04 August 2013

သူရဲကောင်းတို့ မြို့တော်ဆီ



အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံး မြို့တော်။ ဒီမြို့တော်ကို သွားချင်တဲ့ အကြောင်းအရာလည်း နောက်ကွယ်မှာ အကြီးကြီး ရှိနေပြန်တယ်။ လေယာဉ်လက်မှတ် စျေးချတဲ့အခိုက်အတန့်မှာ သွားချင်တဲ့ စိတ်ကို အကောင်အထည်ဖော်ပို့ပဲ။ လိုက်မယ်ဆိုတဲ့ သူငယ်ချင်းကို စောင့်ရင်း စောင့်ရင်း၊ လက်မှတ်က လည်း စျေးကို တနေ့ ၂၀ဆယ်စီတက်လာတယ်။ တကယ်ဝယ်ဖြစ်တဲ့ အချိန်မှာ တယောက်ကို စလုံး ၁၈၀ လောက်ဖြစ်သွားခဲ့ပြီ။ ခရီးကိုစီစဉ်တဲ့အချိန်မှာ အချိန်တိုအတွင်းမှာ ဆုံးဖြတ်ချက်ချနိုင်မှ မဟုတ်ရင် အခုလို စျေးပိုပေးရတတ်ပါတယ်။

ကျနော်သွားချင်တဲ့ ခရီးစဉ်ကို ထုံးစံအတိုင်း အေးဂျင့်တွေရှာပြီး ဆက်သွယ်တယ်။ သွားချင်တဲ့ နေရာဟာ လူအများ သွားလေ့သွားထ မရှိတာမျိုးမို့ ကိုယ့်ဖာသာပဲ ခရီးစဉ်ကို ဆွဲပေးရတယ်။ နောက်ဆုံး စျေးအသင့်တော်ဆုံးဖြစ်တဲ့ ခုနှစ်ကမ္ဘာဆိုတဲ့ အေးဂျင့်ကို ရွေးလိုက်တယ်။ စျေးဆစ်ရင်း သွားလိုတဲ့ နေရာတွေကို ထပ်ထည့်လိုက်တာ နှစ်ယောက်ကိုမှ ယူအက်စ် ၄၆၀ပဲကျပါတယ်။ လေဆိပ်ကိုလာကြိုပြီး သွားချင်တဲ့ နေရာတွေကို ပို့ပြီးရင်နောက်ဆုံးတရက်မှာ ဆူရာဘာရာမှာ ကျနော်တို့ကို ထားခဲ့မှာဖြစ်တယ်။ ဟိုတယ်တည်းခ မပါပါဘူး။

လေဆိပ်ကို ရောက်တဲ့အခါ တိုးဂိုက်ကြီးနဲ့စတွေ့ပါတယ်။ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်လို့ ဆိုရမယ် စင်္ကာပူကလာတယ်ဆိုလို့ တရုတ်တိုးဂိုက်ကြီးကို ထားပေးထားတာ။ ကျနော်တို့က အင်္ဂလိပ်တိုးဂိုက်မှ ဖြစ်မှာဆိုတော့ သူတို့ ရုံးကို ဖုံးဆက် ကွိစိကွစိတွေပြောရင်း မူလအစီအစဉ် နှေးဖင့်သွားတဲ့အတွက် သူတို့ သူဌေးက တိုးဂိုက်ပြောင်းပေးရင်း ညစာကျွေးဖို့စောင့်နေပါတယ်ဆိုတော့ ဘာပြောနိုင်မလဲ…အိုကေပေါ့။




စားသောက်ဆိုင်က နာမည်ကြီးလို့ပြောပါတယ်။ စားလို့လည်း အင်မတန်ကောင်း။ အာလူးတွေပေးရင်း မြန်မာနိုင်ငံကို လာလည်ဖို့တောင် ဖိတ်လိုက်သေးတယ်။ ကိုယ်လည်း တိုးဂိုက်ပြန်လုပ်သင့် လုပ်ရမယ်။ ရှင်းပြဖို့ စာမရတာ ရတာအပထား။ တိုးဂိုက်အသစ်ကလေးက စကားတွေ ရွှန်းရွှန်းကို ဝေနေတာပါပဲ။ စလုံးကို ဘယ်နှစ်ခေါက် ရောက်ဖူးတယ်ဆိုတဲ့အကြောင်း၊ အော်ဇီကိုလည်း မကြာမကြာသွားပါတယ်ဆိုတဲ့အကြောင်း. လူအကြောင်းက ပေါင်းကြည့်မှ သိဆိုတာ ခရီးအတော်လေးကြာမှ သိပါတော့တယ်။

သွားချင်တဲ့ ဘရိုမိုတောင်ကို အတော်လေး မောင်းရတယ်။ လမ်းမှာ ကော်ဖီသောက် ကျန်းမာရေး ခဏနားပြီး ဆက်တိုက်မောင်းပါတယ်။ ကျနော်တည်းဖို့ ရွေးထားတဲ့ ဟိုတယ်က တောင်ထိပ်မှာပါ။ တက်ရင်း လမ်းမှားလို့ ပြန်ကွေ့ရတာ နှစ်ခါနဲ့ ဟိုတယ်ကို ရောက်တဲ့အခါ ညဆယ့်တစ်နာရီလောက်ရှိနေပြီ။ အေးလိုက်တာလည်း လေက တဟူးဟူးနဲ့။ မနက်လေးနာရီကို အရုဏ်တက် နေထွက်ချိန်ကြည့်ဖို့ လာခေါ်မယ်ဆိုတော့ အိပ်မယ်ဆိုပြီး အိပ်ရာသာ ဝင်တယ် အိပ်လို့မပျော်ဘူး။ စိတ်က မနိုးမှာစိုးလို့ နာရီထထကြည့်နေတာနဲ့ သုံးနာရီကျ မနေနိုင်ဘူး ငုတ်တုတ်ပဲထထိုင်နေလိုက်တယ်။ အနွေးထည် သုံးထပ်ဝတ်တာတောင် အတော်ချမ်းတာကလား။



ရေမချိုးနိုင်ဘူး။ ဟိုတယ်အရှေ့မှာ ကျေးဇူးရှင် ဂိုက်ကို မျှော်တာ မျှော်တာ ငါးနာရီလည်း ပေါ်မလာ၊ လူက အေးလို့ တုန်တက်နေပြီ။ မလာတော့ဘူးထင်တယ်ဆိုပြီး အခန်းထဲက ပြန်စောင့်တယ်။ ခြောက်နာရီမှ ကျေးဇူးရှင်က ပေါ်တော်မူတယ်။ သူက မေ့သွားတာတဲ့၊ အရင်က တောင်အောက်ကနေ လေးနာရီစထွက်တာမို့ လေးနာရီချိန်းလိုက်မိတာဆိုပဲ..

ဒါနဲ့ လေးဖင့်နေလို့မဖြစ်ဘူး မြန်မြန်တက်မှပေါ့။ အရှေ့မှာ တသုတ်ပြီး တသုတ်သွားနေကြတာတွေ့နေပြီမဟုတ်လား။ မိုးလေးဖွဲဖွဲရွာနေတာ ရပ်သွားလို့တော်တော့တယ်။ တောင်ခြေကို ရောက်မှ ကျေးဇူးရှင်က ဓါတ်မီးမပါလာဘူးလို့ပြောတော့တယ်။ ဖုန်းက မီးကိုသုံးပြီး စမ်းတဝါးဝါးနဲ့တက်ရင်း စိတ်ထဲမှာ ဒေါသက အလိပ်လိုက်ထွက်တယ်။ စောင့်ရတာကတမျိူး၊ တိုးဂိုက်လုပ်နေပြီး ဒီခရီးကို လိုအပ်တဲ့ပစ္စည်းတွေ ပါမလာတာက တဖုံနဲ့ တောင်ခါးလည်လောက်ရောက်တဲ့အခါ ဒေါသကြောင့်ရယ် မောလာတာရယ်နဲ့ ထိုးပြီးတော့အန်တယ်။ အသက်တောင်ထွက်မလား အောက်မေ့ရပါတယ်။ နောက်များဆို ဒီလိုခရီးဘယ်လို လှမ်းရပါ့ဆိုပြီး တွေးပူတယ်။







ကျနော်တို့က တက်နေကြဆိုတော့လေ တောင်ထိပ်ကို ရောက်သွားတယ်။ တိုးဂိုက်ဆိုတဲ့ ကျေးဇူးရှင်ကတော့ အမြီးတောင်မမြင်ရပါဘူး။ ရှင်းပြမယ့်သူမရှိတော့ ကျီးကြည့်တောင်ကြည့်ပေါ့။ လူတွေကလည်း အများသား။ နိုင်ငံပေါင်းစုံကနေတောင်လာတာနော်။ မှောင်နေတဲ့ကောင်းကင် လင်းမလာသေးခင် စိတ်တွေအားလုံးက အရှေ့အရပ်ဆီကိုမျှော်ကြည့်လို့။ 













တဖြည်းဖြည်းချင်း လင်းလာလိုက်တာ။ ဒါပေမယ့် တိမ်ထူလို့ နေထွက်လာတာကို လှလှပပ မမြင်ခဲ့ရဘူး။ အားရပါးရ ဓါတ်ပုံရိုက်ပြီးတဲ့အခါ ဖြည်းဖြည်းချင်းဆင်းတယ်။ သဲပင်လယ်ဆိုတာကို ငေးကြည့်တယ်။ ဟိုးအဝေးဆီက မှုန်ပြပြမြင်ရတဲ့ ဘုရားကို မသွားဖြစ်တော့ဘူး။ ဒီဘုရားရဲ့ ပုံပြင်ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ မင်းသားတပါးကို ကျိန်စာသင့်စေတဲ့ နေရာလို့လည်း ပါးစပ်ရာဇဝင်တွေက ဆိုကြတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒေါသတကြီး ပေါက်ကွဲခဲ့တဲ့ မီးတောင်ကြီး ဘရိုမိုဟာ အခုတော့လည်း ငြိမ်သက်ပြီး တိတ်ဆိတ်နေခဲ့တယ်.






 

 
ဆီနှင်းပေါက်တွေ တိမ်တွေ၊ တောင်တွေကို မြင်ရတဲ့အခါ မဲဇာတောင်ခြေရတုကို သွားသတိရမိတယ်။
" မိုးမြင့်သီခေါင်၊
မဲဇာချောင်က၊ တတောင်လုံးမှိုင်း၊ စ၍ ဆိုင်းသော်၊ တောင်တိုင်း ယှက်၍၊
၀န်းကာဝှေ့သည်၊ တောင်ငွေ့ ဝေဝေ၊ အထွေထွေနှင့်၊ လေလည်းရောရော၊
မိုးမပါပဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်း ပေါက်လည်း၊ မိုးလောက်ပြင်းထန်၊
သွန်းချပြန်သော်၊ နေစင်္ကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်
မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊ စေ့ရေ လှည့်လည်၊ တ လျက်မည်
သည်။ ။ နေခြည်ဖြာမှ နွေးသောကြောင့်
။"

ဟိုတယ်ကထွက်ပြီး အနီးအပါးကို သွားဖို့ ပြင်ကြတယ်။ ကျနော်သွားချင်တဲ့ မက်ဒါကာရိပူရ ရေတံခွန်ကိုသွားရမှာမို့ စိတ်လှုပ်ရှားနေခဲ့တယ်။ မိုးရိပ်တွေမြင်လာတိုင်း မရွာပါစေနဲ့လို့တိုးတိုးရွတ်တယ်။ မိုးရွာရင် ကျနော် သွားရမှာ မဟုတ်ဘူး။ ဒီနေရာတွေဟာ ကျနော့စိတ်ထဲမှာ ယဉ်းပါးနေခဲ့သလို တောင်ပေါ်မှာ မအန်ခင် ဆို့နင့်လာတဲ့ စိတ်ကို ပြန်ပြီး သတိရတဲ့အခါ ကျနော့မှာ ကြက်သီးတွေ တဖြန်းဖြန်းထယူတယ်…

ဆက်ပါဦးမယ်

No comments: