18 August 2013

စစ်သူကြီးဂါဂျာမက်ဒါ နဲ့ မက်ဒါကာရိပူရရေတံခွန်

အရှေ့အပုဒ်မှာ ကျနော်ဆိုခဲ့တဲ့အတိုင်း သူရဲကောင်းမြို့တော်ဆီကို ကျနော်သွားချင်တဲ့ အဓိက အကြောင်းအရင်းက ရှေးတုန်းက သိပ်ကို ခမ်းနားကြီးကျယ်တဲ့ အင်ပိုင်ယာကြီးတခု ဒီနေရာ ဒီဒေသတဝိုက်မှာ ရှိခဲ့ဖူးတယ်။ အဲ့ဒီအကြောင်းကို နောက်မှာ ဆက်ရေးပါမယ်။ အင်ပိုင်ယာကြီးမှာ စစ်သူကြီးဂါဂျာမက်ဒါဆိုတဲ့လူတယောက်ဟာ စိတ်ဝင်စားဖို့ ကောင်းစေတယ်။ စာတွေကဗျာတွေကနေ သမိုင်းထဲမှာ ထင်ရှားခဲ့တဲ့ စစ်သူကြီးတယောက် အမှတ်မထင် ပျောက်ဆုံးသွားတယ်ဆိုတာ အံ့သြစရာပါပဲ..သူပျောက်သွားတာလဲ ဟောဒီ မက်ဒါကာရိပူရ ရေတံခွန်မှာ...

ရေတံခွန်နာမည်ကို သတိထားမိပါသလား။ သူ့ရဲ့အဓိပ္ပါယ်ကိုက မက်ဒါစစ်သူကြီးရဲ့ နောက်ဆုံး အိမ်ယာတဲ့။ နယ်မြေတွေ အများကြီး ချဲ့ထွင်နိုင်ခဲ့တဲ့ ဒီစစ်သူကြီးရဲ့ ဘဝနောက်ဆုံး ဇာတ်သိမ်းဟာ လူသူရောက်ပေါက်နည်းလှတဲ့ ဟောဒီ ရေတံခွန်မှာပါ။ နိမ့်တုံမြင့်တုံဆိုတဲ့ တရားကိုပြလေသလားပါပဲ။ စစ်သူကြီးဟာ ဒီရေတံခွန်မှာပဲ တရားထိုင်ရင်း အချိန်ကုန်ဆုံးခဲ့တယ်လို့ဆိုသလို နောက်တမျိုးကတော့ ဘုရင်ကိုလုပ်ကြံပြီး ထီးနန်းလုတဲ့အတွက် ဒီနေရာ အကျဉ်းချထားခဲ့တာလို့လည်း ဆိုပြန်တယ်။
ဘာပဲဖြစ်ဖြစ် ဒီရေတံခွန်ဟာ ကျနော့ကို သွားကိုသွားမှ ဖြစ်မယ်ဆိုတဲ့ စိတ်တခုဖြစ်စေခဲ့တာ အမှန်ပဲ... ရေတံခွန်ရှေ့ကို ရောက်တဲ့အခါ စစ်သူကြီးရုပ်တုက မားမားမတ်မတ်ဆီးကြိုတယ်။ ကျနော့ရဲ့ဂိုက်ကြီးကတော့ မြင်လား သွားလို့မဖြစ်ပါဘူးဆိုတဲ့ စတိုင်နဲ့ ပခုံးကိုတွန့်ပြီး လမ်းညွှန်ရှာတယ်။ သူက ကျနော့စိတ်ကို မဖတ်တတ်သေး။ အနားက နယ်မြေခံတယောက်ကို မေးတဲ့ အခါ သူလိုက်ပို့ပေးနိုင်ကြောင်း ပြောလာတယ်။ ပို့ခတော့ ပေးရမပေါ့။ ကျနော်တို့ကို စျေးညှိပြီးတဲ့အခါ ကျေးဇူးရှင် ဂိုက်ဟာ သူမလိုက်နိုင်ကြောင်း တတပ်တအား ဝမ်းသာအားရ ပြောပါတော့တယ်။
ဘယ်လောက်အားကိုးရသလဲနော်။










ဂိုက်က ကားဆီသို့ တက်တက်ကြွကြွ ပြန်သွားသလို ကျနော်တို့ကလည်း လမ်းပြခေါ်တဲ့နောက်ကို ကောက်ကောက်ပါအောင် လိုက်ပါတော့တယ်။ လမ်းဟာ တကယ့်ကို တောလမ်း။ မြင်နေရတဲ့ လမ်းဖြောင့်ဖြောင့်လေး ကျော်တဲ့အခါ အပိုင်းလိုက်ပြတ်နေတဲ့ လမ်းတွေကို မျှော်ကြည့်ရုံပဲ တတ်နိုင်တယ်။



လမ်းပေါ်ကနေ အောက်ကိုဆင်း၊ ရေတတန်် ကုန်းတတန် နဲ့ ရေတံခွန်ကို ဟိုဖက်ကူးလိုက် ဒီဖက်ကူးလိုက်။ ကျောက်တုံးတွေကိုလည်း ရဲရဲ မနင်းလေနဲ့။ ဇွပ်ကနဲ မြုပ်သွားတဲ့ ကျောက်တုံးတွေ ရှိသလို၊ ရေညှိတွေနဲ့ ချောနေတဲ့ ကျောက်တုံးတွေလည်း ရှိပြန်တယ်။









လမ်းပြတဲ့သူဟာ အတော်ကိုလမ်းကြောင်း ကျွမ်းကျင်ပါတယ်။ သူ့အကူအညီလိုအပ်တဲ့အခါ ရှေ့ကနေချည်းပဲ မသွားဘူး၊ နောက်ကနေ လိုက်သင့်တဲ့အခါလိုက်တယ်။ လမ်းအတော်လေး ပေါက်တော့ ရေတံခွန်တခုကို မြင်ရတယ်။ အဲ့ဒါလား ဆိုတော့ မဟုတ်သေးဘူးတဲ့။ ဆက်လျှောက်ရင်း တချို့ ခရီးသွားတွေကိုလည်း တွေ့ပါတယ်။ အဝေးကလှမ်းမြင်ရတဲ့ ရေတံခွန်နားရောက်လာတော့ ထီးငှားတဲ့ သူ ပေါ်လာတယ်။ သူ့ထီးတွေက အရိုးတော့ ခိုင်သား၊ အရွက်တွေကလည်း ကြီးလို့။ အဲ့ဒီတော့မှ လက်ထဲက ကင်မရာကို သတိရတယ်။ ဘယ်လိုလုပ် ယူသွားမလဲ။ ရေမှုန်တွေက တရစပ်ကျနေသလို မိုးကလည်း ရွာနိုင်သေးတယ် မဟုတ်လား...ထီးငှားတဲ့သူက ကျွတ်ကျွတ်အိတ်နှစ်လုံးကို ပေးလာတယ်။ မြန်မာ့နည်း မြန်မာ့ဟန်တွေဟာ အဲ့ဒီမှာ ပေါ်တယ်။ မှန်ဘီလူးနေရာကို အပေါက်ဖောက်ပြီး ကျွတ်ကျွတ်အိတ်ကို ချည်တယ်။ နောက်ဖက်မှာ view finder အတွက် တပေါက်ဖောက်တယ်။ လုံတယ်ထင်တာပါပဲ...








ရေတွေထဲကနေ အတော်လေး လျှောက်ပြီးတဲ့အခါ ရေမှုန်လေးတွေ ဖြာကျနေတဲ့ နေရာတော်တော် များများကို ဖြတ်တယ်။ တချို့နေရာတွေ တော်တော်ကိုလှတယ်။ ထီးကတဖက်နဲ့ အိတ်စွပ်ကင်မရာကို ရိုက်ရတာ လူကလည်း အင်မတန်ညံ့တယ်ဆိုတာ ညာလို့မရတော့ဘူး။ ပုံတွေဟာ ဝေဝါးနေကြတယ်။ ဒီနေရာက ရေကို ဒေသခံတွေက ရေစင်လိုမျိုးထားပြီး သောက်သုံးကြတယ်လို့ ဆိုတယ်။ ရေကိုချိုးရင်လည်း ရောဂါဘယ ကင်းရှင်းစေတယ်လို့ အယူရှိကြပြန်တယ်..







ထင်လည်း ထင်စရာပါပဲ။ ရေတံခွန်ကို ရောက်တဲ့အခါ ရေတံခွန်ဟာ ကောင်းကင်ပေါ်ကနေ ဆင်းလာတဲ့ မြစ်တစင်းနဲ့တူတယ်။ နတ်တွေ ဖန်ဆင်းတဲ့ မြစ်တစင်းဆိုတော့ ရေဟာလည်း ရေစင်လို့ပဲ ယူဆကြတော့တာပေါ့။ ဟိုးအမြင့်ကနေ စီးလာတဲ့ ရေဟာ တရှိန်ထိုး လှပနေတယ်။ အဲ့ဒီအောက်မှာ သွားပြီး ထိုးခံလိုက်လို့ကတော့ အရေခွံတွေ ကွာမလားပဲ။ အထဲကို ဝင်ကြည့်ချင်ပေမယ့် ဝင်လို့ မရတော့ဘူး။ တချို့ခရီးသွားတွေ အထဲကနေ ရိုက်လာတဲ့ ပုံတွေကိုကြည့်လာတဲ့ ကျနော့အတွက် အားမလိုအားမရဖြစ်စေခဲ့တယ်။



မကြာခင်မှာပဲ မိုးတွေက မဲညို့ပြီး မိုးစက်လေးတွေ ကျလာတဲ့အခါ လမ်းပြက မြန်မြန်ပြန်ထွက်ကြဖို့ ကျနော့ကိုလောတယ်။ မိုးရွာလို့ ရေတွေတက်လာရင် အခုရောက်နေတဲ့နေရာဟာ ချက်ချင်း ရေအောက်ကို ရောက်သွားနိုင်တာကြောင့် ဒီကို ခရီးသွားတွေ လာလေ့မရှိကြဘူးလို့ လည်း ထပ်တလဲလဲ ပြောရှာတယ်။ အစောက ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ တောင်တွေဟာ တမုဟုတ်ချင်း မြူတွေ သိုင်းခြုံရစ်ဝိုင်းလို့...


ဆက္ပါဦးမယ္...

reference :http://en.wikipedia.org/wiki/Gajah_Mada

No comments: