉ်ပေါ်မှာ
ပန်းကမ္ဘာစက်ဘီးစီးလို့ မဖြစ်ပေဘူး။
ဆိုင်လေးမဆိုးဘူးဆိုပြီး ဝင်စားပါတယ်။
သူ့မှာရှိတဲ့ တခုတည်းသော ခေါက်ဆွဲက ချိုလိုက်တာဆိုတာလေ..ဝက်နံရိုးဟင်းချိုလေးတော့မဆိုးပါ။
စျေးက အတော်လေးကို သက်သာပါတယ်။
ပစ္စည်းတွေသိမ်းပြီး အဆင်သင့်ပြင်ပြီးရင်
ဟိုတယ်ကနေ check out လုပ်တော့မယ်။ ကားဆရာ မစ္စတာကျန်းဆီကနေ Friendship knot ဆိုတဲ့ ကြိုးလေး
နှစ်ချောင်းကို လက်ဆောင်ပေးပြီး ဘော့က ကီးချိန်းလှလှလေးကို ပေးပါတယ်။ ခရီးသွားတာ များပေမယ့်
ဒီလိုမျိုး ဂိုက်က လက်ဆောင်ပေးတယ်ဆိုတာ ဒါ ပထမဆုံး ကြုံဖူးတာဖြစ်လို့ အံ့သြဝမ်းသာမိတယ်။
Check in ဝင်တဲ့အခါ ကျနော့မှာ Re-entry
permit မပါလာလို့ လေကြောင်းလိုင်းက ရစ်ပါတယ်။ နောက်ဆုံး မတတ်သာလို့ထင်တယ်
immigration က ခွင့်မပြုရင် ပြန်ထွက်လာပါလို့ပြောပြီး လွှတ်လိုက်ပါတော့တယ်။ အိမ်ပဲပြန်ရမလား၊
မပြန်ရပဲ နောက်ထပ်ဆက်နေရမလား ဇဝေဇဝါတွေတောင်ဖြစ်တယ်။ အထဲရောက်မှ တကယ့် အကြာကြီးကြာတဲ့
လေဆိပ်စစ်ဆေးရေးနဲ့ကြုံတယ်။ ကျနော့အရှေ့က ခရီးသည်ရဲ့ ခရီးဆောင်အိတ်ကို တခုချင်းထုတ်ခိုင်းပြီး
စက်ကနေ တခေါက်ဆီပြန်ဖြတ်ခိုင်းပါတယ်။ ဗူးတွေအကုန်လုံးကို အဖုံးဖွင့်ပြီးစစ်တာမို့ တယောက်တယောက်ကို
တနာရီလောက်တောင်ကြာမယ်။ ကျနော့အလှည့်မှာတော့ အိတ်ထဲကို ထီးထည့်ထားမိလို့ ထီးကို ကျောပိုးအိတ်ထဲက ထုတ် စက်ထဲ
တခေါက်ပြန်ဖြတ်ခိုင်းပါတယ်။ နောက်ကျမှ ဝင်လာခဲ့ရင် လေယာဉ်ကို သေချာပေါက် မှီမှာ မဟုတ်ဘူး။
အရှေ့ဘက်တောင်ကုန်းများဆီကို နောက်တခေါက်
ပြန်ကြည့်ဖို့ ဘယ်လောက်ကြာဦးမလဲ မသိပါဘူး။ ရသလောက်အခိုက်အတန့်လေးမှာ တက်သုတ်ရိုက်
သွားရတာလေးကတင်ပဲ စိတ်ထဲ စွဲလို့ကျန်ရစ်ပါတယ်။ ဘယ်တော့များမှ နောက်တခေါက်ဆုံဦးမလဲ
အရှေ့ဘက်တောင်ကုန်းများရယ်လို့ တီးတိုးရွတ်ဆိုရင်း ဘေဂျင်းဟာ ကျနော့နောက်မှာ ဝိုးတဝါးသာ...
No comments:
Post a Comment