13 November 2009

စွန်များနဲ့ ညနေ

ညနေခင်းတခု…

ဘာရယ်မဟုတ်ပေမယ့် ကောင်းကင်ပြင်မှာ စွန်တွေ တွေ့ခဲ့ရသည်။ စွန်လွှတ်တမ်း ကစားနေကြသည်လား သို့မဟုတ် စွန်လွှတ်ခြင်းဖြင့် စိတ်အဆာဖြေနေကြသည်လား ကျနော် မခွဲခြားတတ်ပါ။ ကောင်းကင်တွင် ပျံဝဲနေသော စွန်တွေကို ကြည့်နေရင်း ကျနော် စွန်မလွှတ်တတ်ပါလားဆိုသည်ကိုတော့ တခဏတွေးတောမိသွားပါတော့သည်။

စွန်လွှတ်တာများလွယ်လွယ်လေး..အင်း ပြောအားရှိသူများ ပြောနိုင်ကြပါလိမ့်မည်။ ကျနော့အတွက်တော့ စွန်လွှတ်ခြင်းအတတ်ပညာကို ယခုအချိန်အထိ (ယခုအသက်အရွယ်အထိ ဆိုရင် ပိုမှန်မည်ထင်ပါသည်) တတ်မြောက်နိုင်ခြင်းမရှိသေးပါ။

စွန်လွှတ်ရန် စွန်တစ်ခု ရစ်ဘီးတစ်ခု ထို့အတူ စွန်လွှတ်မည့်သူနှင့် စွန်ကို ဆက်သွယ်ရန် ကြိုးတစ်ချောင်း မရှိမဖြစ်လိုအပ်ပါသည်။ စွန်ကို အမြင့်သို့ပင့်တင်ပေးရန် လေကြောင်းတစ်ခုသည်လည်း ထိုပတ်ဝန်းကျင်တွင် ရှိကိုရှိနေရပါမည်။ ထိုအရာများ မပြည့်စုံပါက စွန်လွှတ်ခြင်း အထမြောက်မည် မဟုတ်သည်တော့ သေချာလှပါသည်။

ထို့နောက်တွင်မူ အမြင့်သို့ တဖြည်းဖြည်းလွှတ်ရမည်ဖြစ်ပါသည်။ လွှတ်တင်ရာတွင်လည်း ဆက်သွယ်ထားသောကြိုးကို အစွမ်းကုန် လျှော့ပေးခြင်းဖြင့်လည်းကောင်း၊ မိမိစွန်ပါသွားမည်စိုးသဖြင့် ကြိုးကို အတင်းဆွဲကိုင်ထားခြင်းဖြင့်လည်းကောင်း စွန်ကို အမြင့်ရောက်စေမည်မဟုတ်ပါ။ အဆိုပါနည်းများသည် စွန်လွှတ်သူနှင့်စွန်ကို ဝေးကွာအောင်လုပ်သည်နှင့် တူလှပါသည်။

သို့ဖြစ်ရာ စွန်နှင့်လေကြောင်း ထပ်တူကျရန် စွန်လွှတ်ခြင်း အတတ်ပညာသည် အဓိက ကျနေပြန်၏။ လေကြောင်း အတိုင်း မိမိစွန်ငယ် ထောင်လျက်တက်သွားသည်ကို ကြည်နူးစွာ ရှုမြင်ရခြင်းသည် စွန်လွှတ်ရသည့် အနှစ်သာရပင်လော။

တွေးနေတုန်းအခိုက်မှာပင် ကျနော့ရှေ့ရှိစွန်ငယ် သည် တစ်ခြား စွန်ငယ်နဲ့ သွားရောက် ငြိတွယ်နေပြန်သည်။ စွန်လွှတ်သူနှစ်ယောက် တစ်ယောက်စွန်ကို တစ်ယောက် ထိန်းချုပ်မောင်းနှင်ရင်း ကြိုးနှစ်ချောင်းရှုပ်ထွေးစွာ ပူးမသွားဖို့ ကြိုးစားနေကြသည်မှာလည်း စိတ်ဝင်စားစရာကောင်းနေပြန်သည်။

စွန်ဖြတ်ခြင်း ဆိုသော ဝေါဟာရနှင့်အတူ ငယ်ငယ်တုန်းက တိုက်ခေါင်မိုးပေါ်မှ စွန်ဖြတ်ပွဲများဆီ သတိရသွားမိပြန်သည်။ ကြိုးကို မှန်စာတိုက်၍ မိုးကောင်ကင် စွန်တိုက်ပွဲများ…………………….စွန်လွှတ်ခြင်းတစ်ခုတည်းဖြင့် မပြည့်စုံ ပြန်သေးပါကလား။ ကျုးကျော်သူ စော်ကားအနိုင်ကျင့်သူများသည် စွန်များတွင်လည်း ပါနေပြန်၏။ ထိုအခါ ကာကွယ်ခြင်း ထိန်းသိမ်း စောင့်ရှောက်ခြင်း များလည်း ပူးတွဲပါလာသည်ကောလေ။

နောက်တော့ စွန်အလှလွှတ်နေသူတစ်ဦးကို အာရုံရောက်သွားပြန်သည်။ ကြိုးတစ်လျှောက် အကွာအဝေးတစ်ခုနှင့်တစ်ခုကြားတွင် မီးလုံးငယ်လေးများ မှိတ်တုတ် မှိတ်တုတ်ဖြင့် ထိုသူ၏ ခံစားမှုကိုလည်း ကျနော် ချောင်းကြည့်ခဲ့မိပြန်သည်။ သူကိုင်သောရစ်ဘီးမှာ ကျနော်တို့ဆီကလို မဟုတ်ပဲ လက်ချောင်းလေးများထိုး၍ သက်တောင့်သက်သာဖြစ်စေသော လှပသော ရစ်ဘီးတစ်ခုလည်း ဖြစ်နေပြန်သေးသည်။

ကောင်းကင်ပြင်တွင် စွန်ရောင်စုံများဖြင့် လှပနေကြသည်။

စွန်တစ်ခုမျှ ကျနော်နှင့် မသက်ဆိုင်ပါ။ အကြောင်းအရင်းမှာ ကျနော်စွန်မလွှတ်တတ်သောကြောင့် ဖြစ်ပါလိမ့်မည်။

မှောင်စပျိုးလာသဖြင့် တက်နေသောစွန်ကို ဖြည်းဖြည်းချင်း ပြန်ချနေကြသည်။ ကြိုးကို ရစ်ဘီးတစ်လျှောက် အလိုက်သင့် ရစ်သိမ်းရင်း စွန်ကိုပါ ခေါက်သိမ်းနိုင်သည်ကို တွေ့ခဲ့ရသည်။

စွန်မလွှတ်တတ်သော ကျနော်သည် ကျနော့စိတ်အစဉ်ကို စွန်တွေနဲ့အတူ လိုက်လွှတ်နေခဲ့မိသည်။ အခု ကျနော်လည်း စိတ်စွန်ကို ပြန်သိမ်းဖို့ကြိုးစားကြည့်သည်။ ဘယ်စွန်နဲ့ ငြိလေသည်လည်း မသိ။ ဆက်သွယ်ထားသောကြိုးကို ထိန်းရန် ကျနော် ရစ်၍ မရ။


ထိုညနေမှစ၍ ကျနော်လွင့်သွားခဲ့ပါသည်………………….

36 comments:

Unknown said...

အင်း စွန်လွှတ်ခြင်းကို ကိုယ်တိုင်မတတ်ပေမယ့်
စွန်လွှတ်ခြင်းအတတ်ပညာကိုတော့ ကောင်းစွာသိပုံရတယ်လို့  စာကို ဖတ်ရင်းတွေးမိတယ်

အဲ့လိုပဲ စွန့် လွှတ်ခြင်းကို ကိုယ်တိုင်မလုပ်ချင်ပေမယ့်
စွန့် လွှတ်ခြင်းဆိုတဲ့ အတတ်ပညာကိုလည်း ကောင်းစွာ သိစေချင်တာပါပဲ
ကြိုးပြတ်သွားတဲ့စွန်နောက်ကိုတော့ စိတ်အစဉ်ကို လွင့်ပါမသွားစေချင်ပါဘူး စွန်နဲ့ ကြိုး ကြိုးနဲ့  ဘီးသာရှိတယ် စွန်ငယ်လိုပဲ အချိန်တန်ရင် ပိုင်ရှင့်ဆီကိုပဲ ပြန်ရောက်စေချင်တဲ့ ဆန္ဒတစ်စုံနဲ့ 
စွန်များနဲ့  ညနေ ကို လာရောက်ခံစားဖတ်ရှုသွားပါတယ်

သက်ဝေ said...

ငယ်ငယ်တုန်းက စွန်လွှတ်ဖူးတယ်...
စွန်ကလေး အမြင့်ကိုရောက်ဖို့ ရစ်လုံးက ကြိုးကို တချိန်လုံး လျှော့ပေးနေစရာမလိုဘူး...
တချက်တချက် ကိုယ့်ဖက်ကို ပြန်ပြီး ဆွဲပေးမှ စွန်က ဆက်တက်တယ်... စွန်လွှတ်တာမှ မဟုတ်ပါဘူး ဘယ်အရာမှာမဆို သပ်သပ်ရပ်ရပ် ထိန်းသိမ်းပြီး ကိုင်တွယ်တတ်ဖို့ လိုတယ်လို့ မြင်မိတာပါပဲ...

တခါ ကိုယ့်စွန်လေး ကြိုးပြတ်ပြီး လွင့်သွားတုန်းကတော့ စိတ်မကောင်းဖြစ်ပေမယ့် ကိုယ်ချစ်တဲ့ စွန်ကလေး ဟိုး တိမ်တွေကြားထဲ ရောက်သွားတယ်လို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်တာပါပဲ...။

Mogok Thar said...

ကိုယ်တွေ ငယ်ငယ်တုန်းကတော့ တောင်ကုန်းတွေပေါ်က ဘုန်းကြီးကျောင်းတွေ၊ စေတီတွေပေါ်မှာ စွန်လွှတ်ခဲ့ကြတယ်။

ကိုယ်က စွန်ကို လုပ်ပီးသား မ၀ယ်ပဲ ကိုယ့်ဘာသာ ၀ါးတံတွေ ချိုး၊ လေးကိုင်းလုပ်ပြီး၊ ကိုယ့်ဘာသာ ကိုက်ညှပ် ပုံစံထုတ်၊ ဆေးအလှခြယ်ထားတဲ့ စွန်လေးတွေပဲ လွှတ်တင်တတ်တယ်။ ရောင်စုံအမြီး အတိုအရှည်လေးတွေ တဖွားဖွားနဲ့ သူတပါးတွေနဲ့ မတူ၊ ဒီဇိုင်းဆန်းသစ်နေတဲ့ ကိုယ့်စွန်ကလေး မိုးကောင်းကင်ထက်မှာ တလွင့်လွင့် ယိမ်းနေတာကို မြင်နေရတဲ့ စိတ်ချမ်းသာမှုက ပီတိတစ်မျိုးနဲ့ တူမယ်နော။

ကိုယ်တို့ မြို့ကလေးက တောင်တွေ ဘေးပတ်လည် ကာထားတာဆိုတော့ လေစီးကြောင်းက ပုံသေ ဘယ်တော့မှ မရှိပဲ ပြောင်းနေတတ်တယ်။ လွှတ်တင်ထားတဲ့ စွန်ကို လေစီးကြောင်းအတိုင်း မြင့်မြင့် နဲ့ ဝေးဝေး ရောက်နိုင်သမျှ ရောက်အောင် လွှင့်ရင်း ရစ်ဘီးလေးကို အလျှော့အတင်း၊ အဝေ့အ၀ိုက်လေးတွေနဲ့ စွန်ကလေး ဟန်ချက်ညီနေအောင် ထိန်းညှိပေးနေရတာကိုက ကိုယ့်အတွက်တော့ စွန်လွှတ်ခြင်းရဲ့ အရသာပေါ့။

စွန်နဲ့ ရစ်ဘီးလေးကို ဆက်သွယ်ပေးတဲ့ ကြိုးကိုတော့ ကိုယ့်ကို ထိပါးတိုက်ခိုက်လာမဲ့ တစ်ခြား စွန်တွေရဲ့ အန္တရယ်ဆီကနေ ကာကွယ်နိုင်အောင် ကြိုးကို မှန်စာတိုက်ပြီး ထက်ရှအောင် လုပ်ထားရတာပေါ့။ ကိုယ် တပင်တပန်း၊ မြတ်မြတ်နိုးနိုး နဲ့ ဖန်တီးထားတဲ့ စွန်ကလေးကို သူတပါးက တိုက်ခိုက်လာတိုင်း လွင့်ပြတ်မသွားအောင် စွန်ဖြတ်တဲ့ ပညာကိုလဲ တတ်အောင် လေ့ကျင့်ထားရတော့တာပေါ့။ ဒါမှ တိုက်ခိုက်လာတဲ့ တစ်ဘက်စွန်ရဲ့ ရန်ကို မရှောင်နိုင်လောက်အောင် ညှိလာတဲ့အခါ တုံ့ပြန်ကာကွယ်တော့မှာပေါ့။
စွန်၊ ရစ်ဘီး၊ ကြိုး သွယ်ဆက်မှုဟာ စွန်တစ်ခု လေမှာ လွှင့်တင်နေတဲ့အချိန်မှာမှ ပိုပြီး လှပတယ်လို့ ကိုယ်တော့ ယူဆတယ်။ စွန်ကလေးကို ဒီအတိုင်း အလှသိမ်းထားလိုက်တာ၊ ဒါမှမဟုတ် မလွှတ်တင်ပဲ ဒီအတိုင်း ငြိမ်သက်အိပ်စက် နေစေလိုက်တာဟာ သူတို့ရဲ့ သွယ်ဆက်မှုကို သေခိုင်းလိုက်တာနဲ့ အတူတူပဲ မဟုတ်လား။

ညီလေးရေ.. လွင့်သွားတဲ့ စိတ်စွန်ကလေး၊ သူ့ရစ်ဘီး၊ သူ့ကြိုးလေးတွေနဲ့ အချိတ်အဆက် ပြန်မိပီး လေပြေနုအေးပဲဖြစ်ဖြစ်၊ လေပြင်းမုန်တိုင်းမှာပဲဖြစ်ဖြစ် ဟန်ချက်ညီညီ ထိန်းညှိရင်း အလှပဆုံး လွင့်ဝဲနိုင်ပါစေ။ စွန်၊ ရစ်ဘီး၊ ကြိုးတွေ သက်ဝင်လှုပ်ရှားလာစေဖို့ဆိုတာ စွန်လွှတ်တဲ့ ကိုယ်တို့တွေက လွှတ်တင်ပေးမှလေ။


ခင်မင်လျက်

တန်ခူး said...

စွန်ကလေး ကြိုးပြတ်သွားပြီလို့  ထင်နေတာ တကယ်က ကြိုးမပြတ်ပဲ ငြိတဲ့အရှိန်နဲ့  ခဏလေးလွင့်သွားခဲ့တာပဲ… ဒီလိုပါပဲလေ… တခါတခါ စိတ်နဲ့ တူတဲ့ စွန်ကြိုးလေးရယ် အသိဥာဏ်နဲ့ တူတဲ့ စွန်လွှတ်သူရယ်… လောကဒဏ်နဲ့ တူတဲ့ လေအဟုန်ရယ် ဟာမိုန်ီမဖြစ်တဲ့အခါ စွန်ကလေးကလဲ လွင့်ရှာပေမပေါ့… စွန်ကြိုးလေးရယ် စွန်လွှတ်သူရယ် လေအဟုန်ရယ် ဟာမိုနီအမြဲဖြစ်လို့  စွန်ကလေးလဲ ဝေဟင်ထဲအမြဲလွင့်ပျံနိုင်ပါစေလို့ ….

sait phay yar said...

လွှတ်လိုက်တဲ့စွန်ဘယ်မှာလည်း
လိုက်ကောက်မယ်. :P

ShwunMi- said...

ရစ်တတ်တဲ့သူနဲ့တွေ့ရင် မရစ်တတ်သူရဲ့စွန်က လွင့်တယ်လား.. =)

ThuHninSee said...

လွင့်သွားရင် ၀ိုင်းလိုက်ဖမ်းပေးမယ်ဟေ့။

puluque said...

ကျတော်လည်း စွန်မလွှတ်တတ်ဘူးဗျ။ ငယ်ငယ်က ပါးပါးက သူကိုယ်တိုင်လုပ်တဲ့ စွန်တွေနဲ့ လွှတ်ဖူးတယ်။ ဒါပေမဲ့ကျတော် ပါရမီမပါတာလားမသိ။ အခုချိန်ထိ စွန်မလွှတ်တတ်သေးဘူးဗျ..
ဒါကြောင့် ကိုယ့်ကိုကိုယ် မထိန်းကျောင်းတက်သေးဘူးထင်တယ်ဗျ

NangNyi said...

စွန်.. ဘယ်တုန်းကမှ မလွှတ်ဖူးချင်ခဲ့ဘူး.. ကြိုးနဲ့ တစ်ခုခုကို ချည်ထားရတာ မကြိုက်လို့.. ရစ်ဘီးကိုင်တဲ့လက်လည်းမဖြစ်ချင်ဘူး.. ကြိုးတန်းလန်းနဲ့ စွန်လည်းမဖြစ်ချင်ဘူး.. ဒါမယ့် အငဲရဲ့ စက္ကူလေတံခွန် သီချင်းကိုတော့ အတော်ကြိုက်မိသား..

ခရေညို said...

စွန်လွတ်ရတာသိပ်စိတ်လှုပ်ရှားစရာကောင်းတယ်.
စွန်လွင့် သွားရင် လိုက်ကောက်ရတာလည်း ပျော်စရာကောင်းတယ်

ကိုရုပ်ဆိုး said...

အော် ... စွန် စွန် စွန်

ရေးချင်တဲ့စကားတွေလည်း လွင့်သွားတဲ့ စွန်နဲ့အတူ ပါသွားလို့ ... ဘာမှမရေးခဲ့တော့ဘူးဗျာ ..... :)

ကိုရင်နော်ခင်လေးငယ် said...

ကျနော်တို့ ဘဝကြီးကို အောင်မြင်စွာ လွှင့်တင်ထိန်းချုပ်တတ်ဖို့ ငယ်ငယ်ကတည်းက အသေအချာ လေ့ကျင့်ခဲ့လိုက်ရင် ကောင်းသားဗျာ..

ရွာသားလေးရေ.. စွန်ပိုစ့်လေး သိပ်ကို ထိမိပါတယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

ကိုရုပ်ဆိုး said...

ရဲထွဋ်ဦး (YTU)ရေ ...... ပြာ နဲ့ ရည်းစားဖြစ်သွားလို့ ကျွမ်းထိုးနေတယ်ဆို ......... :)

ကြည်ဖြူပိုင် said...

မမပြာနဲ့ရည်းစားဖြစ်သွားလို့
ပျော်ရွှင်ခြင်းအထိမ်းအမှတ်နဲ့ပို့စ်အသစ်တင်ပါတယ်/
ကောင်းလိုက်တဲ့အရေးအသား
အဓိပ္ပါယ်ရှိတယ်>>>>>>>>>>
စွန်လေးရစ်ဘီးကိုပြန်သွားနော်..
ဟိုလွင့်ဒီလွင့်မလွင့်နဲ့
(လူကြီးလေသံဖမ်းပြီးပြောသွားတယ်...:))))))

khin oo may said...

စဖတ်တဲ့ အပိုဒ်ကလေးကိုဖတ်ရင်းနဲ့ အက်ဆေးဆိုတာ ကို သတိရသွားတယ်။ ဖတ်ပြီးတဲ့အခါမှာလဲ ဖတ်လို့ကောင်းတဲ့အက်ဆေးလေးတွေမို့လို့ အမြဲဖတ်ချင်ပါတယ်။

khin oo may said...

နောက်ဆုံးစာသားလေးသိတ်လှတယ်။

khin oo may said...

ထိုညနေမှ စရွှေု့ကျွန်တော်လွင့်သွားခဲ့ပါသည်။

khin oo may said...

အိမ်မက်ရှင်တိတ်တိတ်လေးလာဖတ်သွားတယ် နစ်ခေါက်။

ဂျူနို said...

စွန် ပြာပြာ ညနေခင်း
စွံ၍ ပျာသော ညနေခင်း

ဒေါ်လေး

pandora said...

ကိုယ်မသွားနိုင်တဲ့ကောင်းကင်ကို
ကိုယ်နဲ့ ကြိုးတစ်မျှင်စာပဲခြားတဲ့
စွန်လေးရောက်သွားတာ
ပျော်စရာကြီး…ပေါ့ .. ရွာသားလေး

ကောင်းကင်ပြာ said...

စိတ်အစဉ်တွေ စွန်တွေနဲ့ အတူ ပြတ်ထွက်မသွားတဲ့ အတွက် ၀မ်းသာပါတယ်...
ဖြေးဖြေးထိန်းကြည့်ပါ..း)

Talkii said...

လေထဲ ကြိုးပြတ်တဲ့စွန် လွင့်မျောဆဲ... မင်းဘယ်ရောက်နေလဲ ကိုယ်အလွမ်းခရီးသည် ... (အငဲ အသံဖြင့်ဆိုပာ)။

ငယ်ငယ်ကတော့ ကြိုးပြတ်လာတဲ့စွန်လိုက်လုတာ သတိရမိတယ်။ ကိုယ်မရရင် စွန်ဖြဲလိုက်တဲ့သူတွေကို အမြင်ကပ်တုန်းပဲ။

tg.nwai said...

လှပတဲ့ အက်ဆေးလေးအတွက် ကျေးဇူးပါ ကိုရွာသားရေ..စွန်နဲ့အတူတူ အတွေးတွေပါ လွင့်သွားခဲ့ပြီ..:)

သီဟသစ် said...

စိတ်စွန်တွေ ပြန်သိမ်းနိုင်ပါစေဗျာ..

လွင့်သွားလည်း ခဏပေါ့

:)

မျှော်လင့်ခြင်း said...

စာပြန်ရေးတာ ကျေးဇူးပါ

ရေတမာ said...

စွန်အသစ်တွေနဲ့ ပြန်တင်မယ် မိုးကောင်းကင်မှာ လှလှပပကြီးလေ

Rita said...

လင်းယုန်များနှင့် နံနက်ခင်း လည်း ဆက်ရေးပါဦး။

ချစ်ကြည်အေး said...

အက်ဆေးလေးကောင်းပါတယ် ၊ အမငယ်ငယ်တုန်းကလဲ စွန်လွှတ်တတ်ချင်ခဲ့တယ် ဒါပေမဲ့ စွန်ကြိုးကို လက်ကကိုင်ပြီးတော့ပဲ ပြေးဖူးတယ်...

ချစ်ကြည်အေး said...

ပြောစရာကျန်ခဲ့လို့ ၊ လင့်ခ်လေးယူသွားပါတယ်နော်

Maung Myo said...

အပေါ်က အစ်ကိုကြီး အစ်မကြီးတွေ ပြောထားတဲ့ အားပေးစကားလေးတွေက ကာယကံရှင်တော့မသိ ဖတ်မိတဲ့ ကျနော်တော့ တကယ်ကို အားတက်မိသွားပြီး ။ အင်းးးး (သက်ပြင်းရှည်ကြီးချသံ) တစ်ကြိုးပြတ်သွား နောက်ထပ် တစ်စွန်ထပ်လွှတ်ပေါ့လေ ။ လေယူရာ တိမ်းယိမ်မိခဲ့ရင်တောင် အနာဂတ်လေယဉ်ကြောမှာ အဆင်ပြေပြေ ပျံသန်းနိုင်ပါစေ စွန်ကလေးရေ့ ။

မေ့လို့ ကျနော်က ရစ်ဘီးမရှိတော့တဲ့ စွန်လေးလေ ခု လွင့်ချင်ရာ လွင့်နေတယ်း)

အားတင်ထား ချီးယားစ် အု အား သင့်ထက်ဆိုးသူများ ရှိသေးပါကြောင်း

ဒဏ္ဍာရီ said...

စွန်လေးနဲ့ ကျမတို့ရဲ့ ဘ၀လေးကို နှိုင်းယှည်ပြီး မြင်သွားပါတယ် ကိုရွာသားရေ။ ကျမတို့ရဲ့ ဘ၀တွေလည်း စွန်လေးလို ဘယ်ကြိုးနဲ့မှ ငြိစွန်း ပြတ်တောက်ခြင်း မရှိပဲ တည်ငြိမ်တည့်မတ်စွာ အမြင့်ထက်မှာ တည်တံ့နိုင်အောင် လေ့ကျင့်ခဲ့ရင် ကောင်းမယ်နော်။

ခင်မင်လေးစားလျှက်

WWKM said...

သြော်..ရွာသာ..
ခုတော့ ကျမသိပြီ.. ( အိုဆို ကြော်ငြာ) လားမသိး))

စိတ်စွန်လေးကို လေဝှေ့တိုင်းယိမ်းထိုးမသွားအောင်
ထိန်းသိမ်းနိုင်ပါစေမောင်ငယ် ရွာသားရေ။

မကြီးဝါ

WWKM said...

ရွာသာ မဟုတ်ဖူး ရွာသားးးးးးးးးးးးးးးးးးးး) မှားသွားလို့.

Anonymous said...

အက်ဆေးအစစ်အမှန်ကို ရှာတွေ့သွားတယ်။
များများရေးပေးပါ။

Anonymous said...

နောက်ဆုံးအပိုဒ်လေးအရမ်းကောင်းတယ်။
စိတ်စွန်ကို ပြန်သိမ်းဖို့ ကြိုးစားကြည့်သည်။

ကြိုးမဲ့စွန် said...

ကိုဝိုင်တီယူကစာအရေးအသားသိပ်ကောင်းပါတယ်ဗျာ
တကယ်တော့ကျွန်တော်ဒီပို့စ်ကိုဖတ်ပြီးခဲ့ပြီ တင်စတည်းကဆိုပါတော့
ဒါပေမယ့်မမန့်ဖြစ်ခဲ့တာပါ.
ဒီစာကိုဖတ်ပြီးကျွန်တော့စိတ်ထဲစွန်ဆိုတဲ့
စကားလုံးကိုစွဲငြိနေသလားမဆိုတတ်ဘူး။။
ညသန်းခေါင်မှာကျွန်တော့ဘလော့ဂ်လေးကို
စတည်တော့ ဘာနာမည်ပေးရင်ကောင်းမလဲစဉ်းစားရင်းနဲ့ ဦးနှောက်ထဲမှာရုတ်တရက်ပေါ်လာတဲ့
ဲ့ဒီနာမည်လေးကိုဖုတ်ဖက်ခါပေးလိုက်မိတယ်။
ခုမှသိတယ်ဗျာ...ကိုဝိုင်တီယူအစဖော်ပေးလိုက်မှ...ကျွန်တော်ဒီပို့စ်ကိုဖတ်မိပြီး ကျွန်တော့နာမည်ပေးမိတာဗျ။ သိပ်ကောင်းတဲ့အရေးအသားပါဗျာ..
ကျွန်တော်ကိုဝိုင်တီယူ့စာတွေဖတ်လာတာကြာပါပြီ..ဒါကြောင့်လည်းပထမဆုံးဘလော့ဂ်စတည်တဲ့အချိန်မှာကျွန်တော်စာဖတ်နေကျ ၃ယောက်ကိုသွားမန့်ခဲ့တာပါ။
ကိုဝိုင်တီယူအပါအ၀င်ပေါ့ကောင်းသောနေ့ပါဗျာ