22 February 2019

ငယ်အိပ်မက်မြို့တော် နံပါတ်နှစ်

ငယ်ငယ်ကတည်းက ကျနော့မှာ အိပ်မက်မြို့တော်နှစ်ခုရှိခဲ့ဖူးတယ်။ ပထမတခုကို နှစ်ခေါက်တိတိရောက်ဖူးခဲ့ပေမယ့် ဒုတိယတခုကတော့ ရောက်ဖြစ်မယ်ဆိုတာ သိပ်မသေချာခဲ့ဖူး။ ဝေးလံတဲ့ ဒီအနောက်အရပ်ကို ရောက်ဖြစ်မယ်ဆိုတာ အိပ်မက်ထဲမှာပဲ ရှိခဲ့တာ မဟုတ်လား...

မီလန်က အသိမိတ်ဆွေက မနက်ခင်း ဘူတာအထိလိုက်ပို့ပေးတယ်။ ဒီကနေ ကျနော်တို့ ကိုယ်တိုင်လျှောက်ရမယ့် ခရီးစဉ်စပြီ။ ရထားလက်မှတ်တွေကိုတော့ ခရီးမလာခင်ကတည်းက ကြိုဝယ်ထားတာမို့ ဈေးအတော်သက်သာတယ်။ ရထားက အရှိန်အတော်မြန်ပေမယ့် သိပ်မလှုပ်ခါဘူး။ ရထားပေါ်မှာ မုန့်တခု၊ ကော်ဖီသို့ အအေးတဗူးကျွေးတယ်။ အင်တာနက်လည်းရတယ်ဆိုလို့ ချိတ်ဆက်စမ်းသပ်နေသေးတယ်။ တခုပဲ မြေအောက်လှိုဏ်ခေါင်းတွေထဲ ဖြတ်သွားတဲ့အခါ နားတွေ အူပြီး ခေါင်းမူးလာတတ်တာပဲ။

မီလန်ကနေ ဝေးဝေးသွားပြီး ရထားလမ်းတဖက်တချက်မှာ ရေတွေတွေ့လာတဲ့အခါ ကျနော်ရောက်ချင်တဲ့ နေရာကို ရောက်လုပြီ။ ဘူတာထဲ ရထားဝင်သွားတဲ့အထိ မသေချာသေးဘူး။ ဘူတာထဲက ကော်ဖီဆိုင်မှာ မုန့်နဲ့ ကော်ဖီကို နေ့လည်စာစားပြီးမှ ဘူတာထဲကထွက်တယ်။ ဘူတာအပြင်က ရေပြင်နဲ့အတူ မော်တော်တွေကိုတွေ့ရပြီ။ ဒီမော်တော်တွေစီးပြီး ကျနော်သွားချင်တဲ့ မြို့ကို လည်ရမှာတဲ့လေ...

မာကိုပိုလိုရဲ့ မွေးရပ်ဇာတိလို့ ယူဆရတဲ့ ဟောဒီဗင်းနစ်ဟာ ကျနော့ရဲ့ ငယ်ငယ်ကတည်းက အိပ်မက်မြို့တော် နံပါတ်နှစ်ပါ။ ကျနော်တို့တည်းမယ့် ဟိုတယ်က စိန့်မာကိုရင်ပြင်နဲ့ နီးတဲ့နေရာမှာဆိုတော့ အနီးဆုံး မော်တော်ဆိပ်ကို သွားကြတယ်။ ပထမဆုံးတွေ့ရတဲ့အခက်အခဲကတော့ အိတ်တွေကို သယ်ရတဲ့အချိန်ပါပဲ။ ချောစုခင်နဲ့ ဘင်လာဒင် အဲ့မှာစတွေ့တယ်။ ဗင်းနစ်က ရေပေါ်မြို့ဖြစ်တာမို့ တနေရာနဲ့ တနေရာကို တံတားတွေ တံတားပေါင်းများစွာ ချိတ်ဆက်ထားတာဆိုတော့ကာ အိတ်တွေဆွဲပြီး တံတားတွေ တစင်းပြီးတစင်း ဟိုတယ်မရောက်မချင်း တက်လိုက်ဆင်းလိုက်နဲ့ ဖြစ်နေမယ့်ပုံသာ  မြင်ယောင်သာကြည့်ပါတော့..

ဟိုတယ်ရောက်တော့ ကိန်းကြီးခမ်းကြီးဟိုတယ်က သူ့Check in ချိန်မရောက်သေးတာမို့ အိတ်ပဲ ယူထားပေးတယ်။ ဗင်းနစ်ကို ရောက်တာနဲ့ ဂွန်ဒိုလာ စီးဖူးချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့စတယ်။ ရောက်တဲ့အချိန်မှာ ဗင်းနစ်မြို့သားတွေ နေ့လည်စာစားချိန်ဆိုတော့ ဂွန်ဒိုလာစီးဖို့ နောက်ထပ် တနာရီလောက်စောင့်ရမယ်တဲ့။

မထူးဘူးဆိုပြီး စိန့်မာကို ရင်ပြင်ကိုသွားတယ်။ စိန့်မာကို ရင်ပြင်ရောက်တော့ ခရီးသွားတွေ အတော်များသား။ ရေခဲမုန့်စားကြတယ်။ ရေထဲက ရောင်ပြန်ဟပ်နေတဲ့ ဘုရားကျောင်းပုံရိပ်ကို ဖမ်းကြတယ်။ ဘုရားကျောင်းထဲဝင်ဖို့ တန်းစီရင်း အနားရောက်တော့မှ ကျောပိုးအိတ် တခေါက်ပြန်အပ်ရမယ်ဆိုတာနဲ့ မဝင်တော့ပဲ အနီးအနားပဲ ပတ်ကြတယ်။




စီးချင်နေတဲ့ ဂွန်ဒိုလာလေး စီးရတဲ့အခါ ဘဝဟာ ကျေနပ်ပြည့်စုံသွားတယ်။ ဂွန်ဒိုလာပေါ်ကနေ ဆင်းပြီး ကမ်းနားကိုသွားရင်း နာမည်ကျော် ဘူရားနိုးကို သွားဖို့ အကြံပေးလိုက်တဲ့ နယ်ခံမိတ်ဆွေကြောင့် ဘူရားနိုးကို သွားမယ့်သင်္ဘောလက်မှတ်ဖြတ်တယ်။ သင်္ဘောချိန်မရောက်ခင် အနားက စားသောက်ဆိုင်မှာ နေ့လည်စာစားရင်းစောင့်ပေါ့။





သင်္ဘောချိန်ရောက်တော့ ဘူရားနိုးသွားဖို့ တက်ကြွနေခဲ့ပြီ။ လမ်းမှာ သုံးလေးနေရာရပ်ပြီး ထမင်းတအိုးချက်လောက် အကြာမှာ ဘူရားနိုးမှာ ဆိုက်တယ်။ အရောင်စုံနေတဲ့ ဘူရားနိုးမြို့ဟာ နာမည်ကျော်လောက်အောင်လှတယ်။ နေ့လည်ပိုင်းပဲဖြစ်လို့လား ဧည့်သည်နည်းချိန်ဖြစ်နေဟန်တူတယ်။ ကျနော်တို့စိတ်ကြိုက် ဓါတ်ပုံတွေရလို့ အတော်လေး လာရကျိုးနပ်တယ်ပြောရမယ်။






ဘူရာနိုးကနေ လေးနာရီ သင်္ဘောနဲ့ဗင်းနစ်ကို ပြန်တယ်။ ဒါမှ ဗင်းနစ်ရဲ့ နေဝင်ချိန်ကို သင်္ဘောပေါ်ကနေ သေချာမြင်ရမှာတဲ့။ သင်္ဘောပေါ်ကနေ ဗင်းနစ်မရောက်ခင် နေလုံးနီနီ ညနေစောင်းသွားတာကို လက်ညောင်းအောင် ခလုပ်တွေနှိပ်ပြီးကြည့်မိတယ်။ လေကလည်းတိုက် စိမ့်နေအောင်အေးလာတယ်။ လမ်းညွှန်ပေးလိုက်တဲ့ နယ်ခံကိုလည်း စိတ်ထဲက ကျေးဇူးတွေတင်ကြတယ်။

ဟိုတယ်ရောက်တော့ ဂျပန်ကဟိုတယ်တွေလို အခန်းထဲကို အိတ်တွေထည့်ပေးထားတာမျိုးမဟုတ်ပဲ ကျနော်တို့လာမှ အခန်းကိုလိုက်ပို့ပေးတဲ့ ဝန်ဆောင်မှုမျိုးပါ။ ဟိုတယ်က ဓါတ်လှေခါးဆိုတာ ဘုရားစူးဓါတ်လှေခါး။ လူတယောက် အထုတ်တထုတ်ပဲ ဆန့်တယ်။ အခန်းကို ရောက်ဖို့ နောက်ထပ်လှေခါးနှစ်ဆင့် ထပ်တက်ရတာမျိုး။ အခန်းထဲမှာ ခဏနား ရေချိုးပြီးတာနဲ့ ဒီညတော့ ညစာ ကောင်းကောင်းစားမယ်ဆိုပြီး မစ်ချယ်လင်းစတားရတဲ့ စားသောက်ဆိုင်မှာ သွားစားကြတယ်။ နည်းနည်းနဲ့လှလှပပတွေ ခင်းကျင်းလာတာလေးတွေ စားလို့သိပ်ကောင်းပါတယ်။ :P




တနေကုန်ခြေတိုအောင်လျှောက်မှတော့ ဟိုတယ်ပြန်ရောက်တာနဲ့ တိုက်ပွဲကျပြီပေါ့။ မနက်လည်း စောထချင်သေးတာဆိုတော့ ခေါင်းအုံးပေါ် ခေါင်းတင်လိုက်တာနဲ့ အိပ်ပျော်သွားတော့တယ်။ မနက်ငါးနာရီလောက်မှာ နိုးလာတယ်။ ညကတည်းက အသင့်ပြင်ထားတဲ့ ကင်မရာပစ္စည်းတွေ ထမ်းပြီး စိန့်မာကိုရင်ပြင်ကိုသွားတယ်။ ကိုယ်ရောက်တာ စောမယ်ထင်ထားတာ ကိုယ့်လို ရူးသွပ်သူတွေ နှစ်ယောက်သုံးယောက်လောက် ရောက်နှင့်နေတာတွေ့မိတယ်။

ဟိုတယ်ပြန်ရောက်တော့ အထုတ်တွေသိမ်းပြီး မနက်စာစားမယ်ဆိုပြီး ဆင်းသွားတယ်။ မနက်စာက ၇နာရီမှ ပြင်ဆင်ကျွေးမှာတဲ့လေ။ ဟိုတယ်ကနေ ဘူတာကို သင်္ဘောဖယ်ရီက တနာရီလောက်ကြာမယ် ကျနော်တို့ ဖြတ်ထားတဲ့ ရထားလက်မှတ် က မနက်ကိုးနာရီ။ ဘုရင့်နောင်ဖောင်ဖျက်ရတော့မယ်။ ကဲ...မနက်စာကိုမေ့လိုက်ပါတော့ မခင်ညို...

မနက်စာတင်လားဆိုတော့ အိတ်တွေချပေးဖို့လည်း လူမရှိပါဘူးတဲ့ခင်ဗျာ။ ၇နာရီထိုးမှဆိုတော့ နေလိုက်တော့။ ကိုယ့်အိတ်ကိုဆွဲ ဗင်းနစ်ရောက်ရောက်ပဲ။ ဒီဟိုတယ်နဲ့ မိတ်ပျက်ပြီ....


သင်္ဘောဖယ်ရီနဲ့ ဘူတာကို လာရင်း မနက်နေထွက်တဲ့ ရှုခင်းကိုမြင်လိုက်ရတဲ့အချိန် အားလုံးကို မေ့ပစ်သွားနိုင်ပြီ။ မနက်စာ မစားပဲထွက်လာမိတာတောင် ကျေးဇူးတွေ ပြန်တင်နေမိတယ်။ ဘူတာရောက်မှ အလာတုန်းက မဝင်မိဖြစ်တဲ့ ကော်ဖီဆိုင်မှာ မုန့်စားတယ်။ ရောင်းတဲ့သူက အတော်လေး စိတ်မရှည်တာတွေ့ရတယ်။ မှာပြီး ပိုက်ဆံသွားရှင်းရမှာဆိုတာကို ပထမဆုံးလာစားဖူးတဲ့သူက ဘယ်သိမလဲ။ ဒါလေးရှင်းပြရတာတောင် သူ့မှာ အတော်ပင်ပန်းသွားမယ်။ ဥရောပဟာ အောချစရာတွေ အများကြီးပဲ။

ရထားတွဲထိုးတဲ့ စင်္ကြန်နံပါတ်မထွက်သေးဘူး။ ကော်ဖီဆိုင်လည်း မထိုင်ကြတော့တာမို့ ပလက်ဖောင်းမှာ အိတ်တွေကာပြီး ထိုင်စောင့်ကြတယ်။ ပလက်ဖောင်းမင်းသားပေါ့လေ။ စင်္ကြန်နံပါတ်ထွက်လာတော့ ပြေးရသေးတယ်။ ကိုယ့်စောင့်နေတဲ့ဖက်မဟုတ်ဘူး တခြားဖက်တဲ့။ အနွေးထည်တွေ ထည့်ပြီးလေးနေတဲ့အိတ်နဲ့ ကျောပေါ်က ကင်မရာအိတ်နဲ့ ပြေးဟယ်လွှားဟယ် ဒီခရီးမှ မပိန်ရင် ဘယ်ခရီးပိန်မှာလဲပြော....

No comments: