20 August 2013

ခါးသက်ခြင်း


အခါးသက်သက်ချည်းဆိုခါးတယ်လို့ ခံစားမိချင်မှ ခံစားမိမယ်။ ချိုနေရာကနေ ခါးသွားတဲ့အခါ ဘ၀ဟာ တကယ့်ကို ဂျွမ်းထိုးမှောက်ခုံ…

အဲ့ဒီအခါးတွေဟာမနေ့ကမှ ရောက်လာတာလို့ မဆိုလိုချင်ပါ။ အရင်တုန်းက မသိမထိခဲ့တဲ့ အခါးတွေမို့။ အဲ့ဒီနေ့ကမင်းရဲ့ဖုန်းကို မကြည့်ဖြစ်မိခဲ့ရင်ဆိုတဲ့ နောင်တကို ရင်မှာ ပိုက်မိနေဆဲ။ ဖုန်းကိုကြည့်ဖြစ်ခဲ့ရင်တောင်အထဲက မက်ဆေ့တွေကို မဖတ်ဖြစ်ခဲ့ရင် ကောင်းမှာလို့ နောက်ပြန်ဆွဲချင်နေတဲ့သူက ငါပါ…

သတိရတယ်…
အတူတူပဲ..

မင်းရဲ့ချိုသာတဲ့ အပြောလေးတွေဟာ ပြောနေကျအတိုင်းပဲမို့ မင်းမှမင်းလို့ တပ်အပ်ပြောနိုင်တယ်။ဆင်တူကြောင်းကွဲ မက်ဆေ့တွေဟာ ကိုယ့်တယောက်တည်း မဟုတ်ပဲ တခြားလူတွေအများကြီးဆီမှာပါဖြန့်ဝေထားတဲ့အခါ လက်ထဲကကိုင်ထားတဲ့ ဖုန်းဟာေ၀၀ါးလာတယ်။ ဒေါသတကြီး ကိုင်ပေါက်ပစ်ရမလား၊မင်းဒါဘာလုပ်တာလဲဆိုပြီး ပုခုံးနှစ်ဖက်ကို အတင်းဆွဲဆောင့် မေးရင်ကောင်းမလား..

ကိုကို..လို့ နောက်ကနေ ခေါ်တဲ့အခါ တုန်ခနဲဖြစ်သွားရင်းလက်ထဲက ဖုန်းကို သူ့ဖက်ကို ထိုးပေးလိုက်တယ်။ နှုတ်ခမ်းတွေ လှုပ်နေပေမယ့် စကားတွေကိုမပြောမိ..စိတ်ထဲက ပြောနေတယ် ဒါပေမယ့် အသံအဖြစ်ကူးပြောင်းပေးဖို့ ငါ့မှာ အင်အားမရှိ။

အမှားမှားအယွင်းယွင်းနဲ့စကားတခွန်းထွက်ကျသွားတယ်။ ဟန်နီ…ကိုကို မင်းကိုပိုင်တယ် မဟုတ်လား..ထုံးစံအတိုင်း ပါးချိုင့်လေးတဖက်ခွက်နေအောင် ပြုံးပြီး ကိုကိုတယောက် ဘာတွေဖြစ်သလဲဟေ့ ဆိုတဲ့ လှောင်ပြုံးနဲ့ခပ်ထေ့ထေ့စတဲ့အခါ. နာကျင်နေတဲ့ အရာတွေ တချက်လောက် မေ့ပျောက်သွားတယ်။ ဖုန်းမှာတပ်ထားတဲ့ လက်ကိုင်ကွင်းကိုမင်းလှည့်နေတော့မှ လည်နေတဲ့ လက်ကိုင်ကွင်းနေရာမှာ ကိုယ့်ကိုကိုယ်အစားထိုးမိရင်း အစောကနာကျင်မှုကိုပြန်ရတယ်။ 

လိုက်မပြုံးနိုင်မယ့်အတူတူမဲ့နေတာပဲကောင်းတယ်မဟုတ်လား။ ပေါက်တဲ့နဖူး မထူးဘူးဆိုပြီး 

ဟန်နီ့ဖုန်းထဲက မက်ဆေ့တွေက…ဆိုပြီး ဆက်မပြောဖြစ်တော့။ 

သြော်..ဒါလားတဲ့ ခပ်ပေါ့ပေါ့လေသံနဲ့အတူ အပျော်တွေပါ ကိုကိုရယ် ဆိုတဲ့ အဖြေတခုကို ကြားရတယ်။အပျော်တွေပါတဲ့လား ဟန်နီ..ကိုယ်က မင်းကို ပျော်အောင် မထားနိုင်လို့လား.မွန်းကြပ်သလို၊ငတ်မွတ်သလို လည်ချောင်းထဲမှာ တစ်ဆို့ဆို့ကြီး ဖြစ်လာတယ်။ လက်ထဲက စီးကရက်ကို မီးညှိရင်းလက်ထဲမှာပဲ လောင်ကျွမ်းနေတာကို ကြည့်နေမိတယ်။ ကိုယ်တိုင်လည်း ငါဟာ အဲ့ဒီ မိန်းမငယ်လေးရဲ့အပျော်ထဲက တယောက်လားဆိုတဲ့အတွေးနဲ့ ခြောက်လှန့်နေခဲ့တယ်။ 

ရုံးကိုထွက်လာပေမယ့်စိတ်ထဲမှာ လိပ်ခဲတည်းလည်း ဖြစ်လို့နေတယ်။ ခါးသက်ခြင်းတွေဆိုတာ အဲ့ဒီကနေ စတယ်။ ဆေးလိပ်ငွေ့ကိုရှိုက်တဲ့အခါ အခိုးအငွေ့တွေ အားလုံးဟာ ခပ်ရှရှနဲ့။ သောက်နေကျ ကော်ဖီတခွက်ဟာလည်း သကြားဘယ်လောက်ထည့်ထည့်ချိုမလာနိုင်ဘူး။ 

ရုံးကလုပ်ဖော်ကိုင်ဖက်တွေအကုန်လုံး မျက်နှာတည်တည်ဖြစ်နေတဲ့ ကျနော့ကို မသိမသာကြည့်နေကြတယ်။ မေးရဲဆိုရဲ ရှိသူတယောက်နှစ်ယောက်ကမေးတိုင်း၊ အိပ်ရေးမ၀လို့ပါဆိုတဲ့ အဖြေကိုပဲ လွယ်လင့်တကူ ပေးလိုက်တယ်။ သူတို့ ယုံကြမှာမဟုတ်ဘူးဆိုတာသိနေပေမယ့်လေ..

နောက်ထပ်သူနဲ့ပြန်တွေ့ပေမယ့် ခံစားချက်တွေက စာရွက်အလွတ်တရွက်လို။ ရေးမိမှာစိုးလို့ ဟိုးအမြင့်ကိုတင်ထားတဲ့စာရွက်လိုမျိုး။ လည်ချောင်းထဲကစကားတွေ ထွက်မကျလာအောင် ခြောက်ကပ်နေသလား အောက်မေ့ရသလိုရင်ဘတ်တခုလုံးဟာလည်း ဗလာကျင်းနေခဲ့တယ်။ သူလိုချင်တာ ရပြီးရင် ပြီးပြီပဲမဟုတ်လား..နောက်ထပ်ဘာများပေးရဦးမှာတဲ့လဲ..

လည်နေတဲ့ပန်ကာကိုတွေ့တိုင်း သူ့ကို သတိရမိပြန်တယ်။ ဟိုအရင်တုန်းကလို အတွေးကို လွတ်လွတ်လပ်လပ်ထားလို့မရတော့။ ဖုန်းဆက်လို့ မကိုင်တဲ့အခါ တောင်ရောက်မြောက်ရောက် အတွေးတွေဟာ တစစီဝင်လာတယ်။အပျော်တွေပါဆိုတဲ့ အသံရဲ့ပဲ့တင်သံကို ကြားယောင်ရင်း အိပ်မက်ဆိုးတွေ မက်ပြန်တယ်။

မနက်တိုင်းမရိုးနိုင်အောင်ပို့နေကျ မက်ဆေ့တခုကို မပို့မိအောင် စိတ်ကို ချုပ်ထိန်းတဲ့အခါ မနက်တွေဟာအလင်းရောင်မဲ့နေသလို။ မတွေ့ဖြစ်အောင်နေမယ်လို့ စိတ်ကို ဆုံးဖြတ်လိုက် သက်ပြင်းကြီးကြီးတခုကိုဟူးခနဲနေအောင် လေပူတွေ မှုတ်လိုက်နဲ့ တယောက်တည်း စိတ်တွေလေနေခဲ့တယ်..

နောက်ဖက်နားဆီက၀ုန်းကနဲ ပန်းကန်တွေ ပြုတ်ကျတဲ့အသံကို ကြားတော့ လက်ထဲက ကော်ဖီခွက်ကို သတိရတယ်။Espresso တခွက်ကို သောက်ရင်း ညက မလိုင်ခဲတွေ စားထားတာနဲ့ အတွေးတွေ ရောထွေးပြီး ခါးသက်ခြင်းဆိုတဲ့ခေါင်းစဉ်နောက်မှာ တောင်စဉ်ရေမရလိုက်နေမိတာ.. ကဲ ရုံးသွားဦးမှပါလေ.

ဒီနေ့ကခါးသက်တဲ့တနင်္လာနေ့ပေါ့

18 August 2013

စစ်သူကြီးဂါဂျာမက်ဒါ နဲ့ မက်ဒါကာရိပူရရေတံခွန်

အရှေ့အပုဒ်မှာ ကျနော်ဆိုခဲ့တဲ့အတိုင်း သူရဲကောင်းမြို့တော်ဆီကို ကျနော်သွားချင်တဲ့ အဓိက အကြောင်းအရင်းက ရှေးတုန်းက သိပ်ကို ခမ်းနားကြီးကျယ်တဲ့ အင်ပိုင်ယာကြီးတခု ဒီနေရာ ဒီဒေသတဝိုက်မှာ ရှိခဲ့ဖူးတယ်။ အဲ့ဒီအကြောင်းကို နောက်မှာ ဆက်ရေးပါမယ်။ အင်ပိုင်ယာကြီးမှာ စစ်သူကြီးဂါဂျာမက်ဒါဆိုတဲ့လူတယောက်ဟာ စိတ်ဝင်စားဖို့ ကောင်းစေတယ်။ စာတွေကဗျာတွေကနေ သမိုင်းထဲမှာ ထင်ရှားခဲ့တဲ့ စစ်သူကြီးတယောက် အမှတ်မထင် ပျောက်ဆုံးသွားတယ်ဆိုတာ အံ့သြစရာပါပဲ..သူပျောက်သွားတာလဲ ဟောဒီ မက်ဒါကာရိပူရ ရေတံခွန်မှာ...

ရေတံခွန်နာမည်ကို သတိထားမိပါသလား။ သူ့ရဲ့အဓိပ္ပါယ်ကိုက မက်ဒါစစ်သူကြီးရဲ့ နောက်ဆုံး အိမ်ယာတဲ့။ နယ်မြေတွေ အများကြီး ချဲ့ထွင်နိုင်ခဲ့တဲ့ ဒီစစ်သူကြီးရဲ့ ဘဝနောက်ဆုံး ဇာတ်သိမ်းဟာ လူသူရောက်ပေါက်နည်းလှတဲ့ ဟောဒီ ရေတံခွန်မှာပါ။ နိမ့်တုံမြင့်တုံဆိုတဲ့ တရားကိုပြလေသလားပါပဲ။ စစ်သူကြီးဟာ ဒီရေတံခွန်မှာပဲ တရားထိုင်ရင်း အချိန်ကုန်ဆုံးခဲ့တယ်လို့ဆိုသလို နောက်တမျိုးကတော့ ဘုရင်ကိုလုပ်ကြံပြီး ထီးနန်းလုတဲ့အတွက် ဒီနေရာ အကျဉ်းချထားခဲ့တာလို့လည်း ဆိုပြန်တယ်။
ဘာပဲဖြစ်ဖြစ် ဒီရေတံခွန်ဟာ ကျနော့ကို သွားကိုသွားမှ ဖြစ်မယ်ဆိုတဲ့ စိတ်တခုဖြစ်စေခဲ့တာ အမှန်ပဲ... ရေတံခွန်ရှေ့ကို ရောက်တဲ့အခါ စစ်သူကြီးရုပ်တုက မားမားမတ်မတ်ဆီးကြိုတယ်။ ကျနော့ရဲ့ဂိုက်ကြီးကတော့ မြင်လား သွားလို့မဖြစ်ပါဘူးဆိုတဲ့ စတိုင်နဲ့ ပခုံးကိုတွန့်ပြီး လမ်းညွှန်ရှာတယ်။ သူက ကျနော့စိတ်ကို မဖတ်တတ်သေး။ အနားက နယ်မြေခံတယောက်ကို မေးတဲ့ အခါ သူလိုက်ပို့ပေးနိုင်ကြောင်း ပြောလာတယ်။ ပို့ခတော့ ပေးရမပေါ့။ ကျနော်တို့ကို စျေးညှိပြီးတဲ့အခါ ကျေးဇူးရှင် ဂိုက်ဟာ သူမလိုက်နိုင်ကြောင်း တတပ်တအား ဝမ်းသာအားရ ပြောပါတော့တယ်။
ဘယ်လောက်အားကိုးရသလဲနော်။










ဂိုက်က ကားဆီသို့ တက်တက်ကြွကြွ ပြန်သွားသလို ကျနော်တို့ကလည်း လမ်းပြခေါ်တဲ့နောက်ကို ကောက်ကောက်ပါအောင် လိုက်ပါတော့တယ်။ လမ်းဟာ တကယ့်ကို တောလမ်း။ မြင်နေရတဲ့ လမ်းဖြောင့်ဖြောင့်လေး ကျော်တဲ့အခါ အပိုင်းလိုက်ပြတ်နေတဲ့ လမ်းတွေကို မျှော်ကြည့်ရုံပဲ တတ်နိုင်တယ်။



လမ်းပေါ်ကနေ အောက်ကိုဆင်း၊ ရေတတန်် ကုန်းတတန် နဲ့ ရေတံခွန်ကို ဟိုဖက်ကူးလိုက် ဒီဖက်ကူးလိုက်။ ကျောက်တုံးတွေကိုလည်း ရဲရဲ မနင်းလေနဲ့။ ဇွပ်ကနဲ မြုပ်သွားတဲ့ ကျောက်တုံးတွေ ရှိသလို၊ ရေညှိတွေနဲ့ ချောနေတဲ့ ကျောက်တုံးတွေလည်း ရှိပြန်တယ်။









လမ်းပြတဲ့သူဟာ အတော်ကိုလမ်းကြောင်း ကျွမ်းကျင်ပါတယ်။ သူ့အကူအညီလိုအပ်တဲ့အခါ ရှေ့ကနေချည်းပဲ မသွားဘူး၊ နောက်ကနေ လိုက်သင့်တဲ့အခါလိုက်တယ်။ လမ်းအတော်လေး ပေါက်တော့ ရေတံခွန်တခုကို မြင်ရတယ်။ အဲ့ဒါလား ဆိုတော့ မဟုတ်သေးဘူးတဲ့။ ဆက်လျှောက်ရင်း တချို့ ခရီးသွားတွေကိုလည်း တွေ့ပါတယ်။ အဝေးကလှမ်းမြင်ရတဲ့ ရေတံခွန်နားရောက်လာတော့ ထီးငှားတဲ့ သူ ပေါ်လာတယ်။ သူ့ထီးတွေက အရိုးတော့ ခိုင်သား၊ အရွက်တွေကလည်း ကြီးလို့။ အဲ့ဒီတော့မှ လက်ထဲက ကင်မရာကို သတိရတယ်။ ဘယ်လိုလုပ် ယူသွားမလဲ။ ရေမှုန်တွေက တရစပ်ကျနေသလို မိုးကလည်း ရွာနိုင်သေးတယ် မဟုတ်လား...ထီးငှားတဲ့သူက ကျွတ်ကျွတ်အိတ်နှစ်လုံးကို ပေးလာတယ်။ မြန်မာ့နည်း မြန်မာ့ဟန်တွေဟာ အဲ့ဒီမှာ ပေါ်တယ်။ မှန်ဘီလူးနေရာကို အပေါက်ဖောက်ပြီး ကျွတ်ကျွတ်အိတ်ကို ချည်တယ်။ နောက်ဖက်မှာ view finder အတွက် တပေါက်ဖောက်တယ်။ လုံတယ်ထင်တာပါပဲ...








ရေတွေထဲကနေ အတော်လေး လျှောက်ပြီးတဲ့အခါ ရေမှုန်လေးတွေ ဖြာကျနေတဲ့ နေရာတော်တော် များများကို ဖြတ်တယ်။ တချို့နေရာတွေ တော်တော်ကိုလှတယ်။ ထီးကတဖက်နဲ့ အိတ်စွပ်ကင်မရာကို ရိုက်ရတာ လူကလည်း အင်မတန်ညံ့တယ်ဆိုတာ ညာလို့မရတော့ဘူး။ ပုံတွေဟာ ဝေဝါးနေကြတယ်။ ဒီနေရာက ရေကို ဒေသခံတွေက ရေစင်လိုမျိုးထားပြီး သောက်သုံးကြတယ်လို့ ဆိုတယ်။ ရေကိုချိုးရင်လည်း ရောဂါဘယ ကင်းရှင်းစေတယ်လို့ အယူရှိကြပြန်တယ်..







ထင်လည်း ထင်စရာပါပဲ။ ရေတံခွန်ကို ရောက်တဲ့အခါ ရေတံခွန်ဟာ ကောင်းကင်ပေါ်ကနေ ဆင်းလာတဲ့ မြစ်တစင်းနဲ့တူတယ်။ နတ်တွေ ဖန်ဆင်းတဲ့ မြစ်တစင်းဆိုတော့ ရေဟာလည်း ရေစင်လို့ပဲ ယူဆကြတော့တာပေါ့။ ဟိုးအမြင့်ကနေ စီးလာတဲ့ ရေဟာ တရှိန်ထိုး လှပနေတယ်။ အဲ့ဒီအောက်မှာ သွားပြီး ထိုးခံလိုက်လို့ကတော့ အရေခွံတွေ ကွာမလားပဲ။ အထဲကို ဝင်ကြည့်ချင်ပေမယ့် ဝင်လို့ မရတော့ဘူး။ တချို့ခရီးသွားတွေ အထဲကနေ ရိုက်လာတဲ့ ပုံတွေကိုကြည့်လာတဲ့ ကျနော့အတွက် အားမလိုအားမရဖြစ်စေခဲ့တယ်။



မကြာခင်မှာပဲ မိုးတွေက မဲညို့ပြီး မိုးစက်လေးတွေ ကျလာတဲ့အခါ လမ်းပြက မြန်မြန်ပြန်ထွက်ကြဖို့ ကျနော့ကိုလောတယ်။ မိုးရွာလို့ ရေတွေတက်လာရင် အခုရောက်နေတဲ့နေရာဟာ ချက်ချင်း ရေအောက်ကို ရောက်သွားနိုင်တာကြောင့် ဒီကို ခရီးသွားတွေ လာလေ့မရှိကြဘူးလို့ လည်း ထပ်တလဲလဲ ပြောရှာတယ်။ အစောက ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ တောင်တွေဟာ တမုဟုတ်ချင်း မြူတွေ သိုင်းခြုံရစ်ဝိုင်းလို့...


ဆက်ပါဦးမယ်...

reference :http://en.wikipedia.org/wiki/Gajah_Mada

14 August 2013

တိမ်တွေနဲ့ စိန်ပြေးတမ်းကစားတဲ့အခါ

ကျနော်က မိုက်မဲစွာ(ကိုယ်တိုင်ကျ နှစ်သက်စွာ) တိမ်တွေကို ချစ်မိ။ တိမ်တွေဆိုတာ အစိုးမရဘူးဆိုတာလည်း သိလျက် နောက်ဆုတ်ဖို့ရာ ဘုရင့်နောင်ဖောင်ဖျက်လာသလိုမျိုးနဲ့ ရှေ့ကိုပဲ ဇွတ်တိုးဝင်တတ်ခဲ့….လောကမှာ ပြေးသူနဲ့ လိုက်သူဆိုတဲ့ အကြောင်းအရာတွေကို မတွေးတတ်ခဲ့တာ အခုအချိန်ထိ.. တိမ်တွေကို တွေ့တိုင်းပျော်ရတယ်။ တချို့ကလှ၊ တချို့က ညိုမှောင်၊ တချို့က နီရောင်၊ တချို့မှာ ပြာလဲ့..ဖွေးဆွတ်ဆွတ် တိမ်တအုပ်ကိုတွေ့ရင် တွေ့ထိချင်မြဲ။ အမျှင်လိုက်တန်းနေတာမျိုးကျ မဆုံးတမ်း ထိုင်ကြည့်နေချင်။ တိမ်တွေမည်းညှို့လာပြီဆိုရင် တစုံတရာကိုလွမ်းဆွတ်တမ်းတသလို မျက်ဝန်းတွေလည်းသီတတ်။ တိမ်တွေဟာ အစမှာပဲ ခင်ဖို့ကောင်းသလိုလို ကိုယ်တိုင်လည်း မသေချာ။ တချို့တိမ်တွေကတော့ သူတို့မှာရှိနေတဲ့ အသွေးအရောင်ကို လိုက်ပြီး မာနခပ်ထည်ထည် အဖက်ပဲမတန်သလိုလို စကားပြန်မပြောချင်တဲ့ တိမ်တွေလည်းရှိရဲ့။ အရောင်တွေပြောင်းသွားတဲ့ တိမ်တွေကိုတွေ့ရင် ကြားနေကြစကားတခုကို ထပ်ခါထပ်ခါ ကြားယောင်။ သြော်..အပြောကျယ်ပါဘိ။ ပြာလဲ့လဲ့တိမ်တွေ၊ ဖွေးဆွတ်နေတဲ့ တိမ်တွေ မည်းမှောင်သွားတိုင်း ရင်ထဲက နှမြောတသစွာနဲ့ ကျောခိုင်းလိုက်ရပေမယ့် စိတ်ထဲမှာတော့ မကျေနပ်… ကျနော်ဟာတိမ်တွေနဲ့ မိတ်ဆွေဖွဲ့လိုခဲ့တယ်။ တိမ်တွေကို မှီပြီး လေဟုန်လည်း စီးခဲ့ချင်တယ်။ တိမ်တွေကို လက်ဆွဲပြီး လမ်းမတွေတိုင်းကို ဖြတ်ဖူးစေချင်။ တိမ်တွေကို ချစ်ခင်စုံမက်လျက် အရာရာကို ပျော်ပိုက်နေလိုက်ချင်တဲ့ လူတယောက်… တိမ်တွေနဲ့ ထိတိုက်မိတဲ့အခါတိုင်း ခံစားချက်အသစ်တွေဖြစ်တယ်။ လှိုက်မောစေတယ်၊ မင်သက်စေတယ်၊ ကြည်မွေ့စေတယ်..တိမ်တွေက ကျနော့အိပ်မက်တွေဖြစ်လိုဖြစ်လာ. တခါတရံ သူတို့အမိန့်ကို နာခံဖို့၊ တခါတလေ သူတို့ကိုစေခိုင်းဖို့ အစသဖြင့်…. အချိန်နည်းနည်းကြာလာတဲ့အခါ တိမ်တွေဟာ ပြိုပျက်စပြုလာမြဲ။ တအိအိနဲ့ စလာတဲ့ သူတို့အကြောင်းကို အစပိုင်းမှာ သတိမထားမိပေမယ့် အဖန်များလာတဲ့အခါ မကြာခင်မှာ တိမ်တွေပြိုတော့မယ်လို့ ကိုယ့်ကိုကိုယ် သတိပေးဖို့ဖြစ်ဖြစ်လာတယ်။ တချို့တိမ်တွေကိုတော့ တွေ့ပြီးမကြာခင်လေးမှာပဲ ပျောက်ပျက်ခဲ့ရသလို၊ ကြာရှည်လေးမြင့် ရှိလှတဲ့ တိမ်ရယ်လို့ အခုထိ မတွေ့ရှိ။ တိမ်တွေပြိုပြီးရင် မိုးတွေ နင့်နင့်နဲနဲရွာတယ်။ မိုးစက်တွေကို လက်နဲ့ထိတိုင်း တိမ်တွေကို ထိခဲ့ဖူးသလို ကျင်တက် အမှတ်ရနေဆဲ။ တိမ်တွေကပဲ ပြေးနေသလား ကျနော်ကပဲ လိုက်နေသလား ယနေ့ထက်ထိတော့ အဖြူအမည်း မသဲကွဲ…

04 August 2013

သူရဲကောင်းတို့ မြို့တော်ဆီ



အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံး မြို့တော်။ ဒီမြို့တော်ကို သွားချင်တဲ့ အကြောင်းအရာလည်း နောက်ကွယ်မှာ အကြီးကြီး ရှိနေပြန်တယ်။ လေယာဉ်လက်မှတ် စျေးချတဲ့အခိုက်အတန့်မှာ သွားချင်တဲ့ စိတ်ကို အကောင်အထည်ဖော်ပို့ပဲ။ လိုက်မယ်ဆိုတဲ့ သူငယ်ချင်းကို စောင့်ရင်း စောင့်ရင်း၊ လက်မှတ်က လည်း စျေးကို တနေ့ ၂၀ဆယ်စီတက်လာတယ်။ တကယ်ဝယ်ဖြစ်တဲ့ အချိန်မှာ တယောက်ကို စလုံး ၁၈၀ လောက်ဖြစ်သွားခဲ့ပြီ။ ခရီးကိုစီစဉ်တဲ့အချိန်မှာ အချိန်တိုအတွင်းမှာ ဆုံးဖြတ်ချက်ချနိုင်မှ မဟုတ်ရင် အခုလို စျေးပိုပေးရတတ်ပါတယ်။

ကျနော်သွားချင်တဲ့ ခရီးစဉ်ကို ထုံးစံအတိုင်း အေးဂျင့်တွေရှာပြီး ဆက်သွယ်တယ်။ သွားချင်တဲ့ နေရာဟာ လူအများ သွားလေ့သွားထ မရှိတာမျိုးမို့ ကိုယ့်ဖာသာပဲ ခရီးစဉ်ကို ဆွဲပေးရတယ်။ နောက်ဆုံး စျေးအသင့်တော်ဆုံးဖြစ်တဲ့ ခုနှစ်ကမ္ဘာဆိုတဲ့ အေးဂျင့်ကို ရွေးလိုက်တယ်။ စျေးဆစ်ရင်း သွားလိုတဲ့ နေရာတွေကို ထပ်ထည့်လိုက်တာ နှစ်ယောက်ကိုမှ ယူအက်စ် ၄၆၀ပဲကျပါတယ်။ လေဆိပ်ကိုလာကြိုပြီး သွားချင်တဲ့ နေရာတွေကို ပို့ပြီးရင်နောက်ဆုံးတရက်မှာ ဆူရာဘာရာမှာ ကျနော်တို့ကို ထားခဲ့မှာဖြစ်တယ်။ ဟိုတယ်တည်းခ မပါပါဘူး။

လေဆိပ်ကို ရောက်တဲ့အခါ တိုးဂိုက်ကြီးနဲ့စတွေ့ပါတယ်။ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်လို့ ဆိုရမယ် စင်္ကာပူကလာတယ်ဆိုလို့ တရုတ်တိုးဂိုက်ကြီးကို ထားပေးထားတာ။ ကျနော်တို့က အင်္ဂလိပ်တိုးဂိုက်မှ ဖြစ်မှာဆိုတော့ သူတို့ ရုံးကို ဖုံးဆက် ကွိစိကွစိတွေပြောရင်း မူလအစီအစဉ် နှေးဖင့်သွားတဲ့အတွက် သူတို့ သူဌေးက တိုးဂိုက်ပြောင်းပေးရင်း ညစာကျွေးဖို့စောင့်နေပါတယ်ဆိုတော့ ဘာပြောနိုင်မလဲ…အိုကေပေါ့။




စားသောက်ဆိုင်က နာမည်ကြီးလို့ပြောပါတယ်။ စားလို့လည်း အင်မတန်ကောင်း။ အာလူးတွေပေးရင်း မြန်မာနိုင်ငံကို လာလည်ဖို့တောင် ဖိတ်လိုက်သေးတယ်။ ကိုယ်လည်း တိုးဂိုက်ပြန်လုပ်သင့် လုပ်ရမယ်။ ရှင်းပြဖို့ စာမရတာ ရတာအပထား။ တိုးဂိုက်အသစ်ကလေးက စကားတွေ ရွှန်းရွှန်းကို ဝေနေတာပါပဲ။ စလုံးကို ဘယ်နှစ်ခေါက် ရောက်ဖူးတယ်ဆိုတဲ့အကြောင်း၊ အော်ဇီကိုလည်း မကြာမကြာသွားပါတယ်ဆိုတဲ့အကြောင်း. လူအကြောင်းက ပေါင်းကြည့်မှ သိဆိုတာ ခရီးအတော်လေးကြာမှ သိပါတော့တယ်။

သွားချင်တဲ့ ဘရိုမိုတောင်ကို အတော်လေး မောင်းရတယ်။ လမ်းမှာ ကော်ဖီသောက် ကျန်းမာရေး ခဏနားပြီး ဆက်တိုက်မောင်းပါတယ်။ ကျနော်တည်းဖို့ ရွေးထားတဲ့ ဟိုတယ်က တောင်ထိပ်မှာပါ။ တက်ရင်း လမ်းမှားလို့ ပြန်ကွေ့ရတာ နှစ်ခါနဲ့ ဟိုတယ်ကို ရောက်တဲ့အခါ ညဆယ့်တစ်နာရီလောက်ရှိနေပြီ။ အေးလိုက်တာလည်း လေက တဟူးဟူးနဲ့။ မနက်လေးနာရီကို အရုဏ်တက် နေထွက်ချိန်ကြည့်ဖို့ လာခေါ်မယ်ဆိုတော့ အိပ်မယ်ဆိုပြီး အိပ်ရာသာ ဝင်တယ် အိပ်လို့မပျော်ဘူး။ စိတ်က မနိုးမှာစိုးလို့ နာရီထထကြည့်နေတာနဲ့ သုံးနာရီကျ မနေနိုင်ဘူး ငုတ်တုတ်ပဲထထိုင်နေလိုက်တယ်။ အနွေးထည် သုံးထပ်ဝတ်တာတောင် အတော်ချမ်းတာကလား။



ရေမချိုးနိုင်ဘူး။ ဟိုတယ်အရှေ့မှာ ကျေးဇူးရှင် ဂိုက်ကို မျှော်တာ မျှော်တာ ငါးနာရီလည်း ပေါ်မလာ၊ လူက အေးလို့ တုန်တက်နေပြီ။ မလာတော့ဘူးထင်တယ်ဆိုပြီး အခန်းထဲက ပြန်စောင့်တယ်။ ခြောက်နာရီမှ ကျေးဇူးရှင်က ပေါ်တော်မူတယ်။ သူက မေ့သွားတာတဲ့၊ အရင်က တောင်အောက်ကနေ လေးနာရီစထွက်တာမို့ လေးနာရီချိန်းလိုက်မိတာဆိုပဲ..

ဒါနဲ့ လေးဖင့်နေလို့မဖြစ်ဘူး မြန်မြန်တက်မှပေါ့။ အရှေ့မှာ တသုတ်ပြီး တသုတ်သွားနေကြတာတွေ့နေပြီမဟုတ်လား။ မိုးလေးဖွဲဖွဲရွာနေတာ ရပ်သွားလို့တော်တော့တယ်။ တောင်ခြေကို ရောက်မှ ကျေးဇူးရှင်က ဓါတ်မီးမပါလာဘူးလို့ပြောတော့တယ်။ ဖုန်းက မီးကိုသုံးပြီး စမ်းတဝါးဝါးနဲ့တက်ရင်း စိတ်ထဲမှာ ဒေါသက အလိပ်လိုက်ထွက်တယ်။ စောင့်ရတာကတမျိူး၊ တိုးဂိုက်လုပ်နေပြီး ဒီခရီးကို လိုအပ်တဲ့ပစ္စည်းတွေ ပါမလာတာက တဖုံနဲ့ တောင်ခါးလည်လောက်ရောက်တဲ့အခါ ဒေါသကြောင့်ရယ် မောလာတာရယ်နဲ့ ထိုးပြီးတော့အန်တယ်။ အသက်တောင်ထွက်မလား အောက်မေ့ရပါတယ်။ နောက်များဆို ဒီလိုခရီးဘယ်လို လှမ်းရပါ့ဆိုပြီး တွေးပူတယ်။







ကျနော်တို့က တက်နေကြဆိုတော့လေ တောင်ထိပ်ကို ရောက်သွားတယ်။ တိုးဂိုက်ဆိုတဲ့ ကျေးဇူးရှင်ကတော့ အမြီးတောင်မမြင်ရပါဘူး။ ရှင်းပြမယ့်သူမရှိတော့ ကျီးကြည့်တောင်ကြည့်ပေါ့။ လူတွေကလည်း အများသား။ နိုင်ငံပေါင်းစုံကနေတောင်လာတာနော်။ မှောင်နေတဲ့ကောင်းကင် လင်းမလာသေးခင် စိတ်တွေအားလုံးက အရှေ့အရပ်ဆီကိုမျှော်ကြည့်လို့။ 













တဖြည်းဖြည်းချင်း လင်းလာလိုက်တာ။ ဒါပေမယ့် တိမ်ထူလို့ နေထွက်လာတာကို လှလှပပ မမြင်ခဲ့ရဘူး။ အားရပါးရ ဓါတ်ပုံရိုက်ပြီးတဲ့အခါ ဖြည်းဖြည်းချင်းဆင်းတယ်။ သဲပင်လယ်ဆိုတာကို ငေးကြည့်တယ်။ ဟိုးအဝေးဆီက မှုန်ပြပြမြင်ရတဲ့ ဘုရားကို မသွားဖြစ်တော့ဘူး။ ဒီဘုရားရဲ့ ပုံပြင်ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ မင်းသားတပါးကို ကျိန်စာသင့်စေတဲ့ နေရာလို့လည်း ပါးစပ်ရာဇဝင်တွေက ဆိုကြတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒေါသတကြီး ပေါက်ကွဲခဲ့တဲ့ မီးတောင်ကြီး ဘရိုမိုဟာ အခုတော့လည်း ငြိမ်သက်ပြီး တိတ်ဆိတ်နေခဲ့တယ်.






 

 
ဆီနှင်းပေါက်တွေ တိမ်တွေ၊ တောင်တွေကို မြင်ရတဲ့အခါ မဲဇာတောင်ခြေရတုကို သွားသတိရမိတယ်။
" မိုးမြင့်သီခေါင်၊
မဲဇာချောင်က၊ တတောင်လုံးမှိုင်း၊ စ၍ ဆိုင်းသော်၊ တောင်တိုင်း ယှက်၍၊
၀န်းကာဝှေ့သည်၊ တောင်ငွေ့ ဝေဝေ၊ အထွေထွေနှင့်၊ လေလည်းရောရော၊
မိုးမပါပဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်း ပေါက်လည်း၊ မိုးလောက်ပြင်းထန်၊
သွန်းချပြန်သော်၊ နေစင်္ကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်
မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊ စေ့ရေ လှည့်လည်၊ တ လျက်မည်
သည်။ ။ နေခြည်ဖြာမှ နွေးသောကြောင့်
။"

ဟိုတယ်ကထွက်ပြီး အနီးအပါးကို သွားဖို့ ပြင်ကြတယ်။ ကျနော်သွားချင်တဲ့ မက်ဒါကာရိပူရ ရေတံခွန်ကိုသွားရမှာမို့ စိတ်လှုပ်ရှားနေခဲ့တယ်။ မိုးရိပ်တွေမြင်လာတိုင်း မရွာပါစေနဲ့လို့တိုးတိုးရွတ်တယ်။ မိုးရွာရင် ကျနော် သွားရမှာ မဟုတ်ဘူး။ ဒီနေရာတွေဟာ ကျနော့စိတ်ထဲမှာ ယဉ်းပါးနေခဲ့သလို တောင်ပေါ်မှာ မအန်ခင် ဆို့နင့်လာတဲ့ စိတ်ကို ပြန်ပြီး သတိရတဲ့အခါ ကျနော့မှာ ကြက်သီးတွေ တဖြန်းဖြန်းထယူတယ်…

ဆက်ပါဦးမယ်

01 August 2013

ဟူထုံ၊ ငှက်သိုက်နဲ့ အရှေ့ဘက်တောင်ကုန်းများဆီမှ အပြန်


ရထားက အချိန်မှန်ပါတယ်။ အိပ်စင်ကိုရွေးထားတာမို့ လေးယောက်ခန်းမှာ တခြားဘေဂျင်းသူဘေဂျင်းသား စုံတွဲက တခြမ်း ကျနော်တို့နှစ်ယောက်ကတခြမ်း။ တွဲရဲ့ ဟိုဖက်ထိပ်၊ ဒီဖက်ထိပ်မှာ မျက်နှာသစ်စရာ အခန်းတွေနဲ့ အိမ်သာကိုထည့်ပေးထားတယ်။ ခက်တာက စားသောက်တွဲမပါတာပါ။ တွန်းလှည်းလေးနဲ့ လိုက်ရောင်းတဲ့ အသည်ရဲ့ ခေါက်ဆွဲတွေကလည်း ကျနော်မစားတဲ့ အသားတွေဖြစ်လို့နေတယ်။ ညစာဟာ အဲ့လိုနဲ့ လွတ်မြောက်တယ်။ 




 




ရထားအပြင်ဖက်မှာ ခေါက်ထိုင်ခုံလေးထားတာမို့ မအိပ်ချင်တဲ့ကျနော်တို့ အပြင်ဖက်မှာ ငုတ်တုပ်ထိုင်ရင်း ရထားပေါ်က ရှုခင်းတွေကိုမော့။ ညဥ့်နက်မှ အထဲကိုဝင်ပြီး အိပ်တယ်။ မိုးလင်းတော့ ဘေဂျင်းကို ဝင်တော့မယ်။ စက်ရုံတွေရဲ့ ခေါင်းတိုင်မီးခိုးတွေကိုကြည့်ရင်း တနေ့က စလုံးကမီးခိုးတွေအကြောင်းကို တွေးတယ်။ မြို့နေ ခလေးတွေရဲ့ ကျန်းမာရေးဆိုတဲ့ အရာဟာ ပြက်ပြက်ထင်မြင်လာတယ်။ စီးပွားရေးဆိုတဲ့ အကွက်ဟာ ကျန်းမာရေးကို လုံးဝလျစ်လျူရှုတဲ့အထိ ဘယ်လိုဖျားယောင်းသွေးဆောင်နေလဲဆိုတာ…





ဘေဂျင်းဘူတာကြီးကိုဝင်တော့ ဘော့က မှာထားတာ ဂိတ်နှစ်ခုရှိတယ်၊ ဘယ်ကိုမှ လိုက်မရှာနဲ့ သူကျနော်တို့ကိုရှာမယ်တဲ့။ တကယ်လည်း လက်ကလေးမြှောက်ပြီး သူ့ကို တွေ့တဲ့အခါ ဆွေမျိုးတယောက်ကို တွေ့ရသလို လှိုက်လှိုက်လှဲလှဲဝမ်းသာမိတယ်။ မူလ အစီအစဉ်က ဘူတာကနေကြိုပြီးရင် ဟိုတယ်ကို လိုက်ပို့ဖို့ပါပဲ။ ကျနော်က ဟူထုံရပ်ကွက်ထဲကို သွားချင်ရင် ဘယ်လိုသွားရမလဲမေးတဲ့အခါ…

ထုံးစံအတိုင်း စိတ်ပူတတ်တဲ့ ဘော့က ကျနော်တို့ချည်းပဲ သွားလို့ မဖြစ်လောက်ဘူး။ ကားဆရာ မစ္စတာကျန်းကို မေးမယ်၊ မစ္စတာကျန်းက လိုက်ပို့ပေးနိုင်တယ်ဆိုရင် သူလိုက်ပို့ပေးမယ်တဲ့။ ကျနော်သွားချင်တာ ဟူထုံတင်မဟုတ်ဘူး၊ ငှက်သိုက်ကြီးရှိတဲ့နေရာကိုလည်း သွားချင်တာမို့ လိုက်ပို့မယ်ဆိုတာကို ငြင်းတယ်။ အစီအစဉ်ထဲမပါတော့ ပိုက်ဆံပိုပေးရမလားမသိဘူးပေါ့။ တကယ့်ကို ရှားပါးတဲ့ တိုးဂိုက်ပါ၊ ဒီနေရာတွေအကုန်လုံးကို သူတို့လိုက်ပို့ပါမယ်။ ကိုယ့်ဖာသာ မသွားပါနဲ့တဲ့။ အဲ့ဒီ ထပ်တိုးခရီးစဉ်အတွက် ငွေကြေး တပြားတချပ်မှ ထပ်မယူလိုက်ပါဘူး။






ဒါနဲ့ U turn လုပ်ပြီး ဟူထုံကို ဦးတည်ကြတယ်။ ဟူထုံဟာ မြို့ပြမိုးမျှော်တိုက်တွေကြားမှာ ထိန်းသိမ်းထားဆဲ ရှေးဟောင်းရပ်ကွက်ငယ်တခုပါ။ ဘုရင်ခေတ်ကတော့ အရာရှိကြီးတွေ နေထိုင်ကြပြီး အဝင်ဝတံခါးအပြင်အဆင်၊ လှေကားအတက်၊ မုဒ်ဦး ပြင်ဆင်မှုကို ကြည့်ပြီး ရာထူးအဆင့်အတန်းကို ခွဲခြားနိုင်တယ်။  ဟူထုံကိုရောက်ရင် ကျင့်ဖိန်ဆိုတဲ့ ဒေသစားစရာမုန့်ကို ကျွေးမယ်တဲ့။ သူ့အပေါ် rating ကောင်းကောင်းပေးထားတာမို့ ပျော်နေတဲ့ ဘော့က ကျင့်ဖိန်ကို တခုတည်းတောင် မဟုတ်ဘူး တယောက်နှစ်ခုဆီ ဝယ်ကျွေးမှာဆိုတော့ ဤဖေကိုယ်တို့ စိတ်ကြိုက်ပေါ့။ ကျင့်ဖိန်ဆိုတာ လမ်းသရဲမုန့်နဲ့တူတယ်။ ကြက်ဥလည်းပါတယ်၊ ငြုတ်သီးလည်းပါတယ်၊ အချိုရည်လည်းပါသလို နံနံပင်တွေ ကြက်သွန်မြိတ်တွေနဲ့။ ပူပူလေးဆို တအားစားကောင်းပဲ။ ဟုတ်ကဲ့ နှစ်ခုလုံးကုန်အောင်စားပါတယ်။ 










ဟူထုံလမ်းထဲမှာ တနာရီ အချိန်ပေးတာမို့ လမ်းတလျှောက် ဟိုငေးဒီငေး။ အရုပ်ဆိုင်တွေလည်းငေး၊ မုန့်ဆိုင်တွေလည်း ငေး။ စျေးတွေကလည်း မသေး…






ဟူထုံကနေ ငှက်သိုက်ကို ချီတက်ကြပြီ။ ငှက်သိုက်ကိုရောက်တဲ့အခါ အနီးကိုလျှောက်မယ်ပေါ့၊ အထဲကိုတော့ မဝင်လို။ ဒါနဲ့ ငှက်သိုက်နားမှာ နှစ်နာရီအချိန်ပေးမယ်လို့ဆိုတယ်။ သူငယ်ချင်းက ငှက်သိုက်နားမှာ တချိန်လုံး ဓါတ်ပုံရိုက်ပါတော့တယ်။ စိတ်ထဲတော့ သိပ်မထူးဆန်းသလိုပါပဲ။ မြေကျယ်တော့ အဲ့ဒီ ဧရိယာကြီးတခုလုံးဟာ ကြီးမား ကျယ်ပြန့်လိုက်တာ။ အနယ်နယ် အရပ်ရပ်က ခရီးသွားတွေဟာလည်း တခုတ်တရကြီးကို လာကြည့်ကြတယ်။ 








ဓါတ်ပုံ ဝါသနာရှင်တွေရဲ့ ပုံတွေကို အခုလို မှတ်တမ်းတင်ဖြစ်ခဲ့တယ်။ မိသားစုဆိုတဲ့ အနှစ်အရသာကို တနေရာမှာ တွေ့လိုက်တယ်။ ပေါက်စီကို အတူတကွ အားရပါရစားနေလိုက်ကြတာ။ ရှေ့တည့်တည့်က ရိုက်ချင်ပေမယ့် အစားအသောက်စားနေတာ ကျနော့ကြောင့် စိတ်အနှောက်အယှက်ဖြစ်မှာ စိုးလို့ ဘေးတိုက်လေးပဲ ရိုက်ယူလိုက်တယ်။ အားရပါးရ တပြိုက်နက်စားလိုက်ကြတာများ ဘေးကလူတောင် အားတွေကျလာပါတယ်။


ငှက်သိုက်ဘေးနားက ရေကူးကန် (water cube)ကိုလည်း ကွင်းကြီးကို တမျှော်တခေါ်ဖြတ်ပြီး သွားကြသေးတယ်။ ကွင်းပြင်ကျယ်ထဲက လူတွေဟာ ကမ္ဘာ့နိုင်ငံအသီးသီးက လာရောက်လည်ပတ်ကြသူတွေတဲ့.. ကျနော်တို့နိုင်ငံကိုလည်း အဲ့ဒီလို စည်ကားသိုက်မြိုက်စွာနဲ့ ခရီးသွားလုပ်ငန်းတွေ အောင်မြင်စေချင်ပါတယ်။

ဟိုတယ်ကိုရောက်တော့ လူလည်း ဖလက်ပြနေပါပြီ။ ရေမိုးချိုး တရေးအိပ်ကြပြီး ညနေစောင်းမှ ဗိုက်ဆာဆာနဲ့ အိပ်ရာကနိုးတယ်။ အနားပတ်ဝန်းကျင်မှာ အစာရှာထွက်ရတယ်။ ဆိုင်တွေကြိုကြားကြိုကြားတွေ့ပေမယ့် စားဖို့လည်း မရဲပြန်ဘူး။ လေယာဉ်ပေါ်မှာ ပန်းကမ္ဘာစက်ဘီးစီးလို့ မဖြစ်ပေဘူး။





ဆိုင်လေးမဆိုးဘူးဆိုပြီး ဝင်စားပါတယ်။ သူ့မှာရှိတဲ့ တခုတည်းသော ခေါက်ဆွဲက ချိုလိုက်တာဆိုတာလေ..ဝက်နံရိုးဟင်းချိုလေးတော့မဆိုးပါ။ စျေးက အတော်လေးကို သက်သာပါတယ်။
ပစ္စည်းတွေသိမ်းပြီး အဆင်သင့်ပြင်ပြီးရင် ဟိုတယ်ကနေ check out လုပ်တော့မယ်။ ကားဆရာ မစ္စတာကျန်းဆီကနေ Friendship knot ဆိုတဲ့ ကြိုးလေး နှစ်ချောင်းကို လက်ဆောင်ပေးပြီး ဘော့က ကီးချိန်းလှလှလေးကို ပေးပါတယ်။ ခရီးသွားတာ များပေမယ့် ဒီလိုမျိုး ဂိုက်က လက်ဆောင်ပေးတယ်ဆိုတာ ဒါ ပထမဆုံး ကြုံဖူးတာဖြစ်လို့ အံ့သြဝမ်းသာမိတယ်။ 

Check in ဝင်တဲ့အခါ ကျနော့မှာ Re-entry permit မပါလာလို့ လေကြောင်းလိုင်းက ရစ်ပါတယ်။ နောက်ဆုံး မတတ်သာလို့ထင်တယ် immigration က ခွင့်မပြုရင် ပြန်ထွက်လာပါလို့ပြောပြီး လွှတ်လိုက်ပါတော့တယ်။ အိမ်ပဲပြန်ရမလား၊ မပြန်ရပဲ နောက်ထပ်ဆက်နေရမလား ဇဝေဇဝါတွေတောင်ဖြစ်တယ်။ အထဲရောက်မှ တကယ့် အကြာကြီးကြာတဲ့ လေဆိပ်စစ်ဆေးရေးနဲ့ကြုံတယ်။ ကျနော့အရှေ့က ခရီးသည်ရဲ့ ခရီးဆောင်အိတ်ကို တခုချင်းထုတ်ခိုင်းပြီး စက်ကနေ တခေါက်ဆီပြန်ဖြတ်ခိုင်းပါတယ်။ ဗူးတွေအကုန်လုံးကို အဖုံးဖွင့်ပြီးစစ်တာမို့ တယောက်တယောက်ကို တနာရီလောက်တောင်ကြာမယ်။ ကျနော့အလှည့်မှာတော့ အိတ်ထဲကို ထီးထည့်ထားမိလို့ ထီးကို ကျောပိုးအိတ်ထဲက ထုတ် စက်ထဲ တခေါက်ပြန်ဖြတ်ခိုင်းပါတယ်။ နောက်ကျမှ ဝင်လာခဲ့ရင် လေယာဉ်ကို သေချာပေါက် မှီမှာ မဟုတ်ဘူး။ 

အရှေ့ဘက်တောင်ကုန်းများဆီကို နောက်တခေါက် ပြန်ကြည့်ဖို့ ဘယ်လောက်ကြာဦးမလဲ မသိပါဘူး။ ရသလောက်အခိုက်အတန့်လေးမှာ တက်သုတ်ရိုက် သွားရတာလေးကတင်ပဲ စိတ်ထဲ စွဲလို့ကျန်ရစ်ပါတယ်။ ဘယ်တော့များမှ နောက်တခေါက်ဆုံဦးမလဲ အရှေ့ဘက်တောင်ကုန်းများရယ်လို့ တီးတိုးရွတ်ဆိုရင်း ဘေဂျင်းဟာ ကျနော့နောက်မှာ ဝိုးတဝါးသာ...