31 May 2018

တနေ့တာအတွင်း ကိုစမတ်ကျွန်းမှာ


ပြီးခဲ့တဲ့အပတ်အတွင်း အလုပ်က ရရောင် Rayongဆိုတဲ့မြို့မှာ တာဝန်ကျတဲ့အခါ ကိုစမတ်ကျွန်းကိုသွားဖို့ အကြောင်းဖြစ်လာခဲ့တယ်။ ရရောင်ဆိုတာ ဘန်ကောက်ကနေ ကားလမ်းခရီး သုံးနာရီကြာအကွာအဝေးမှာရှိပါတယ်။ တနင်္ဂနွေ ရုံးပိတ်ရက်တရက်ပဲ နားရက်ရတာမို့ လိုက်ပို့ပေးမယ်ဆိုတဲ့ နယ်ခံမလိုက်ပို့ပေးနိုင်သည့်တိုင် တယောက်တည်း သွားဖို့ စီစဉ်ဖြစ်ခဲ့တယ်။

ကိုစမတ်ကျွန်းကိုသွားဖို့အတွက် ရရောင်မြို့ကနေ ဘန်ဖီဆိုတဲ့ မြို့ကိုထပ်သွားရပါတယ်။ ဘန်ဖီကနေမှ ကိုစမတ်ကျွန်းကိုသွားဖို့ သင်္ဘောဆိပ်ရှိတာကြောင့်ပါ။ ဘန်ကောက် ဆူဝဏဖုံလေဆိပ်ကနေ ဘန်ဖီကို တိုက်ရိုက် မီနီဘတ်စ်တွေ ရှိတယ်လို့လည်းပြောပါတယ်။ 

ကျနော်ကတော့ ရရောင်ကနေ ကားငှားပြီးသွားဖြစ်တယ်။ လိုင်းကားတွေရှိပေမယ့် လိုင်းကားဂိတ်ကိုသွားဖို့၊ လိုင်းကားလူပြည့်အောင်စောင့်ဖို့ အချိန်မပေးနိုင်တာကြောင့်ပါ။ ကားငှားခ ဘတ်၅၃၀ကျပါတယ်။ ဘန်ဖီရောက်တဲ့အခါ သင်္ဘောလက်မှတ်ရောင်းတဲ့သူတွေက အများအပြားပါ။ သင်္ဘောဖယ်ရီ အမျိုးအစားက ကိုယ့်ဘတ်ဂျက်ပေါ်မူတည်နေတယ်။ ရိုးရိုးပုံမှန်သင်္ဘောက အသွားအပြန် ဘတ်၂၀၀နဲ့ နာရီဝက်လောက်ကြာပါမယ်။ အမြန်ယာဉ် စပိဘုတ်လေးတွေကတော့ အသွားအပြန် ဘတ်၄၀၀နဲ့ ၆၀၀ ကြားရှိပြီး ၁၅မိနစ်လောက်ပဲကြာပါမယ်။ ကိုယ်ပိုင်သီးသန့်ဆိုရင်တော့ ဘတ်၁၅၀၀ ကနေ ၂၀၀၀ကြားရှိပါတယ်။ ဈေးဆစ်ဖို့တော့ အတော်လိုပါတယ်။ ကျနော့ကို ရောင်းတဲ့ အမြန်ဖယ်ရီလက်မှတ်က အသွားအပြန် ၈၀၀ဆိုတယ်. အင်တာနက်မှာ ဘတ်လေးရာပဲ မရရင် မယူတော့ဘူးဆိုတော့မှ ဘတ်ငါးရာအထိ ဖြည်းဖြည်းချင်း ဈေးချပေးသွားတာပါ။

ပထမဆုံးကပ်တဲ့ ကမ်းခြေက အစိမ်းရောင်ကမ်းခြေလို့လည်းခေါ်တဲ့ ဆိုင်ကရော Sai Kaew ကမ်းခြေမှာရပ်ပေးပါတယ်။ ကမ်းခြေမှာ ဖယ်ရီသင်္ဘောကပ်တာနဲ့ အစောင့်က ကမ်းခြေဝင်ခွင့် ဘတ်၂၀၀ လာကောက်ပါတယ်။ နိုင်ငံခြားသားမို့ ၂၀၀ကောက်တာဖြစ်ပြီး သူတို့နိုင်ငံသားဆိုရင် လူကြီး ၄၀၊ ကလေး ၂၀ပဲ ပေးရပါတယ်။ ကမ်းခြေမကပ်ခင်ကတည်းက မြင်ရတဲ့ ကျောက်ဆောင်မှာ ဓါတ်ပုံရိုက်ဖို့ စိတ်ကူးထားပြီးပြီ။ နေက အတော်ပူတာမို့ ကင်မရာဆရာတွေ အကြိုက်ပါပဲ။ ကျောက်ဆောင်ပေါ်ရောက်တာနဲ့ ချွေးကရေချိုးထားသလို ရွှဲနှစ်နေခဲ့ပြီ။

ကျောက်ဆောင်ပေါ်က ဆင်းတာနဲ့ ကော်ဖီဆိုင်မှာ အုန်းရည်တလုံးမှာသောက်ခဏနားယူရတယ်။ ကော်ဖီဆိုင်အထွက်မှာ ဆိုင်ကယ်ငှားဖို့ မေးတဲ့အခါ တနေ့လုံး ဆီတိုင်ကီအပြည့်ကို ဘတ်၃၅၀နဲ့ ဈေးတည့်သွားတယ်။ သူတောင်းတာ ၃၈၀ပါ။ အပြင်ဆိုင်တွေမှာတော့ ၄၅၀ ၅၀၀လောက်တောင်းနေတာတွေ့ရတယ်။



အပြင်လမ်းမပေါ်ထွက်တာနဲ့ ဗယ်ဘက်ကိုချိုးပြီး မောင်းသာမောင်းလို့ဆိုတယ်။ လမ်းက တလမ်းတည်း ဖြူးနေအောင်ဖောက်ထားတာမို့ခရီးသည်တွေအတွက် အတော်လေးကို အဆင်ပြေစေတယ်။ ဆိုင်ကယ်ငှားတဲ့လူ ညွှန်လိုက်တဲ့ လူနည်းတယ် ရေကြည်တယ်ဆိုတဲ့ ဖျောဘေး Phouw Bay ကိုအရင်သွားတယ်။ Resort တခုရဲ့ ရှေ့တည့်တည့်ကျောက်ဆောင်နဲ့ ပင်လယ်ဟာ ငြိမ်သက်နေခဲ့တယ်။ ဓါတ်ပုံနည်းနည်းရိုက်နေရင်း ရေထဲက Sea Urchin ထဲကိုမြင်နေရပြီ။ ရေထဲက ငါးရောင်စုံတွေက ရေထဲမဆင်းပဲမနေနိုင်အောင် ခေါ်တော့တာပါပဲ။ သိပ်မကြာခင် ဆွေမျိုးပေါက်ဖော်တသိုက် Snorkeling လာလုပ်ကြရင်း ဆူညံပွက်နေတာနဲ့ ပြန်တက်လာခဲ့တော့တယ်။

ကမ်းပေါ်က နေဝင်ချိန်ကြည့်တဲ့ဗျူးပွိုင့်မှာ ခဏဓါတ်ပုံဝင်ရိုက်တယ်။ အေးအေးဆေးဆေး တယောက်တည်း ရှုခင်းကို ကြည့်ရတာ လွမ်းစရာတော့ အကောင်းသား။

အဲ့ဒီကနေ ဆက်ထွက်လာရင်း ရှုခင်းသာဆိုတဲ့ နေရာရောက်တဲ့ နေကခေါင်းပေါ်ရောက်နေပြီ။ ပူကျစ်တောက်နေပေမယ့် ရှုခင်းက အရမ်းလှတာကြောင့် ဆိုင်ကယ်ရပ်ပြီး အထဲကို တိုးဝင်သွားမိတယ်။

ကိုစမတ်ကျွန်းရဲ့ အဖျားပိုင်းရောက်တဲ့အထိ မောင်းသွားရင်း ဆိုင်ကယ်ရပ်ပြီးတာနဲ့ တောအုပ်ထဲကိုလမ်းလျှောက်ဝင်သွားရတယ်။ အနောက်ဖက်ပိုင်းရှုခင်းကမ်းခြေနဲ့ အရှေ့ဖက်ပိုင်းရှုခင်းကမ်းခြေ လမ်းနှစ်ခုခွဲသွားတာမို့ ပထမဆုံး အနောက်ဖက်ကို ရွေးလိုက်တယ်။




အနောက်ဖက်ကမ်းခြေကို ကျောက်တုံးပုံပြင်ကမ်းခြေလို့ ကျနော်က နာမည်ပေးလိုက်တယ်။ အစီအရီထပ်ထားတဲ့ ကျောက်တုံးတွေနဲ့ ပင်လယ်ပြာနောက်ခံဟာ ခံစားမှု မျိုးစုံကို တစဆီဆွဲထုတ်နေသလိုပါပဲ။ ကမ်းစပ်မှာ အလုပ်လုပ်နေတဲ့ မိသားစုကိုလည်း စိတ်ဝင်တစား ဓါတ်ပုံရိုက်ဖြစ်ခဲ့တယ်။
အရှေ့ဖက်ကမ်းခြေရောက်တော့ လူနည်းနည်းများနေပြီ။ ဒန်းအဖြစ်သစ်ကိုင်းနဲ့ လုပ်ထားတာလေး စီးရင်း ဓါတ်ပုံရိုက်ချင်ပေမယ့် လူများနေတာနဲ့ သေချာ မရိုက်ဖြစ်ခဲ့ဘူး။

အရှေ့ဖက်ကမ်းခြေကနေ ပြန်လာတဲ့အခါ ဗိုက်အတော်ဆာနေခဲ့ပြီ။ နေ့လည် တချက်ခွဲကျော်ပြီလေ။ ကမ်းခြေတခုဝင်မယ် ဆိုင်အဆင်ပြေရင်ဝယ်စားမယ်ဆိုပြီး ကမ်းခြေ အိုလွန်းဒန် Ao Lung Dam ကိုဝင်တယ်။ Jelly Fish restaurant မှာဝင်ပြီး နေ့လည်စာစားဖြစ်တယ်။ ပင်လယ်ကိုငေးပြီးစားရတာမို့ ပင်လယ်စာအစစ်အမှန်ပေါ့။ ဆိုင်နောက်ထဲမှာ ရေချိုချိုးလို့ရတဲ့နေရာလည်းရှိတာမို့ ခဏနားပြီးတာနဲ့ ပင်လယ်ထဲဆင်းဖြစ်တယ်။ ပင်လယ်ရေအဝစိမ်ပြီးတဲ့အခါ ရေချိုချိုးပြီး အစိမ်းရောင်ကမ်းခြေကို ပြန်တက်လာခဲ့တယ်။

လေးနာရီမှာ ဖယ်ရီချိန်းထားတာမို့ အစိမ်းရောင်ကမ်းခြေက ကော်ဖီဆိုင်မှာ ပြန်စောင့်နေတယ်။ ကော်ဖီနဲ့ မုန့်တခုလည်း ထပ်စားဖြစ်သေးတယ်။ လေးနာရီထိုးတော့ ဖယ်ရီလက်မှတ်ရောင်းတဲ့သူတွေဆီ ဖုန်းခေါ်တဲ့အခါ ကမ်းခြေမှာ နံပါတ်သုံးဆိုတဲ့ စပိဘုတ်ကိုသွားပါဆိုတာနဲ့ အပြေးသွားရတော့တာ။

ဘန်ဖီရောက်တော့ ဘတ်စ်ကားနဲ့ပြန်မယ်ဆိုပြီးလမ်းပေါ်ထွက်လာခဲ့တယ်။ လမ်းက အတော်လေး နေပူတာကြောင့် တက္ကစီမေးကြည့်တဲ့အခါ ဘတ်၄၀၀တောင်းတယ်။ သုံးရာနဲ့စစ်တော့ တဖြည်းဖြည်းလျော့လာရင်း နောက်ဆုံး တောင်းတဲ့ဈေးနဲ့လိုက်ပို့ပေးတယ်။ ရရောင်က ဟိုတယ်ကိုရောက်တော့ ခဏနားပြီး အညောင်းပြေ အနှိပ်ခံဝင်ရင်း မရွယ်ပဲ ရောက်ဖြစ်တဲ့ စမတ်ကျွန်းကို ပြန်တွေးနေမိတော့တယ်....

No comments: