24 February 2019

ဖီရန့်ဇေနဲ့ တွေ့ဆုံခြင်း ပထမရက်


ဗင်းနစ်ကထွက်လာတဲ့အခါ ဒီတခါဦးတည်တဲ့မြို့က ဂျူးလိယက်ဆီဇာ တည်ထားခဲ့တဲ့ ဖီရန့်ဇေတဲ့။ တော့စကားနား နယ်မြေရဲ့ တံခါးပေါက် ပြီးတော့ ရီနေးဆွန့် အနုပညာတွေရဲ့ မွေးရပ်ဇာတိပါ။ ပြတိုက်ပေါင်းမြောက်များစွာနဲ့ နာမည်ကျော် ဖီရန့်ဇေမြို့ကို ရောက်ဖို့ စိတ်လှုပ်ရှားနေမိတော့တယ်...

ဖီရန့်ဇေကို ရောက်တော့ နေ့လည်စာစားချိန်။ နယ်ခံက သေချာမှာလိုက်တယ် ဘူတာနားမှာ တရုတ်ဆိုင်ရှိတယ် သိပ်စားကောင်းတာတဲ့။ ဘူတာရှေ့လမ်းကိုကူးပြီး မက်ဒေါ်နယ်ဘေးနားမှာ တရုတ်ဆိုင်ရှိတယ်။ ဆိုင်က ကျယ်ကျယ်လွင့်လွင့်နဲ့ အရသာရှိပါတယ်။ အချိုမုန့်တော့ ပါတာပေါ့လေ။
ကားငှားပြီး တည်းမယ့် Airbnb ကိုသွားကြတယ်။ အိမ်က ဆန်တာကိုးရင်ပြင်နားမှာပါ။ အိမ်ရှင်က သူလည်း လာစောင့်ပြီး အခန်းသော့ပေးမယ်တဲ့။ အိမ်အောက်ရောက်တော့ သူကို ခဏစောင့်ရတယ်။ အိမ်က ရှေးတုန်းကအိမ် ပြီးတော့ ကျနော်နေဖူးချင်တဲ့ မီးလင်းဖိုနဲ့ ဝဲလင်းတိုင်။ ဓါတ်လှေခါးမရှိပဲ လေးထပ်မြောက်မှာဆိုတော့ အထုတ်တွေနဲ့ တက်ပေါ့လေ...

အိမ်ရဲ့ အပြင်အဆင်ကတော့ အရမ်းမိုက်ပါတယ်။ စကားပြောဆို ခဏနားပြီးတာနဲ့ ပြန်ဆင်းလာကြတယ်။ ဒေးဗစ်ကိုကြည့်မယ်ပေါ့။ လျှောက်ရင်း ဘယ်တွေရောက်မှန်းမသိ ရောက်တဲ့နေရာတွေကလည်း ဓါတ်ပုံရိုက်ချင်စရာတွေချည်း။ သားရေဂျာကင်ဝယ်မယ်ဆိုပြီးလည်း ဆိုင်တွေ ဝင်ကြည့်ကြသေးတယ်။ ဈေးတွေက မနည်းမနော. ထက်ဝက်ဈေးချပေးမယ်ဆိုတာချည်း သားရေစစ် မစစ်တော့ မသေချာဘူး။


လျှောက်သွားရင်း အာနိုးမြစ်ကမ်းထိရောက်သွားတယ်။ အားနိုးမြစ်ထဲ လှေလှော်နေတာတွေတွေ့တယ်။ ရေထဲက အရိပ်တွေ လိုက်ဖမ်းနေမိတော့တယ်။ ဖီရန့်ဇေမှာ တံတားတွေ အများကြီးပဲ။ ဒါပေမယ့် နာမည်ကြီးတဲ့ ရောမခေတ်လက်ကျန် ပွန့်တီဘက်ချီယို တံတားကတော့ စစ်အတွင်းက ဂျာမန်တို့မဖျက်ဆီးလို့ တခုတည်း ကြွင်းကျန်ရစ်တယ်. အခုတော့ တံတားပေါ်မှာ ရွှေဆိုင်တွေနဲ့ တန်ဖိုးတွေကြီးလွန်းမက ကြီးပြီး ခရီးသည်တိုင်း မလျှောက်မဖြစ် လျှောက်ရတဲ့ တံတားတခုဖြစ်နေခဲ့ပြီ။



နေမဝင်ခင် ဒေးဗစ်ကြေးရုပ်ထုရှိတဲ့ ပန်းခြံကိုအပြေးအလွှားသွားတက်ကြတယ်။ သစ်ရွက်ကလေးပဲ ကာထားတဲ့ ဒေးဗစ်ဟာ လူတိုင်းအကြည့်အောက်မှာ ဝတ်လစ်စလစ်ရပ်မြဲရပ်နေတယ်။ ဒီနေရာကနေ ဖီရန့်ဇေမြို့ရဲ့ နေဝင်အလှဟာ အံ့သြ မကုန်နိုင်အောင်ပဲ။ မိန်းခလေးငယ်ကနေ မိန်းမပျိုဖြစ်လိုက် ရင့်ကျက်တဲ့ မိန်းမသူကြီးဖြစ်လိုက် အလင်းအမှောင်ကြားမှာ ဖြိုးခနဲဖျတ်ခနဲ ပြောင်းသွားလိုက်တာ.....





ပန်းခြံတခုလုံးပြည့်မတတ် ဧည့်သည်တွေကလည်း များပြားလိုက်တာ။ စုံတွဲတွေ Pre wedding ဓါတ်ပုံရိုက်သူတွေ၊ နယ်ခံဈေးသည်တွေ၊ စတန့်ထွင်စက်ဘီးစီးနေသူတွေနဲ့ မုန့်ရောင်းသူတွေ လွန်းထိုးနေတော့တယ်။

နေဝင်ချိန်မိန်းမောပြီးတဲ့အခါ စိမ့်နေအောင်အေးလာတယ်။ အာရှမှာတုန်းက နေရိပ်အောက်မှာ လမ်းလျှောက်ဖို့ ကြိုးစားသမျှဟာ အီတလီမှာ နေရောင်အောက်လျှောက်ဖို့ ကြိုးစားရတဲ့အခြေအနေ။ အိမ်ပြန်ရင်းလမ်းတွေမှားလိုက် ပတ်ချာလည်လိုက်ပဲ။ အိမ်အနားက မုန့်ဆိုင်မှာ ပေါင်မုန့်ဝယ်လာခဲ့တယ်။ ညနေစာကို အိမ်မှာပဲ စားကြတယ်။ ပြီးတော့အဝတ်တွေလျှော်မယ်ပေါ့။ အီတလီရဲ့ ဥပဒေသစ်တခုက နိုဝင်ဘာမရောက်မချင်း အပူပေးစက်တွေ မဖွင့်ရဘူးတဲ့။ ဒါပေမယ့် စိမ့်နေအောင်အေးတော့ အပူပေးစက်ကို ဖွင့်ရတယ်။ အိမ်ရှင်ကိုလည်း အကြောင်းကြားထားတယ်။ အဝတ်လျှော်ကြတယ် စက်နဲ့လျှော်တာပေမယ့် အဝတ်ပြီးတဲ့အခါ စက်ကို ဘယ်လိုဖွင့်ရမလဲ မသိကြဘူး။ အီတလီလိုပဲ ရေးထားတော့ မှားနှိပ်မိရင် အဝတ်တခေါက်ပြန်လျှော်ရင်း မိုးလင်းကုန်လိမ့်မယ်...

စက်က အဝတ်တွေလျှော်ရင်း အင်တာနက်ကနေ ပြတိုက်နှစ်ခုရယ် ဘုရားကျောင်းရယ် လက်မှတ်တွေဝယ်တယ်။ တန်းစီးရင် ဈေးသက်သာပေမယ့် နောက်တရက်ပဲ အချိန်ရှိတော့တာမို့ skip the line လက်မှတ်တွေဝယ်ဖြစ်တယ်။ သိပ်လောဘမကြီးပဲ ပြတိုက်နှစ်ခုပဲကြည့်ကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ တကယ်က ပြတိုက်တွေချည်းကြည့်ရင်တောင် တလလောက်နေရမလိုပါ....

အဝတ်တွေလှန်းပြီး ညစာစားပြီးတဲ့အခါ အပူပေးစက်တခုက အလုပ်မလုပ်ဘူး။ ရေချိုးခန်းထဲမှာ ရပေမယ့် အိပ်ခန်းထဲမှာ မပူဘူးဖြစ်နေတယ်။ စောင်ကို ခေါင်းမြီးလုံအောင်ခြုံ လူကိုလည်း ပုဇွန်တုပ်ကွေးနဲ့ ဖီရန့်ဇေရဲ့ ပထမညဟာ ကုန်သွားတော့တယ်.........

No comments: