14 May 2017

နန်းတော်၊ တောတောင်လိပ်ပြာပွဲနဲ့ ရေတံခွန်တထောင်

မနက်စောစော လိုက်ပို့ပေးမယ့်သူက ဆိုင်ကယ်လေးနဲ့ လာကြိုတယ်။ ပထမဆုံး နန်းတော်ကို သွားကြတယ်။ နန်းတော် အဝင်မှာ ပွဲတော် တခုစီစဉ်နေတာ တွေ့လိုက်တယ်။ ငါ့ကို လိုက်ပို့ပေးမယ် မဟုတ်လားဆိုတော့ အိုခေတဲ့။ 







နန်းတော်က ဂျိုဂျကာတာလောက် ကြည့်စရာသိပ်မရှိပါဘူး။ ပြီးတော့ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်း မရှိတဲ့ အနေအထားပါ။ အစောင့်တွေကလည်း တွဲပြီး ဓါတ်ပုံရိုက်လိုက်ရင် ပိုက်ဆံတောင်းကြပါတယ်။ လခ မရတာ တနှစ်ကျော်ပြီးလို့ ဒေသခံက ရှင်းပြပါတယ်။ ဒါပေမယ့် ဟုတ်မဟုတ်ကတော့ သူတို့ အသိဆုံးပဲနေမှာပါ။ 









နန်းတော်တပတ်ပြည့်တဲ့အခါ အစောက ပွဲဆီကို လိုက်ပို့ပေးတယ်။ Mahesa Lawung လို့ခေါ်တဲ့ ရိုးရာ တောစောင့် တောင်စောင့်နတ် လိပ်ပြာရှင်တွေကို ကန်တော့တဲ့ပွဲပါ။ မာဟဂျဖိ အင်ပိုင်ယာကနေစတဲ့ ပွဲတော်ကို ခုထက်ထိယုံကြည်စွာ ကျင်းပနေကြတုန်း။ ကျွဲတကောင်ရဲ့ ခေါင်းနဲ့ ဒေသအစားအစာတွေပေါင်းစပ်ပြီး တောထဲက နတ်ဘုရားတွေကို ပူဇော်ပဿတဲ့ ပွဲပါ။ လက်ရှိနိုင်ငံရဲ့ ကြုံနေတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ်လို့ အားလုံးက ယုံကြည်ထားကြတယ်။ မင်းသမီးတပါးနဲ့ တော်ဝင်မိသားစုတွေအပြင် နန်းတော်က ဝန်ထမ်းတွေက ပြည်သူတွေ ကိုယ်စား လုပ်ပေးကြတဲ့ပွဲပါ။




ပွဲတော်မှာ ခင်းကျင်းထားတဲ့ အစားအသောက်တွေကို စားလို့ ရခဲ့ရင် တောင်းတဲ့ဆုပြည့်တယ်တဲ့လေ။ အဓိက မတောင်းပဲ ပြည့်တဲ့ဆုကတော့ မကြာခင်မှာ အိမ်ထောင်ကျစေတယ်ဆိုတဲ့ ဆုဆိုတော့ အလုအယက်တွေ တောင်းနေကြတော့တာ။ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုတာမျိုး။




တောထဲကို ပူဇော်ဖို့ ထွက်သွားကြတဲ့အခါ ကျနော့ ဒေသခံသူငယ်ချင်းက ရေတံခွန်ကို သွားကြမယ်ဆိုပြီးထွက်လာကြတယ်။ လမ်းက စပါးခင်းတွေ ကြားထဲမှာ လတ်ဆတ်တဲ့ လေကလည်း အနားမှာ။ ကျနော်က သိပ်မဝေးပဲနီးနီးလေးပဲ ထင်ထားခဲ့တာ၊တကယ်က အတော်လေး လှမ်းပါတယ်။ ဒီကြားထဲ မိုးလေးတဖွဲဖွဲ ရွာတဲ့အခါ ခရီးက ဖင့်သွားတယ်။ ကင်မရာအိတ်ကို မိုးစိုမှာစိုးတာနဲ့ လမ်းမှာ မိုးခိုရင်း ကော်ဖီသောက်ကြတယ်။ ရေတံခွန် မရောက်ခင်မှာ ဗိုက်ဆာတာနဲ့ ထမင်းဆိုင်မှာ ဆွဲကြတယ်။ ပြီးမှ ရေတံခွန်ကို ဆက်ဆင်းတယ်။ နိုင်ငံခြားသားနဲ့ ဒေသခံ ဝင်ကြေးက ဆယ်ဆမက ကွာတာမို့ သူငယ်ချင်းက စကားမပြောပဲ တိတ်တိတ်လိုက်လာဆိုပြီး ဒေသခံ ဝင်ကြေးနဲ့ ဝင်ခိုင်းခဲ့တယ်။ စလုံးမှာလို IC တောင်းစစ်တာမျိုးမရှိတော့ အေးအေးဆေးဆေး ဟန်ဆောင်ဝင်လိုက်နိုင်တယ်။


လှေခါးထစ်ပေါင်းများစွာကို ကျော်ဖြတ်လာပြီးတဲ့အခါ သူတို့ဘာသာစကားအရ ရေတံခွန်တထောင်ဆိုတဲ့ Grojogan Sewu ဆိုတဲ့ ရေတံခွန်ကို ရောက်ပါတယ်။ မိုးရွာထားတာကြောင့် ရေက ဝါကျင်နေတယ်။ ဒေသခံတွေ လာရောက်လည်ပတ်နေကြတာမို့ ဆူညံ စည်ကားနေခဲ့တယ်။ မကြာခင်မှာပဲ ကောင်းကင်ကြီး မည်းတက်လာတာမို့ ပြန်ကြရအောင် လောဆော်ရင်း အမြန်ပြန်တက်လာကြတယ်။

ဒါပေမယ့် လမ်းတဝက်လောက်အရောက်မှာ မိုးက သည်းသည်းမည်းမည်း ရွာတယ်။ လမ်းမှာ မိုးကာတထည်ဝယ်ပြီး ကင်မရာအိတ်ကို ကာတယ်။ တုပ်တုပ်ကျအောင်ရွာတဲ့ မိုးမှာ အိတ်က မစိုပဲ ဘယ်နေမှာလဲ။ ဟိုတယ်ရောက်တဲ့အခါ ဘက်ထရီတွေထုတ် ကင်မရာကို အဝတ်ခြောက်နဲ့ သုတ်တယ်။ အိတ်ကို Hair Dryer နဲ့ အပူပေးရင်း Dryer ပါ အပူလွန်ပြီး အလုပ်မလုပ်တော့ဘူး။ ဖြစ်ရမယ် အဲ့လို....

ညနေစောင်းတော့ နောက်နေ့ စီစဉ်ထားတဲ့ ကားကို မေးလ်ပို့ထားတာ ပြန်စစ်တယ်။ ဘာမှ အကြောင်းမပြန်ထားဘူး။ စိတ်ပူပြီး ဟိုတယ်ကဧည့်ကြိုကို ဖုန်းဆက်ခိုင်းတော့မှ သူတို့က ဂျိုဂျကာတာကမို့ ဝေးလို့ ဒုတိယနေ့ကို အစီအစဉ်ဖျက်ပါတယ်တဲ့။ တကယ်ဆို စမေးကတည်းက ဆိုလိုမှာနေမှာပါ လို့ မေးထားတာပါ။ ထားပါလေ အငြင်းအခုံလည်း မလုပ်ချင်တာနဲ့ အိုခေလို့ ပြောပြီး ဖုန်းချလိုက်တော့တယ်။

ညတွင်းချင်းပဲ နောက်နေ့ သွားမယ့် ကားစီစဉ်ရတယ်။ မဟုတ်ရင် ဟိုတယ်မှာပဲ ငုတ်တုပ်မေ့တော့မှာ။ ဆိုလိုက ကားဆရာတယောက်ကို ချိတ်မိပြီး နောက်နေ့ ခရီးစဉ်အတွက် အဆင်ပြေပြီဆိုမှပဲ အိပ်ရာဝင်ခဲ့တော့တယ်.....

No comments: