ကာကေကနေ ပြန်လာတဲ့အခါ ပါရာကိုဆိုတဲ့ ဘုရားတွေဆီကို လိုက်ပို့ပါတယ်။ ပါရာကို ဘုရားတွေဟာ သဲကျောက်၊ ထုံးကျောက်တွေနဲ့မဟုတ်ပဲ အုတ်အနီရောင်တွေနဲ့ ဆောက်လုပ်ထားတယ်။ ရှီဗ နတ်ဘုရားကိုကိုးကွယ်ဖို့ ဆောက်လုပ်ထားပြီး ခေတ်ဦး ၉ ရာစုမှာ ပထမဆုံး တည်ဆောက်ထားတဲ့ စေတီရယ်လို့ သမိုင်းသုတေသီတွေက အတည်ပြုထားပါတယ်။
သဲကျောက်ပေါ်မှာ သုံးဆူတစ်တန်းနဲ့ နှစ်တန်းရှိကာ ခြောက်ဆူတိတိတည်ထားပြီး အလည်ရှေ့ဆုံးစေတီဟာ အမြင့်ဆုံးဖြစ်တယ်။ အရှေ့ဆုံးတန်းကတော့ တည်တဲ့ မင်း၊ သူ့အဖိုးနဲ့အဖေကို ကိုယ်စားပြုပြီး နောက်အတန်းဟာ သူတို့ရဲ့ ဇနီးကြင်ယာတွေအတွက်လို့ ရည်တယ်။ ပါရာကို စေတီတွေမှာ ဘန်တီဆာရီ ပြီးရင် အနုပညာလက်ရာတွေ ဒုတိယအရှိဆုံးနေရာပါ။
ပါရာကိုကနေ ထွက်လာတဲ့အခါ အနီးဆုံး ဘခုံး ဆိုတဲ့ ဒုတိယမြောက်တည်တဲ့ စေတီဆီကိုသွားကြတယ်။ ဘခုံးစေတီရဲ့ ကြီးမား ကျယ်ပြန့်မှုကတော့ အပေါ်ကို တက်ကြည့်လေ သိသာလေပါပဲ။ ဘခုံးစေတီဟာ ပိရမစ်ပုံ အခြေပြုထားပြီး အန်ကောဝပ်မှာ ရှိတဲ့စေတီတွေအတိုင်း တောင်မြင့်ပုံစံ ဆောက်လုပ်ထားပါတယ်။ ဘောရောဘုဒေါက တည်ဆောက်ပုံအတိုင်း အထပ်မြင့်တွေ၊ တံခါးတွေ တုပထားတယ်လို့လည်း ယူဆထားကြတယ်။
ဘခုံးစေတီမှာ အပျက်အစီးတွေ တော်တော်များပါတယ်။ ကျန်ရှိတဲ့ အနုလက်ရာလေးတွေ အမှတ်တရ ဓါတ်ပုံရိုက်ယူလာခဲ့တယ်။
အဲ့ဒီနေ့တနေ့လုံး ကုန်သွားပြီး အဲ့ဒီနေ့ညစာကို ကျနော့တိုးဂိုက်က ထမင်းလိုက်ကျွေးပါတယ်။ သူတို့ရဲ့ ရိုးရာဆိုင်မှာ တကယ်တမ်း စားရတော့ ငပိရည် တို့စရာကို သူတို့ဆီမှာ အဓိကဟင်းအနေနဲ့ စားကြတာတွေ့ရတယ်။ ငပိရည်မှာ ဝက်သား ကြက်သား စသည် ကိုယ်နှစ်သက်ရာ ထည့်ချက်ကြတယ်။ ပြီးတော့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေ နဲ့ စားခဲ့ရတာ အားရစရာပါပဲ။
နောက်တနေ့ မပြန်ခင် ကျနော် တောင်းဆိုထားတဲ့ မိုးပျံပူဖောင်းစီးဖို့ပါပဲ။ ပုဂံကလို ဂတ်စ်နဲ့ ဖြည့်ပြီး ရွှေ့လျားတဲ့ ပူဖောင်းမဟုတ်ပါဘူး။ စက်သီးနဲ့ တပ်ဆင်ထားတဲ့ အပေါ်တည့်တည့်ကိုပဲ တက်နိုင်တဲ့ ပူဖောင်းပါ။ ယူအက်စ် နှစ်ဆယ်ပေးရတယ်ထင်ပါတယ်။ ရောက်တုန်းရောက်ခိုက်လေး ဆိုပြီး လုပ်ချင်တာ လုပ်ခဲ့တယ်ဆိုပါတော့။
မနက်စောစောမို့ ထင်တယ်။ ကျနော်တယောက်တည်း စီးမယ့်သူ ရှိပါတယ်။ ရင်လိုက်သည်းဖို တက်သွားတာမျိုးမဟုတ်တော့ အေးအေးဆေးဆေး ဓါတ်ပုံ ရိုက်တော့တာပေါ့။ ကင်မရာအသေးလေးနဲ့မို့ ပုံတွေက စိတ်တိုင်းမကျပါဘူး။
ဟိုးအဝေးက အန်ကောဝပ်ကို ကျုံးနဲ့အတူမြင်လိုက်ရတဲ့အခါ ကျနော်တို့ မန်းနေပြည်တော်ကိုတောင် သွားသတိရမိတယ်။
တိုးဂိုက်က မပြန်ခင် မှတ်ချက်လေး ပေးပါဆိုတော့ တကယ်တမ်း ငါမပြန်ချင်ဘူးလို့၊ အကယ်၍များ ငါ့နိုင်ငံအပြင် တခြားနေချင်တဲ့ နိုင်ငံပြောပါဆိုရင် မင်းတို့နိုင်ငံနဲ့ ဟောဒီ ဆီရမ်ယိကိုပဲ လက်ညှိုးထိုးတော့မယ်လို့ ပြောလိုက်တယ်။
အချိန်တန်တော့လည်း အိမ်ပြန်ကြရတာပါပဲ။ နောက်တခေါက် ပြန်လာဦးမယ်လို့ ကျနော် ပြောခဲ့ပေမယ့် အခုထိတော့ ထပ်မရောက်ဖြစ်သေးဘူး။ တနေ့တလံပေါ့ အန်ကောဝပ်ရယ်........
No comments:
Post a Comment