ဒီရက်ကိုတော့ မင်္ဂလာဆောင်မယ့် သူငယ်ချင်းနဲ့ သူ့သတို့သားလောင်းက လိုက်ပို့ပါတယ်။ ထိုင်ပေကနေ တန့်ဆွေကို ရထားစီးသွားကြတယ်။ ဘူတာကနေထွက်ပြီး ဖယ်ရီမစီးခင် ဈေးတန်းမှာ မနက်စာ စားရင်း ဈေးဝယ်လိုက်ကြသေးတယ်။
ဖယ်ရီနဲ့ ဟိုတဖက်ကမ်းကို ကူးပြီး ထိုင်ပေမြို့ကြီးကို နောက်ထပ်ရှုခင်းတခုအနေနဲ့ ထိုင်ကြည့်ကြတယ်။ တဖက်ကမ်းမှာလည်း Street food တွေအများကြီးပဲ။ တခုပြီးတခု စမ်းစားကြတယ်။
နေ့လည်စာစားပြီးတာနဲ့ ထိုင်ပေကို ပြန်လာကြတယ်။ ဦးတည်သွားတဲ့ နေရာကတော့ တရုတ်နန်းတွင်းရတနာတွေရှိတဲ့ ပြတိုက်ပါပဲ။ တရုပ်ပြည် မင်မင်းဆက်နဲ့ ချင်မင်းဆက်ရဲ့ နန်းတွင်းရတနာတွေကို ဒီပြတိုက်မှာထားရှိပါတယ်။ ဖက်ဆစ်ဂျပန်လက်အောက် နန်းတော်ကျရောက်တဲ့အခါ နန်းတွင်းရတနာတွေကို နန်ကျင်းကို ရွှေ့ထားကြတယ်။ ဒီကမှ ချန်ကေရှိတ်လက်ထက်ရောက်တဲ့အခါ ထိုင်ဝမ်ကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံရိုက်ခွင့်မရှိတဲ့အတွက် စိတ်နှလုံးနဲ့သာ ခံစားခဲ့ရတယ်။ ကျနော် အကြိုက်ဆုံးကတော့ ပန်းချီတွေပါပဲ။ အနုပညာ ဆိုတဲ့ ခံစားသက်ဝင်မှုက တော်တော့ကို လှုပ်ခတ်စေပါတယ်။ ပန်းချီးကားတွေကို မြင်ကွင်းကျယ် ချဲ့ကြည့်လို့ရတဲ့ စီစဉ်မှုကိုလည်း ချီးကျူးမိတယ်။ နေ့တဝက်ကျော်ကျော်လောက်ကို ကျနော်တို့ ပြတိုက်ထဲမှာပဲ နှစ်မြုပ်ပစ်ခဲ့ပါတယ်။
ပြတိုက် အပြင်ကိုထွက်တော့ မှောင်နေခဲ့ပြီ။ ဘယ်သွားချင်လဲဆိုတော့ ယဲ့မင်ဆန်းတောင်ပေါ်ကနေ ထိုင်ဝမ်မြို့ပြကို ငေးချင်တယ်ဆိုတာနဲ့ လိုက်ပို့ကြတယ်။ မိုးချုပ်လို့ထင်တယ် လူအတော်ပြတ်တယ်။ ခဏပဲ နေပြီး ပြန်လာခဲ့လိုက်ကြတော့တယ်။
ဘူတာနားက ညဈေးတန်းမှာ ညစာ ဆွဲရင်း ဒီနေ့တနေ့တာ အတွက် မြင်ခဲ့ ကြည့်ခဲ့သမျှတွေကို ပြန်တွေးနေမိတယ်....

No comments:
Post a Comment