မဟာဂီတဆရာကြီး ဦးပြုံးချို၏ တေးဘုမ္မာ သီချင်းမှ အဝိဇ္ဇ္ဇာ ပိတ်ကာဆို့ မိစ္ဆာမြို့ ပြင်ပြင် စာသားထဲမှ ယူ၍ ပေးထားသော နာမည်ဖြစ်ရာ မိစ္ဆာနတ်ဆိုးတို့ ပူးကပ်ခံရသောလူတို့ ကြီးစိုးသောကာလမှ မြို့ကလေးတမြို့ရှိ သာမာန်လူတို့၏ ဘဝအကြောင်းများသာ ဖြစ်ပါသည်
ပထမစာမျက်နှာအဖွင့်ကပင် မိစ္ဆာနတ်ဆိုးတို့ဆိုသည့်နောက်မှာ အတွေးက ဝင်နေပြီ။ စာဖတ်နေရင်းမြို့လေးတမြို့လား နိုင်ငံတနိုင်ငံလားဆိုတဲ့ မေးခွန်းက ပိုပြီးပိုပြီး ခိုင်မာလာခဲ့သည်.
ဒီစာအုပ်ကိုဖတ်နေရင်း စာအုပ်ထဲကမြို့ဆီကနေ အတိတ်တွေက လှုပ်လှုပ်နှိုးနေခဲ့။ နေထိုင်ကျင်လည်ခဲ့ဖူးတဲ့ ပတ်ဝန်းကျင်၊ ရှူရှိုက်အသက်ရှင်ခဲ့ဖူးတဲ့ အစိတ်အပိုင်းတွေ အားလုံးကို ထင်ဟပ်စေသည်ပဲ။ ဒါဟာဘဝပဲဆိုပြီး မြင်သမျှကြားသမျှတွေ ဒီအတိုင်း ချထားခဲ့သူတယောက်မို့ စာအုပ်ပါ အကြောင်းအရာတွေက ခြောက်လှန့်တစ္ဆေတွေ ဖြစ်နေခဲ့ပြီလေ.
တကယ်တော့ သူ့ဘဝမှာ ပျော်လှသည်တော့ မဟုတ်ပေ။ ဖေဖေလေဖြတ်သွားသဖြင့် တက္ကသိုလ်ဒုတိယနှစ်မှာ ကျောင်းထွက်လိုက်ရပြီး အဝေးသင်တက္ကသိုလ်တက်ဖို့ စဉ်းစားထားသော်လည်း ဘဝရှေ့ရေးမှာ ရေရေရာရာမရှိလှပါပေ။ ညီမငယ်ဝိုင်းဝိုင်းမှာ တက္ကသိုလ် ပထမနှစ်တက်ဆဲဖြစ်ရာ သူမတို့မိသားစု၏ဝင်ငွေမှာ စာအုပ်အငှားဆိုင်လေးဖြင့်သာ ရပ်တည်ခဲ့ရသည်။
ရိုးရှင်းသောစာတကြောင်းမှာ ဘဝတခု၏အနိမ့်အမြင့်များသည် ဒရွတ်ထိုးသီလို့။ ဆင်းရဲလို့ ကျောင်းဆက်မတက်နိုင်ပဲ ပညာတပိုင်းတစဖြင့် ရပ်ဆိုင်းခဲ့သော ဖူးရုံဖူး၍ ပွင့်ခွင့်မရသော ဘဝများ။ ဝေးဝေးလံလံကိုကြည့်စရာမလိုပါ ကိုယ့်လက်တကမ်းမှာတင် များလှသောင်းသောင်းပင်။
ဒီသတင်းဌာနတွေမြောင်းထဲရောက်ပါစေ။ မြေဆီခွဲတမ်း မလောက်လို့ ရသလောက်ပေးရတာကျ အော်တတ်တယ်ဗျာ။ ပေါင်မုန့်တို့ ကားတို့ဖြစ်အောင် ဒိုင်သမားတွေက လုပ်ပေးတာကိုကျ ဘယ်သူမှအော်ဖို့ သတိမရဘူး၊ လယ်သမားဆိုတဲ့ ကောင်တွေဟာ မဆလ ခေတ်ကစပြီး ထောင်ထောင်ထောင်ထောင် ဖြစ်လာတာ ခုထိ အချိုးမပြေဘူး။
စာဖြင့် ရေးမထားသည့် ခွဲတမ်းတွေရှိသေးကြောင်း သူတို့ သိပုံမရ။ ဟိုတုန်းက မန်နေဂျာတွေကို အထက်ဖား အောက်ဖိ ဟုပြောကြသည်။ ခုတော့ အထက်ရော အောက်ရောဘေးရော ဖားရလွန်းလို့ သူကိုယ်တိုင်ခပ်ပြားပြား။ ခေတ်ကလည်း မကောင်းတော့ဘူးလေ။ ကြက်ယက်သလို ရှာစားနေရတဲ့ ဘဝ။ ဝန်ထမ်းသက်သာပါ ရှာပေးရတော့ ပိုဆိုးကုန်ရော။
ဖေက ဝန်ထမ်းမို့ ကျနော်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်က ဝန်ထမ်းနယ်မြေ။ ပေးမှ ကမ်းမှ ရပေါက် ရလမ်းကို ချပေးတတ်ကြတာလည်း သိသည်။ ရပြန်တော့လည်း ဟိုပေးဒီပေးနဲ့ လက်ကျန်ကနည်း။ ရရင်းရရင်း လောဘက မသိမ်းနိုင်ပြန်တော့ လှုပ်လေ မြုပ်လေ လောဘဝဲဂယက်ထဲက ဝန်ထမ်းတွေကို မတွေ့မရှိ။ ကျောင်းပြီးတဲ့အခါ ဝန်ထမ်း လုပ်မလားဆိုတဲ့ စိတ်တွေဟာ ဘယ်တုန်းကမှ မမက်ဖူးတဲ့ အိပ်မက်တခုလိုပါ။
ခုတင်နံပါတ် ၅ က သင်းသင်းအောင် ဂလူးကို့စ် ရပြီလား
နီညိုရောင်ဝတ် သန့်ရှင်းရေးမိန်းမက လာမေးသည်။
သူ့အဖေ ပြန်မလာသေးဘူး။
မခင်ပုက ယဲ့ယဲ့ ဖြေသည်။ ကလေးငယ်က သူ့ပုခုံးပေါ် အန်ချလိုက်သည်။ ကျောတွင် ပူခနဲဖြစ်သွားသည်။
ဆေးရုံ ဆေးပေးခန်းနဲ့လည်း မစိမ်းလှပါ။ ရောက်ဖူးသည်အလီလီမို့အနှီ အဖြစ်များက မတွေ့ချင်မှ အဆုံး။ ဆေးရုံကိုလည်း အပြစ်မတင်လို ဝန်ထမ်းများကိုလည်း လက်ညှိုးမထိုးလိုပါ။ နောက်ဆုံး တဘူတာသာဖြစ်သော အဆိုပါ ဘူတာကလည်း သူနဲ့ မသက်ဆိုင်သလို နေနေတတ်တာကိုသာ အားမလိုအားမရ။ ကျနော်တွင်လားဆိုတော့ အားလုံးကလည်း သိသိကြီးနဲ့ ငြိမ်နေကြတာပဲ မဟုတ်လား...
ဝန်ထမ်းငယ်လေးတွေကိုလည်း လစဉ်ဟိုဖြတ်သည်ဖြတ် သူကိုယ်တိုင်ပင် လစာထဲက ဆန်ဖိုးဆီဖိုး ဘုရားပြင် ကျောင်းဆောက် အလှူငွေအပြင် ဟိုကြေးသည်ကြေး ဖြတ်ရပြီဆိုလျှင် မျက်နှာက ပျက်ချင်ချင်။ သူ့လူတွေမှလည်း အစ်မရယ် ဖြတ်ရပြန်ပြီလား ဆိုသည့် အားငယ်သည့် အသံတွေကို မကြားချင်။
လကုန်လို့ဖေက မေ့ကို လစာအပ်တဲ့အခါ တိုင်း တိုးတိတ်ညည်းညူသံများကို ကြားရမြဲ။ ဖိတ်စာတွေ မြင်ရင် အိတ်ကပ်တွေ ခါလွန်းလွန်းလို့ဆိုတဲ့ အသိတယောက်ကို သတိရမိရဲ့။ ဒီလ ဖိတ်စာနှစ်စောင်ဆိုရင် ရွှေဂေါင်းပြောင်ဟင်းကတော့ သေချာနေပြီ။ ရွှေဂေါင်းမပြောင်နိုင်တဲ့အခါ ပဲခြမ်းသုတ်လေးနဲ့ ဝမ်းကိုဖြည့်ရတာ။
ပိုက်ပိုက်က သူ၏ နားထင်ကြောများနှင့် ပခုံးများကို နှိပ်ပေးစဉ် မျက်လုံးများကို မှိတ်ထားသည်။ ပိုက်ပိုက်၏ ကိုယ်သင်ရနံ့လေး မွှေးမွှေးသင်းသင်းလေးနှင့် လက်ဖဝါးနုနုလေးများက သူ၏နားထင်ကြောများ ကိုက်ခဲမှုကို မပြေစေသည့်တိုင် ဖဿမှ ရရှိသည့် ပီတိဖြင့် သူကြည်နူးနေခဲ့သည်။ ပိုက်ပိုက်လည်း သူ့ကို အရေးပေးသဖြင့် လည်းကောင်း၊ နွေးနွေးထွေးထွေး နီးနီးကပ်ကပ် ပြုစုနေရသဖြင့် လည်းကောင်း ရင်ခုန်နေခဲ့သည်။
ဒေါ်ချိုချိုက တီဗွီကို အဝေးထိန်းခလုတ်ဖြင့် ပိတ်လိုက်သည်။ ကိုကို့ကို နှိပ်ပေးနေသည် ပိုက်ပိုက်မျက်နှာကို တလှည့် ကိုကို၏ ပီတိရိပ်လွှမ်းနေသည့် မျက်စိစုံမှိတ်ထားသည့် မျက်နှာကို တလှည့် ကြည့်နေသည်။
အခုနောက်ပိုင်း အိမ်ကို ပြန်တဲ့အခါတိုင်း တခြားအိမ်တွေရဲ့ အိမ်ငယ်လေးတွေဆီသို့ ခွဲထွက်သွားမှုကို မြင်ခဲ့ရသည်။ ဖေ့ရဲ့ ခိုင်ကျည်တဲ့ ဒီသီလကို ကျေးဇူးတွေတင်လို့။ သူတို့မရှက်ပေမယ့် အိမ်က သားသမီးငယ်တို့ရဲ့ ရှက်မျက်ရည်တွေကို မြင်ရတဲ့အခါ ကိုယ်ချင်းစာစိတ်နဲ့ ခါးသီးနာကျည်းတတ်လာတယ်။ ဒီရမ္မက်ဆိုတဲ့ အရာတွေ မရှိတတ်ရင် ကောင်းမယ်လို့မကြံကောင်းစည်ရာ ကြံမိပြန်တယ်။ ငယ်ရွယ်နုပျိုစဉ်က ချစ်ခြင်းတွေဟာ ကြီးရင့်လာတဲ့အခါ အရောင်တွေလွင့်သွားတာမျိုးမဟုတ်ပဲ ဖျော့တော့စေသည့်တိုင် မပျက်ပြယ်ပဲရှိနေစေချင်မိ ပြန်တယ်။
နှင်းနှင်း ဘာလာလုပ်တာလဲ
မြောင်းဖောက်တာ လိုက်မလို့ လမ်းဘေးတွင် ငုတ်တုတ် ထိုင်နေရာက ထလာပြီး ခပ်တိုးတိုးဖြေသည်။
မြောင်းတူးမယ်
နှင်းနှင်း၏ စကားက မျိုးဇော်ကိုရော ကားဒရိုင်ဘာ မြင့်ဦးကိုပါ အံ့သြ သွားစေခဲ့သည်။ မျိးဇော်မှာ နှင်းနှင်း၏ မျက်နှာ ညှိုးညှိုးလေးကို ကြည့်ရင်း ရင်ထဲမှာ နာကျင်သွားသလို ခံစားလိုက်ရသည်။
တအိမ်တယောက် မလိုက်မနေရ။ မလိုက်နိုင်ရင် ငွေပေးဆိုတဲ့ အခုလို လုပ်အားပေးမှုတွေက မနိုင်ရင်ကာ သောင်းကျန်းသူတွေကို ဆက်ကြေးပေးရတာနဲ့ လက်တလုံးခြားလေးပဲမဟုတ်လား။ ငွေမတတ်နိုင်ရင် လူလိုက်ဆိုတော့ အိမ်သူ အိမ်သား နည်းတဲ့ အိမ်တွေ၊ လူငယ်တွေက အလုပ်လုပ် ကျောင်းတက်နေတဲ့ အိမ်တွေက အိုကြီးအိုမတွေ ထွက်လာတဲ့အခါ...ဇာတ်လမ်းထဲက မျိုးဇော်က နှင်းနှင်းဆိုတဲ့ ကောင်မလေးအတွက်ပဲ ရင်ထဲမှာ နာကျင်။ ကျနော်ကတော့ ဆင်းရဲနွမ်းပါးသူ တရပ်လုံးအတွက် နာကျင်နေခဲ့....
ဟေ့ လူ
စိုးနိုင် အရှင်လတ်လတ် ရေခဲရိုက်ပြီးသား ဖြစ်သွားသည်။ အရပ်ဝတ်နှင့် နယ်ထိန်းကျော်ဝေ။ ထိုသူက ခပ်ပြုံးပြုံးနှင့် သူ့လက်မောင်းတဖက်ကို ဆုပ်ကိုင်ထားသည်။ ခေါင်းနပမ်းကြီးသွားရသည်။
တယ်ထောနေတယ် မှတ်တယ်၊ အံမာ နာရီနဲ့ မျက်မှန်နဲ့
ဟာ ဆရာ၊ ဆရာ နေကောင်းလား
မဟာစည်မှာ နာဖူးတဲ့ဖြူးဆရာတော်ရဲ့ တရားတပုဒ်ကို သွားသတိရသည်။ ယာထဲမှာ ပြောင်းဖူးသွားချိုးတဲ့ ဖိုးသူတော်အဖြစ်ပါပဲ။ အစေ့မတင်လို့ မိုးကို ဆဲ၊ မိုးက မြေကိုလက်ညှိုးထိုး၊ မြေက တိုင်းပြည်အုပ်ချုပ်တဲ့ မင်းရဲ့ ကိုယ်ကျင့်သီလမလုံတဲ့ အကြောင်းပြ၊ နောက်ဆုံး ရှင်ဘုရင်ရဲ့ မေးခွန်းမှာ ဖိုးသူတော် သူတပါး အခင်းသွားချိုးတဲ့ ပြစ်မှုက အတိုင်းသားဆိုသလို။ သမ္မာအာဇီဝနဲ့ ရှာလို့ဝမ်းတွေ မစိုတဲ့အခါ တရားတော်တွေကို အသာချပြီး ဝမ်းစာ ရှာရပြန်တယ်။ လွယ်သလားဆိုတော့ ကိုင်းထက်က ကျီးကကြီး၊ ကျီးအထက်က အသီးကကြီး၊ အသီးထက်က ကောင်းကင်က ကျယ်နဲ့ ဟိုလူလည်း ဆရာ ဒီလူလည်း ဆရာ ကျီးလန့်စာစား ပေးရကမ်းရတာပဲမဟုတ်လား။
စစ်ဒေသက ဗျူဟာမှူးကြီးရဲ့ ဇနီးကလည်း လေလံကိစ္စလိုက်နေခဲ့တယ်။ သူ့ကုန်သည်နဲ့ပေါ့ဗျာ။ ခင်ဗျားကိစ္စ အဆင်မပြေရင်လည်း ကျွန်တော့ကိုဘယ်လိုမှ သဘောမထားပါနဲ့၊ခင်ဗျားတို့လည်း အလုပ်တွေ တော်တော်များများ လုပ်ခဲ့ဖူးတာပဲလေ
ညောင်သီးလည်းစား လေးသံကိုလည်းနားထောင်တဲ့။ စူ့ထက်စူ လူစွမ်းကောင်းတွေမို့ ဝလည်း မလုပ်တတ်တော့ဘူးဆိုသလိုဖြစ်ကြတာပါ။ ပုဝါစုံချပြီး မိခင်နဲ့ ကလေးမှာ တင်မဟုတ်တော့ဘူး တိုင်းပြည်စီးပွားရေးအတွက် သပြေခက်တွေနဲ့ တွဲပြီး ထမ်းဆောင်နေပါပြီလို့ အားရပါးရ အော်ရမလိုပါပဲ။ အရှင်မွေးတော့ နေ့ချင်းကြီး ရွှေတွဲလွဲ ငွေတွဲလွဲ။ ငွေမျောငွေနဲ့လိုက်နိုင်ကြတဲ့ ခေတ်မို့ ရိုးရိုးသားသားများ သွားရှာလို့ကတော့ ဥပုသ်ဆောင်ဝင်နှင့်ကာမှ သင့်တော်ပေလိမ့်..
ယူပါဆရာ။ ပြီးမှ ဆရာ စေတနာရှိသလောက် ကျွန်တော့ကိုပေး
ခင်ဗျား ဘာလို့ယူခဲ့ရတာလဲ
သူ့လေသံ နည်းနည်းမာသွားသည်။
ဟင် ဆရာ အရင်ရုံးတွေတုန်းက မရခဲ့ဖူးဘူးလား
သူများမိုးခါးရေသောက် ကိုယ်လည်း သောက်ရမယ်တဲ့။ မေက ဖေ့တပည့်တွေ ပေးတဲ့ ငွေကို ယူထားမိရင် အိမ်မှာ အသံတွေကြားရပြီ။ သူများတွေ တတောင်ဆစ်လောက် ဝတ်နေပြီလို့ မေ့ဆီက ပြန်ပြောသံကိုလည်း အမြဲကြားရမြဲ။ ငါ ခေါင်းပြားအောင် အိပ်ပါရစေ ဆိုတဲ့ ဖေ့ရဲ့ ညည်းညူသံကိုလည်း နောက်ဆုံးမှာ သေချာပေါက် ကြားရမယ်။ မိန်းမသဘာဝမို့ လိုချင်မျက်စိရှိတဲ့မေနဲ့ သိက္ခာကို ချမနင်းလိုတဲ့ ဖေ့ရဲ့ လွန်ဆွဲပွဲက မိုးမခေါင်လည်း ရှိတတ်ပါတယ်.
အို ဘာတွေ လုပ်လာတာလဲ၊ အားနာစရာ၊ ပြန်ယူသွားပါ၊ မမတို့က အမှန်အတိုင်း ဖြစ်ဖို့ကူညီမှာပါ
အိက ညင်သာစွာ ပြုံးရင်း...
ကန်တော့လက်ဆောင်ပါ မမရယ်
ဟုဆိုကာ ကုလားထိုင်ပေါ်မှ ဆင်းပြီး လက်အုပ်ချီလိုက်ရာ မျိုးဇော်မှာ ထရမလို ထိုင်ရမလို အူကြောင်ကြောင် ဖြစ်သွားခဲ့ရသည်။
ဂါရဝေါစ၊ နိဝါတောစတဲ့ ဒီယဉ်ကျေးမှု စီးဆင်းနေတာ ကြာခဲ့ပြီ။ ဘယ်အသိုင်းအဝိုင်းမဆို ဒီလိုအမှုကိစ္စ မပြုကျင့်ရင် မအောင်မြင်ဘူးတဲ့။ ဆီပုံး၊ မုန့်ပုံး၊ ပါတိတ်၊ နောက်ဆုံး ရွှေတွေ ငွေတွေကို ပုန်းထဲထည့်ပြီး မုန့်ပုံးအဖြစ်ပြောင်း၊ အိမ်သော့၊ ကားသော့ သေးသေးလေးကနေ ကြီးကြီးတွေအထိ မင်္ဂလာတရားနဲ့ ညီညွတ်ကြသည်မှာ အားရစရာ။
စာအပိုဒ်ဆီတိုင်းမှာ ကိုယ့်အတွေးနဲ့ကို ကိုယ့်အရိပ် ကိုယ့်အတိတ်နဲ့ကြီးစိုးနေတာမို့ စာအုပ်ဖတ်တာ တော်တော်နဲ့ မပြီးစီးနိုင်။ တမျက်နှာ ဖတ်လိုက် ပြန်ချလိုက်။ ဟုတ်လိုက်လေ ဆိုပြီး လက်ဖျစ်တွတ်တီး အံ့ချီးမခန်းနိုင်။
မိစ္ဆာနတ်ဆိုးတို့ ပူးကပ်ခံရသောလူတို့ ကြီးစိုးသောကာလမှ မြို့ကလေးတမြို့ရှိ သာမာန်လူတို့၏ ဘဝအကြောင်းများသာ ဖြစ်ပါသည် ဟုဆိုသော်လည်း မိစ္ဆာနတ်ဆိုးကိုလည်း ကိုယ်တိုင် ကြားသိတွေ့ဆုံမြင်ထားသူဖြစ်တာမို့ သူရေးတော့သာ သူမြို့၊ ကိုယ်ကဖတ်တော့ ကိုယ်မြို့ တခုလုံး လိုလိုကို ဖြစ်လို့နေသည်။
မိစ္ဆာနတ်ဆိုးတို့ ဘယ်အချိန် ကျဆုံးလေမလဲ ဟု ရင်တထိတ်ထိတ်ဖြင့် ချေမှုန်းသုတ်သင်နိုင်မည့် သူရဲကောင်းကို အဆိုပါ မြို့ကလေးမှပင် နေဝင်နေထွက် ယနေ့ထက်တိုင် ဆုတောင်းလျက်.....
No comments:
Post a Comment