08 April 2018

ခေါက်ယိုင်တနေ့တာ

ဒီတခေါက် ယိုးဒယားကိုသွားဖြစ်တဲ့အခါ ခေါက်ယိုင်ဆိုတဲ့ သစ်တောတွေက အော်ခေါ်နေကြတယ်။ နားရက်ပိုင်ပိုင်ရပြီဆိုတာ သိတဲ့အချိန်က ညနေရုံးဆင်းချိန်။  ခေါက်ယိုင်ကိုသွားချင်ရင် ရထား၊ ဘတ်စ်ကားနဲ့ Private car ငှားပြီးသွားနိုင်တယ်။ ခရီးသွားချိန် သုံးနာရီဝန်းကျင်လောက်ပျမ်းမျှရှိပြီး ကုန်ကျစရိတ်ကတော့ ရထားနဲ့ ဘတ်စ်ကား လက်မှတ်စလုံး၁၈ကျပ်လောက်ရှိပြီး ကားငှားရင်တော့ တရက်ကို ၁၀၀လောက်ဝန်းကျင်ရှိပါတယ်။ ယိုးဒယားမှာ ရထားနဲ့ ခရီးသွားချင်တယ်ဆိုတဲ့ ချဉ်ခြင်းကလည်း ရှိနေတော့ ဟိုတယ်ပြန်ရောက်ရောက်ခြင်း ရထားလက်မှတ်ကြည့်တယ်။ ရထားလက်မှတ်က အွန်လိုင်းကနေ (www.thairailwayticket.com) ဝယ်ရတာ အတော်ခက်ပါတယ်။ ခုံက ပေါ်လာလိုက်ပျောက်သွားလိုက်နဲ့ ရတဲ့ခုံကလည်း ပြတင်းပေါက်ခုံမဖြစ်လိုက် ဖြစ်လိုက် နှစ်နာရီလောက်ကြာတဲ့အထိ ရထားလက်မှတ်မရသေးဘူး။ ရထားလက်မှတ်ရပြန်တော့လည်း ဟိုတယ်ကို သွားပြီး ပရင့်ထုတ်ခိုင်းရပြန်တယ်။ လက်မှတ်ပေါ်မှာ လက်မှတ်စစ်က အပေါက်ဖေါက်တဲ့စနစ်မို့ ဖုံးထဲက လက်မှတ်ကို အသိအမှတ်မပြုပါဘူး။ အားလုံးအဆင်သင့်ဖြစ်တဲ့အချိန်က မနက်တနာရီထိုးပြီ ရထားချိန်က ၅နာရီ၄၅မိနစ်....
မနက်သုံးနာရီလောက်ကတည်းက နိုးနေတာနဲ့ အထုတ်စစ်ပြီး ဘူတာကို တက္ကစီနဲ့ ဆင်းလာခဲ့လိုက်တယ်။ ဘူတာရောက်တော့ လေးနာရီခွဲ။ မနက်စာ ပေါင်မုန့်လေးဘာလေးဝယ်ပြီး ဘူတာရုံထဲ ဓါတ်ပုံရိုက်နေမိတယ်။ 

ရထားတွဲထိုးတာနဲ့ ရထားပေါ်တက်ထိုင် ခဏနေရထားထွက်ပါတယ်။ သူငယ်ချင်းက ရထားချိန် အမြဲနောက်ကျတတ်တယ်လို့ သတိပေးလိုက်ပေမယ့် ထွက်တဲ့အချိန် ငါးမိနစ်ပဲ နောက်ကျတယ်။ ရထားပေါ်မှာ ဧည့်ခံတဲ့ အမျိုးသမီးတယောက်ပါပါတယ်။ မနက်စာ ကော်ဖီနဲ့ ပေါင်မုန့်ကျွေးတယ်။ ဝယ်လာတဲ့ပေါင်မုန့်တွေရောဆိုတော့ များသွားပြီ...
ပက်ချုံ (Pak Chong)ကို ကိုးနာရီမထိုးခင်မှာ ရောက်ပါတယ်။ ဘာမှ စီစဉ်ထားတာမရှိတော့ နည်းနည်း ကြောင်နေတယ်။ ဘူတာရုံနားမှာ လမ်းလျှောက်ရင်း တိုးကားစီစဉ်ပေးတယ်ဆိုတဲ့ Hello Hostel ကြော်ငြာက မျက်ဝန်းထဲရောက်လာတယ်။ဒါနဲ့ ဟယ်လိုဆီကို ဦးတည်လိုက်တယ်။ ဟယ်လိုရောက်တဲ့အခါ မနက်စာ စားဖို့ ပြင်နေတဲ့ လူတယောက်ကို နှုတ်ဆက်လိုက်တော့ သူကခဏထိုင်ပါဦး ဧည့်ကြိုကောင်တာ ဝန်ထမ်း အပြင်ခဏသွားတယ်လို့ဆိုပါတယ်။ ခဏနေ အသက်ငယ်ငယ် ခပ်သွက်သွက် ဝန်ထမ်းတယောက် ရောက်လာတယ်။ တကယ်က သူကပိုင်ရှင်ပါ။ စကားတခွန်းနှစ်ခွန်းပြောပြီးတာနဲ့ ကျနော်သွားချင်တဲ့နေရာတွေကို သူသိသွားပြီ နာရီဝက်အတွင်းကားရောက်လာမယ် ခဏစောင့်ပါတဲ့။

ကားမရောက်ခင် စကားစမြည်ပြောကြတော့ မနက်က နှုတ်ဆက်မိတဲ့သူက စင်္ကာပူကဆိုတာရယ် မြန်မာပြည်က ပြန်လာတာဆိုတာရယ် အကြောင်းတိုက်ဆိုင်ကုန်ကြတယ်။ လက်စနဲ့ သူလည်းမနေ့ညက ရောက်တာမို့ ဒီနေ့လျှောက်သွားမယ့်အစီအစဉ်မှာ လိုက်ခဲ့ဖို့ ဖိတ်လိုက်တယ်။ ကားတစင်းလုံးငှားတာဆိုတော့ နောက်တယောက်ပါလာတာ စကားပြောဖော်ရတာပေါ့။


ကားဆရာရောက်လာတဲ့အခါ ခရီးစဉ်ကို စကြတယ်။ ပက်ချုံမြို့နဲ့ ခေါက်ယိုင်က မနီးမဝေးဆိုပါတော့။ ခေါက်ယိုင် view point မှာ ပထမဆုံး ခဏရပ်ပေးတယ်။ ဓါတ်ပုံဆင်းရိုက်ကြပြီး ဒုတိယနေရာအဖြစ် ဟောနရော့ ရေတံခွန်ကို ပို့တယ်။ နွေရာသီဖြစ်တာမို့ ရေအတော်နည်းနေခဲ့ပြီ။ ရေတံခွန်ကို အဆင်းက နည်းနည်းမတ်ပါတယ်။ သက်ကြီးရွယ်အိုတွေအတွက်တော့ အဆင်မပြေပါဘူး။ ရေတံခွန်တွေနားမှာ လိပ်ပြာရောင်စုံတွေကလည်း ပြန့်ကျဲနေတာပါပဲ။
တတိယ ကျနော်ရွေးထားတဲ့ နေရာကတော့ ပက်ဒီဒေါင် ကျောက်အစွန်းပါ။ ဒီကျောက်စွန်းကနေ ခေါက်ယိုင်သစ်တောကို စီးမိုးပြီးကြည့်ရတာ အတော် ငြိမ်းချမ်းပြီး စိတ်ကို အတော်လေးငြိမ်သက်စေတယ်။ မထင်မှတ်ပဲ မိုးရွာတာကြောင့် တိမ်တွေနဲ့ ကောင်းကင်ပြာတွဲပြီး ဓါတ်ပုံမရလိုက်တော့ဘူး။




တနေရာနဲ့ တနေရာ အတော်လေးလှမ်းပါတယ်။ သားကောင်တွေက အရိုင်းအတိုင်းထားတာမို့ လမ်းတလျှောက်မှာ ကားဆရာက သားကောင်တွေရှာရင်း မောင်းလာတာ သတိထားမိတယ်။ ဆင်ရိုင်းတွေလည်း ဖြတ်သန်းတာ တွေ့ရတတ်တာမို့ ဆင်ရိုင်းတွေ့ရင် ကံကောင်းတယ်လို့လည်း ယူဆကြတယ်ဆိုတာ သိမှတ်ခဲ့ရပါတယ်။ ကျနော်တို့တော့ သမင်၊ ဒရယ်၊ မျောက်နဲ့ ငှက်တွေပဲ တွေ့ခဲ့ရတယ်။ Camp ထိုးပြီးနေချင်တဲ့ ခရီးသည်တွေအတွက်လည်း တဲလေးတွေထိုးပြီး နေနေကြတာ တွေ့ခဲ့ရပါတယ်။

ခေါက်ယိုင်တောထဲမှာ နောက်ဆုံးတနေရာ အဖြစ် ဟောဆုဝပ်ရေတံခွန်ကို သွားပါတယ်။ ရေတံခွန်ဆီကို ဆင်းပြီး သိပ်မကြာခင် မိုးသည်းသည်းမည်းမည်းရွာလာတာကြောင့် လူတွေလည်း မိုးတွေစိုရွှဲနေခဲ့တယ်။ နေ့လည် တနာရီလောက်ရောက်ပြီဆိုတော့ ဗိုက်တွေလည်း ဆာနေကြပြီ။


နေ့လည်စာစားဖို့ နေရာကိုတော့ PB Valley ဆိုတဲ့ ဝိုင်စိုက်ခင်းကို ကျနော်ရွေးချယ်ထားပါတယ်။ အဆောက်အဦးလှလှတွေနဲ့ နေရာတွေအများကြီးရှိပေမယ့် ကျနော်ကတော့ သဘာဝစိုက်ခင်းတွေကို ငေးပြီး နေ့လည်စာစားချင်မိခဲ့တာကြောင့် ဒီနေရာကို ရွေးချယ်ဖြစ်ခဲ့တာပါ။ ခေါက်ယိုင်ကနေ နောက်ထပ် တနာရီကျော်ကျော်လောက် မောင်းရပါတယ်။

စိုက်ခင်းကိုရောက်တော့ နှစ်နာရီလေးဆယ့်ငါးမိနစ်။ နောက်ဆုံး ဝိုင်တိုးက သုံးနာရီဆယ့်ငါး။ အမြန်ဆုံး ဆယ့်ငါးမိနစ်နဲ့ ရနိုင်တာ ပါစတာခေါက်ဆွဲပဲဆိုတော့ ခေါက်ဆွဲနှစ်ပွဲမှာလိုက်တယ်။ ပြီးတော့ စပျစ်သီးဖျော်ရည်တခွက်စီနဲ့ နေ့လည်စာကို တက်သုတ်ရိုက်စားလိုက်ကြရတယ်။

ဝိုင်တိုးကို ဘာဂီလေးတွေနဲ့ လိုက်ပို့ရင်း ရှင်းပြပေးပါတယ်။ ဝိုင်ချက်ဖို့အရည်အသွေးမပြည့်မှီတဲ့ စပျစ်တွေကိုတော့ အစောက သောက်ခဲ့တဲ့ ဖျော်ရည်အဖြစ်ပြုလုပ်ပြီး အရည်အသွေးမှီတဲ့ ဝိုင်တွေချက်ပြုတ်သိုလှောင်ပုံ အဆင့်ဆင့်ကို စနစ်တကျ ရှင်းပြပါတယ်။ တိုးရဲ့ နောက်ဆုံး အဆင့်ကတော့ ဝိုင်အစမ်းမြည်းခွင့်ပါပဲ။ ဝိုင်သုံးမျိုးကို မြည်းစမ်းခွင့်ပေးထားပြီး အရက်မသောက်တဲ့သူတွေအတွက်တော့ စပျစ်ဖျော်ရည် သောက်သုံးခွင့်ပေးပါတယ်။ ဝိုင်တခွက်ကို ဘတ်၂၀၀လောက်ရောင်းတာမို့ ဒီတိုးက ဝိုင်သုံးခွက်ဆို ဘတ်ခြောက်ရာလောက်ဖြစ်နေခဲ့ပြီ။ တိုးကိုတော့ ဘတ်၃၂၀နဲ့ရောင်းပါတယ်။

တိုးပြီးပြီဆိုတော့ ဓါတ်ပုံအမှတ်တရရိုက်ဖြစ်ကြတယ်။ ပြီးတာနဲ့ ပက်ချုံကို ပြန်တယ်။ ခရီးစဉ်အတွက်ကားငှားက ဘတ်၂၄၀၀ဖြစ်ပြီး ကျနော်တို့ တယောက်တဝက် ဘတ်၁၂၀၀ဆီကျပါတယ်။

ကျနော်ဝယ်ထားတဲ့ရထားလက်မှတ်က ၇နာရီလေးဆယ့်ငါး နောက်ဆုံးရထားပါ။ အချိန်လည်းပိုနေသေးတာနဲ့ ဟက်ပီးမှာ အထုတ်တွေချပြီး ညဈေးကို ပတ်ကြတယ်။ ကျောက်ကျောဖျော်ရည်တခွက်ဆီနဲ့ ညနေစာကို ဝက်ခြေထောက်ထမင်းပေါင်းဆွဲရင်း စကားဆက်ပြောကြပြန်တယ်။ စင်္ကာပူ ဧည့်သည်ကတော့ ပက်ချုံမှာ နောက်ထပ် တပတ်ထပ်နေပြီး ခြံလုပ်ငန်းတွေကူလုပ်ရင်း လည်ပတ်နေဦးမယ်ဆိုပါတယ်။

ကျနော်ကတော့ ရထားနဲ့ ဘန်ကောက်ကိုပြန်လာတယ်။ ညစာ ထမင်း၊ ကြက်သားဟင်းနဲ့ ကြက်ဥပြုတ်နှစ်လုံးအပြင် ပေါင်မုန့်နဲ့ ကော်ဖီလည်း တိုက်ပါတယ်။ ရထားလက်မှတ်ကတော့ တကြောင်းကို ဘတ်၂၈၀နဲ့ အမြန်ရထား အဲကွန်းနဲ့ဖြစ်ပါတယ်။

အလုပ်ပင်ပန်းတာတွေ ခေါက်ယိုင်သဘာဝသစ်တောထဲမှာ အပန်းဖြေခဲ့ရသလိုပါပဲ။ တခါမှ အဲ့သည်လောက် ခရီးတခုကို ချက်ချင်း ကောက်မစီစဉ်ဖူးသလို မရောက်ဖူးတဲ့ နေရာတခုမှာ မသိကျွမ်းဖူးတဲ့ လူတယောက်နဲ့ မသွားခဲ့ဖူးဘူး။ ခေါက်ယိုင်တနေ့တာ အတွေ့အကြုံကနေ နောက်ထပ် ခရီးတွေသွားဖို့ ထပ်ပြီး ခွန်အားရစေခဲ့တာတော့ အမှန်ပါပဲ....

No comments: