10 March 2019

ဖီရန့်ဇေနဲ့ တွေ့ဆုံခြင်း ဒုတိယရက်



မနက်စောစောနိုးတာနဲ့ တည်းတဲ့အိမ်ကနေ ဒူရိုမိုကိုလမ်းလျှောက်လာကြတယ်။ လူသိပ်မရှုပ်သေးတဲ့ ဒူရိုမိုရှေ့မှာ ဓါတ်ပုံရိုက်ပြီး ဖွင့်တဲ့ ကော်ဖီဆိုင်မှာ မနက်စာစားကြတယ်။ အီတလီမှာ နောက်ထပ်ထူးခြားတာတချက်က ကော်ဖီကို ကောင်တာမှာ သောက်တာနဲ့ စားပွဲမှာ သေချာထိုင်စားတာ ဈေးမတူဘူးဆိုတာပါပဲ။

တိုးဂိုက်ချိန်းထားတဲ့ အချိန် ချိန်းထားတဲ့ နေရာကို အရောက်သွားကြတယ်။ ရောက်နှင့်နေတဲ့ တိုးဂိုက်က လတ်မှတ်တွေ ထုတ်ပေးပြီး နောက်ကျနေတဲ့ အဖွဲ့တဖွဲ့ကို ထပ်စောင့်ရတယ်။ လူစုံပြီဆိုတာနဲ့ ဆန်တာမာရီယာလို့ အမည်တွင်တဲ့ ဘုရားကျောင်းထဲကို ခေါ်ဆောင်သွားပါတော့တယ်။ သမိုင်းကြောင်းတလျှောက်ရှည်လျားကြာမြင့်စွာ ရှိခဲ့တဲ့ ဒီဘုရားကျောင်းဟာ ဖီရန့်ဇေမြို့မှာ ဒုတိယမြောက်တည်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှုတွေနဲ့ ယနေ့ထက်တိုင် တခမ်းတနား တည်ရှိနေခဲ့တာ.








ဒူရိုမိုထဲမှာ တိုးဂိုက်ရှင်းပြပြီးတာနဲ့ ဓါတ်ပုံတွေရိုက်တယ်။ သူနဲ့ ဝင်လာတာမို့ ကန့်သတ်နယ်မြေတွေကို ဝင်ခွင့်ရတယ်။ ဘုရားကျောင်းရှေ့မှာ တန်းစီတဲ့ လူတန်းရှည်ကို ကျော်ဝင်လာရတာဆိုတော့ ငွေပိုကုန်ပေမယ့် ကုန်ရကျိုးနပ်တယ်လို့ ယူဆပါတယ်။ ကျနော့လို ရက်တိုလေးပဲ လာလည်တဲ့သူအတွက်ကတော့ အချိန်က ရွှေထပ်ရှားတယ် မဟုတ်လား။

ဒူရိုမိုကနေ နောက်ထပ်ကြည့်မယ့် အူဖိဇီ ပြတိုက်ကို သွားကြတယ်။ လမ်းမှာ ပလာဇို ဘက်ချီယိုကိုဝင်ကြည့်ကြတယ်။ နာမည်ကျော် နတ်သူငယ်တော်လေးကိုလည်း ဓါတ်ပုံရိုက်ခဲ့တယ်။
ပြတိုက်ကိုဝင်မယ့်လက်မှတ်နဲ့ တိုးဂိုက်ကို သူတို့ရုံးမှာသွားရှာရတယ်။ လမ်းမှာရှိတဲ့ အရုပ်တွေလည်း ဓါတ်ပုံရိုက်ပစ်ခဲ့တယ်။ ပစ္စည်းထုတ်တချို့ကို ရုံးမှာ အပ်ထားခဲ့ကြတယ်။ ဒီအူဖိဇီပြတိုက်ဟာ ကမ္ဘာမှာ ကျော်ကြားတဲ့ တန်ဖိုးကြီး အနုသုခုမလက်ရာတွေကို တစုတစည်းတည်းထားတာမို့ တနှစ်ကို ခရီးသွားဧည့်သည်နှစ်သန်းလောက် ဝင်ရောက်ကြည့်ရှုကြတယ်လို့ စစ်တမ်းများကဆိုပါတယ်။
ကြီးကျယ်ခမ်းနားလှတဲ့ ဒီအနုပညာတွေအားလုံးကို ပိုင်ဆိုင်ခဲ့တာ Medici လို့ခေါ်တဲ့ မိသားစု တစုတည်းကပါ။ ဆရာဝန်မျိုးနွယ်စုဖြစ်ပေမယ့် အီတလီမှာ မက်ဒီဆီဆိုတဲ့ ဘဏ်လုပ်ငန်းကို လုပ်ကိုင်ရာကနေ တော့စကားနားနယ်မြေရဲ့ အရှင်သခင် အုပ်ချုပ်သူ တွေဖြစ်လာကြတာတဲ့လေ။ ပြတိုက်လေ့လာဖို့ ကျနော် သတ်မှတ်ထားတဲ့ အချိန်က သုံးနာရီ တကယ် ပြတိုက်ထဲကိုရောက်တဲ့အခါ သုံးရက်လေးရက်လောက် ကြည့်မကုန်နိုင်တဲ့ အရာတွေကို တွေ့ခဲ့ရတယ်။

ပြတိုက်ကြီးရဲ့ အဆုံးနားမှာ ဒီမိသားစုပိုင်ပစ္စည်းတွေကို တော့စကားနယ်မြေတခုလုံးအတွက် လှူဒါန်းခဲ့သူ အန်နာမာရီယာရဲ့ ပန်းချီကားရှိပါတယ်။ မက်ဒီဆီမိသားစုရဲ့ နောက်ဆုံးမျိုးဆက် အမွေခံသူ ဒီအမျိုးသမီးရဲ့ စိတ်စေတနာကြောင့်သာ ဒီတန်ဖိုးကြီးမားတဲ့အရာတွေကို တနေရာတည်းမှာ လေ့လာခွင့် ကြည့်ခွင့်ရတာပါ။ နောက်ထပ်တရားကျစရာအကောင်းဆုံးက ဒီလောက် အထိအောင် ချမ်းသာတန်ခိုးထွားခဲ့တဲ့ မိသားစုမျိုးနွယ်စုကြီး ဘာမှယူဆောင်မသွားနိုင်ပဲ နောက်ဆုံးမျိုးဆက်ပါ ပြတ်သွားခဲ့တာကိုပါပဲ။

ဂိုက်အမျိုးသမီးက ကိုယ်ပိုင်အချိန်လို့ ပြောလိုက်တဲ့အခါမှာ တနာရီကျော်ကျော်ကြာသွားခဲ့ပြီ။ ဒါတောင်သူက အရေးပါတဲ့ အရာလေးတွေကိုပြသွားခဲ့တာ။ လွတ်လွတ်လပ်လပ် ပြတိုက်ထဲ ကြည့်တော့ ဆိုတော့ ဘယ်ကနေ စကြည့်ရမလဲ တွေဝေစေတယ်။ ကြည့်ချင်တဲ့ ပန်းချီကားတွေကြည့်ပြီးရင် ထွက်ကြမယ်လို့ တိုင်ပင်ထားကြတယ်။ ခြေထောက်တွေလည်း တောင့်နေပြီလေ...

ဒီနေ့နောက်ဆုံးကြည့်မယ့် အရာကတော့ ဒေးဗစ်ပဲ။ ဒေးဗစ်ဆီမရောက်ခင် ဟာနေတဲ့ ဝမ်းကို ဖြည့်ရတယ်။ ပြတိုက်နဲ့ တလမ်းကျော်က ခေါက်ဆွဲပြုတ်ဆိုင် ရာမင်တွေ့တာနဲ့ဝင်စားကြတယ်။ တကယ်က တရုတ်တွေဖွင့်ထားတဲ့ စားသောက်ဆိုင်....

အကေဒါးမီးယားပြတိုက်ရှေ့ရောက်တော့ ပြတိုက်ဝင်ရမယ့်အချိန် စောနေသေးတယ် ခဏစောင့်ပါဆိုလို့ စောင့်နေရသေးတယ်။  ပြတိုက်ချိန် အနားနီးတော့မှပဲ လက်မှတ်ထုတ်ပေးပါတယ်။ ပြတိုက်ထဲက ဧည့်သည်အရေအတွက်ကို ကန့်သတ်ချင်လို့နဲ့ တူပါတယ်။



ဒီပြတိုက်ထဲမှာတော့ မိုက်ကယ်အန်ဂျလိုရဲ့ လက်ရာအတော်များများကို ထားရှိပါတယ်။ တချို့တဝက် မပြီးပြတ်သေးတာတွေလည်း ရှိနေတယ်။ ဒေးဗစ်ကတော့ လူအကြည့်များဆုံးဆိုပါတော့. လူသားတယောက်ရဲ့  ခန္ဓာကိုယ်နဲ့ အနီးစပ်ဆုံး ထုဆစ်ထားတဲ့ အတတ်ပညာကိုတော့ ဘယ်သူမဆို မချီးကျူးပဲ မနေနိုင်ကြပါဘူး။

ညာဖက်လက်က သွေးကြောမျှင်တွေအထိ အသက်ပါအောင် ထုဆစ်ထားတဲ့ မိုက်ကယ်အန်ဂျလိုရဲ့ ဖန်တီးမှု အနုပညာကတော့ အခုထိတိုင် စွဲဆောင်နေခဲ့တုန်း...

ဒေးဗစ်ကနေ ပြန်လာတော့ မှောင်နေပြီ။ ဖီရန့်ဇေကို နှုတ်ဆက်ဖို့ အထုတ်တွေ သိမ်းဆည်းကြ၊ သူတို့ဆီက အံ့ချီးမကုန်တဲ့ အနုပညာအကြောင်းတွေ ပြောကြရင်း.......

No comments: