18 October 2009

စည်း…….

ဒီနေ့ ဘူတာတစ်ခုကိုဖြတ်ပြန်တော့ မြင်ကွင်းအသစ်ကို မြင်မိပြန်တယ်။ မြင်ကွင်း အသစ်ကနေရတဲ့ အတွေးတွေက ဟိုတစ်စ ဒီတစ်စ…

ရန်ကုန်မှာ အလုပ်လုပ်နေတုန်းကပါ။ ဒီနိုင်ငံက သူငယ်ချင်းက မေးလ်တစ်စောင်ပို့လာတယ်။ ရထားလမ်းပေါ်မှာ ခုန်ချ သတ်သေတဲ့အမှုတစ်ခုရဲ့ ဖြစ်ရပ်မှန် ဓါတ်ပုံတွေပါပဲ။ အသက်ရလာလို့လား လူပဲကျန်းမာရေး ချို့ယွင်းလေသလား သွေးသံတွေ တရဲရဲနဲ့ ဓါတ်ပုံတွေကို (ရုပ်ရှင်မဟုတ်ပါပဲ တကယ့်အဖြစ်ဆိုတာ နှလုံးသွင်းမိလို့ထင်ပါရဲ့) ရှေ့ဆက်မကြည့်ရဲတော့ဘူးလေ။ ဘာကြောင့်များ ကိုယ့်အသက်ကို စတေးကြတာပါလိမ့်ပဲ။

ဒီကိုရောက်လာပြန်တော့ နောက်ထပ် ဒီလိုမျိုးဖြစ်ရပ်တွေ ကြားရပြန်တယ်။ ရုံးက စီနီယာတစ်ယောက် ရဲအမှုထမ်းဟောင်းဖြစ်ပြန်တာမို့ ဒီလို ဖြစ်ရပ်တွေရဲ့ အစကို သူပြောပြပြန်ရော။ ပထမဆုံး သတ်သေတဲ့ လူတစ်ဦးရဲ့ မိသားစုကို အားလုံးက စုတ်တသတ်သတ်နဲ့ ထောက်ပံ့လိုက်ကြတာ နောက်ထပ် စီးပွားရေးကျပ်တည်းမှုကြောင့် သတ်သေမယ့်သူတွေ တန်းစီလာစေတယ်တဲ့လေ။ ဒါကြောင့် အဲ့လို သနားငဲ့ညှာခြင်းတွေကို လျစ်လျူရှုစေခဲ့လိုက်မှ ရပ်တန့်သွားစေခဲ့တာလို့ သူကပြောပြခဲ့ပါတယ်။

အခုလည်း ရထားဘူတာရုံမှာ တံခါးမဟုတ်တဲ့နေရာတွေကို ဘောင်တွေ လုပ်ပေးထားတာတွေ့လိုက်ရတယ်။ ဒီလိုဖြစ်ရပ်တွေကို တားဆီးပိတ်ပင်ဖို့တဲ့လား။ တကယ်လို့ အဲ့ဒီဘောင်တွေကို ကျော်တက်ခဲ့ရင်ကော။ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုရင်တော့ (ကပ်ပြောတာလို့ မယူဆစေချင်ပါဘူးခင်ဗျာ) ဘောင်တွေက ဘာတတ်နိုင်မှာမို့လဲ။

ငယ်ငယ်တုန်းက ဖတ်ခဲ့ သင်ခဲ့ဖူးတာတွေ သတိရမိစေတယ်။ စည်းကမ်းဆိုတဲ့ စကားလုံးပါပဲ။ စည်းတွေ ဘောင်တွေဆိုတာ အထိုက်အလျောက် လိုအပ်တယ်တဲ့။ အိမ်တစ်အိမ်မှာ ခြံစည်းရိုးမရှိခဲ့ရင် တံခါးသော့မခတ်ခဲ့ရင် လွယ်သူကြွယ်တောင် လက်မနှေးဆိုသည်ကို မမေ့လျော့စေသင့်။ အကယ်၍ လူသားတိုင်း သစ္စာအတိဖြင့် ရိုးသားခြင်းဖြင့် ပြည့်စုံကြရင်တော့ ဒါမျိုးတွေ လိုမယ်မထင်တော့။ နောက်ထပ် သတိရမိသော စကားပုံများကတော့ လူ့စည်း ဘီလူးစည်း၊ စည်းကမ်းသည် လူ၏တန်ဖိုး၊ အကွပ်မဲ့ကြမ်း ပရမ်းပတာ…..ထို့နောက်တွင်မတော့

ကလေးဘ၀မှာ ဆော့ကစားဖူးကြမည်ထင်ပါသည်။ ကစားနည်း တစ်ခုမဟုတ်တစ်ခုတော့ အနည်းဆုံး ထိတွေ့ဖူးကြမည်။ ထုပ်ဆီးတိုး ဆိုပါစို့ ထမရည်ပူစည်းဆိုသည် လိုအပ်သည် မဟုတ်လော။ စည်းကျော်တဲ့သူ ရှိလား ၁၂၃၄၅၆၇၈၉၁၀ စည်းဆိုသည်မှာ ပါလာပြန်သည်။ ဖန်ခုန်ကြမည်ဆိုပြန်တော့ အဖူးအငုံအပွင့် အဆင့်ဆင့်ဆိုသည်မှာကကော၊ စည်းဆိုသည်မှာ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သည်ပဲ။

လူ့ဘောင်အသိုင်းအ၀ိုင်းမှာ မိမိစိတ်တိုင်းကျ ထင်ရာစိုင်းခွင့်များ ထိန်းချုပ်ဖို့ ဥပဒေများဖြင့် ပြဌာန်းထိန်းချုပ်ထားကြပြန်သည်။ ဥပဒေဆိုသည်မှာ စည်းဆိုသောစကားလုံး တစ်ခုပင်ဖြစ်နေပြန်၏။ ဖတ်ခဲ့ဖူးသော သတင်းတစ်ခုကို သတိရမိသည်။ အပြစ်မဲ့သော လူများကို လက်နက်ဖြင့် အစုအလိုက်အပြုံ အလိုက် သတ်ဖြတ်သူတစ်ယောက်ကို အင်တာဗျုးမေးသောအခါ ထိုတရားခံ၏ အဖြေ အတွက် အားလုံး တုန်လှုပ်သွားကြရသည်။ အဆိုပါလူများကို သတ်ဖြတ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မိမိကို အားလုံးက အာရုံစိုက်အောင် ၀ါ မိမိနာမည်ကျော်ကြားလိုခြင်း ကြောင့်ဖြစ်သည်ဟု ဆိုပါသည်။ မိမိ စိတ်အဆာပြေဖို့ လူဘယ်နှစ်ယောက်ကို စတေး စေသင့်သနည်း။ ထိုက်တန်ပါ၏လော။ လူသားခြင်း စာနာဖို့ ကျနော်တို့ လူသားများ မေ့လျော့နေပြီလော။ ဥပဒေဖြင့် အရေးမယူနိုင်ခင် အပြစ်မဲ့သူတို့ မည်မျှ စတေးနေရမှန်း ဘယ်သူမှ မသိနိုင်။

ထိုမှ တစ်ဖန် စည်းသုံးချက်တားခဲ့လေသော လက္ခဏာနှင့် သီတာဒေ၀ီ အဖြစ်ကို တွေးမိပြန်သည်။ ရွှေသမင်၏ မာယာသံကို မောင်တော်ရာမ ဒုက္ခ ရောက်လေပြီဟု အပူမီးဖြင့် တငြီးငြီးတညူညူ ငါ့ကိုလို၍ မောင်တော်ကို မကယ်သလော ဟူသည့် စကားနာထိုးချက်ဖြင့် မယ်သီတာ့တောင်းဆိုချက်ကို မလိုက်လျောခင် စည်းသုံးတန်ဖြင့် အန္တရာယ်ကိုကာကွယ်ခဲ့သည့် လက္ခဏာ။ ရဟန်းအယောင်ဆောင် ဒဿကိုမှ စည်းတော်ကိုကျော် ဆွမ်းတော်လောင်းလိုသည့် မယ်သီတာ။ ဖွတ်ထွက်မှ တောင်ပို့မှန်းသိသည့်အဖြစ်။ စည်းဆိုက ကျော်၍ မရပါလား။ အတွင်းကကျော်တော့လည်း ပေါက်ပြန်သည်လေ။

နောက်ထပ်အတွေးတစ်စက စက်ရုံ ဘောလုံးပွဲ တစ်ခုရဲ့ အောင်ပွဲ။ အောင်ပွဲခံ အသင်းသားအားလုံး ပျော်ရွှင်နေခဲ့ကြပြီ။ သောက်ကြစားကြ ပျော်ကြပါးကြပေါ့။ အသင်း အုပ်ထိန်းသူပြောခဲ့တဲ့ စကားတစ်ခွန်းကို နားထဲက အခုအထိ မထွက်ခဲ့။ အားလုံး လွတ်လပ်စွာ ပျော်ရွှင်နိုင်ကြပါတယ် ဒါပေမယ့် မိမိပျော်ရွှင်မှုဟာ သူတစ်ပါးကို အနှောင့်အယှက်မဖြစ်စေနဲ့တဲ့။ ချက်ချင်း အသံတွေအားလုံးကို တိတ်ဆိတ်သွားခဲ့ကြတာပါ။ ကိုယ့်ကြောင့် သူတစ်ပါး ကိုယ်စိတ်နှစ်ပါး အနှောင့်အယှက် မဖြစ်အောင်ထိန်းရတာလည်း စည်းတစ်မျိုးပါပဲလား။

ဘူတာရုံမှ ဘောင်များသည် အဟန့်အတားတစ်ခုသာဖြစ်ပါသည်။ မိမိကျော်လိုက ကျော်လိုက်နိုင်ပါသည်။ မိမိ၏ အသိစိတ်ဓါတ်ဖြင့် ထိန်းချုပ်စေသင့်သည်။ မိမိတစ်ယောက် စိတ်ဆန္ဒ အလိုလိုက်မှုဖြင့် လူအများကို ထိခိုက်စေနိုင်သည်ဆိုသော အချက်ကို နှလုံးသွင်း ဆင်ခြင်သင့်သည်။ ထိုအခါ ထိုဘောင်များတပ်ဆင်ရန် လိုအပ်မည် မဟုတ်တော့ပါ……….

22 comments:

ကိုရီး{ကိုကြီး} said...

Nice Post Bro.
Pls goahead.


Brgds,
Ko Gyi

ကောင်းကင်ပြာ said...

အင်း စည်းတဘက်ခြားးးး
ရေးတတ်တယ် ဘာလေးတွေ့တွေ့ စာဖြစ်နေတာပဲ..း)

စိမ်း... said...

စည်း ... ဟုတ်တယ်... ဘာတတ်နိုင်မှာမို့လို့လဲနော်... ရာမမင်းသားတားပေးခဲ့တဲ့စည်းထက်ပဲ စွမ်းနိုင်ဦးမတည့်လား... မယ်သီတာ ကိုယ်တိုင် စည်းကိုကျော်ခဲ့လို့ ဒုက္ခများကြရတာ... အဓိကက ကိုယ့်စိတ်က စည်းကို ကိုယ်မကျော်မိဖို့ပဲ... :)

khin oo may said...

..

ဗီလိန် said...

သိပါဘူး ဝိုင်ဝိုင်းက သီချင်းဆိုပြမလို့လားလို့။ ဘယ်ဟုတ်မလဲ တိုက်ပွဲခေါ်သံလိုလို ဘာလိုလို။ :)

Anonymous said...

ဟုတ်တယ်ရွာသားရေ၊ စည်းဆိုတာမလိုအပ်တဲ့နေ့ ကိုယ်တို့တတွေ ဘယ်ဘ၀ရောက်မှ ကြုံရမယ်မသိဘူး။
အများကြီးပြောချင်တာ၊ မပြောတတ်လို့။
အခုလိုမျိုး ရေးပေးလို့ ကျေးဇူးတင်တယ်နော။

pandora said...

ရင့်ကျက်တဲ့ အတွေးလေးပါ ရွာသားလေးရေ
လောဘဒေါသမောဟနဲ့ ၁၁ ပါးသော မီးတွေ တောက်လောင်ဖုံးလွှမ်းနေတဲ့အခါ စည်းဆိုတာကို မမြင်နိုင်တော့တာ ကြောက်စရာ

yangonthar said...

လူ့ ကျင့်ဝတ်လူ့ စည်းကမ်းတွေ မှေးမှိန် ပျောက် ကွယ်လာတာ လူတွေရဲ့ လောဘ ဒေါသ မောဟ တရားတွေ အဆမတန် ကြီးထွားလာကြလို့ ပါ ... ဆန္ဒကို အသိတရား အထိန်းအကွတ်မရှိတဲ့ အခါ အရာအားလုံး တရားလက်လွတ် ဖြစ်ချင် တိုင်းဖြစ်ကုန်ကြတာပါပဲလေ .... ကျနော်လည်း ကိုရွာသားပို့ စ်လေးဖတ်ပြီး စည်း ဆိုတဲ့ အရာကို ဘယ်နှစ်ကြိမ်များ ဖောက်ခဲ့ပြီလဲလို့  ပြန်တွေးမိသွားတယ်
ကျေးဇူး ကိုရွာသားရေ
ခင်မင်လျှက်
ရန်ကုန်သား :)

Rita said...

လက္ခဏ လို့ ထင်ပါတယ်။

စည်း ဆိုတာ ကောင်းတာလုပ်မယ့် အရေးမှာတောင် မချိုးဖောက်ရဘူး တဲ့။ ဒေါက်တာမတင်ဝင်း ပြောဖူးတာ။ အဲဒီ သီတာဒေဝီနဲ့ ပတ်သတ်လို့ ပြောတာပဲ။ သူ ဆွမ်းလောင်းချင်တာ ကောင်းတာလုပ်ဖို့ပဲတဲ့။ ဒါပေမဲ့ စည်းကို ဖောက်တော့ အဲဒီနောက်မှာ သူနဲ့ အတူ လူတွေလူတွေ ဒုက္ခများလိုက်ကြတာ ဆိုတာ တဲ့။

နောက်ဆုံး သူပါ ရာမမင်းက မကြည်တော့ မီးပုံထဲ ခုန်ချပြရသေးမဟုတ်လား။ အလားနေရင်း အလုပ်တွေရှုပ်ကုန်တာ ပြောပါတယ်။

ဒဏ္ဍာရီ said...

ဟုတ်တယ်နော်. ... ဒီစည်းဆိုတဲ့ စကားလုံးလေးရဲ့ တန်ဘိုးက တစ်လုံးတည်းပေမယ့် အဖိုးတန်တယ်။

ခင်မင်လေးစားလျှက်

မဆုမွန် said...

ပို့စ်လေးဖတ်ပြီး အကြာကြီး အတွေးနယ်ချဲ့မိတယ်...

တကယ်တန်ဖိုးရှိတဲ့ပို့စ်လေးပါ

ကျေးဇူးတင်တယ်

ခရေညို said...

ဟုတ်တယ်နော် ရွာသားလေး ရဲ့စည်းကိုဖတ်ပြီး စဉ်းစားစရာတွေရှိလာပြီ

Unknown said...

စည်း
ဒီလိုမျိုးဆန်၂လေးကို တို့ ဖတ်ခဲ့ဖူးတယ်
အနှစ်ချုပ်လေးကို အကျယ်ချဲ့ ပြီး တိုက်ဆိုင်လို့  ရေးလိုက်တာထင်တယ်
ခုလိုအကျယ်ချဲ့ ရေးတော့မှ ပိုနားလည်သွားတာပေါ့
စဉ်းစားစရာ ဆင်ခြင်စရာလေးတွေကို သင်ခန်းစာယူသွားတယ်
လူတိုင်း စည်း ဆိုတာသဘောပေါက်ရင်တော့ အရာအားလုံးက အေးချမ်းမယ်လို့  ထင်တာပဲ (လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်)

NangNyi said...

တခြားဟာတော့မသိဘူး.. သီတာဒေဝီကြောင့် အတွင်းစည်းပေါက်တဲ့ ကိစ္စကတော့.. အဲ့ အလကားမိန်းမကို ဘယ်တုန်းကမှ မကျေလည်ခဲ့တဲ့ကိစ္စ..

Libratun said...

We are bounded by so called discipline made by same fellows because we, as a whole, don't have one.

That's too bad.

khin oo may said...

စည်းတဲ့ လား။

မိုးခါး said...

ဖတ်တော့ ဖတ်ပြီးပြီ
မရေးတတ်လို့ မရေးသွားတော့ဘူးနော် ..း)

tg.nwai said...

ဖတ်ရင်း တွေး၊ တွေးရင်း ဖတ်သွားပါတယ် ကိုရွာသားရေ..

Thargyi(Gyobingauk) said...

ကိုရွာသားရေ.. စဉ်းစားချဲ့တွေးနေပါတယ် ပို့စ်ကောင်းလေးတပုဒ်ပါ.. ဒါပေမယ့်စင်ကာပူကဘူတာမှာဘောင်လေးတွေလုပ်တာကတော့ လူတွေကိုကာကွယ်ချင်လို့ဟုတ်ဟန်မတူဘူး ဗျ.. လူတွေခုန်ချရင် အဲဒီအမှုကြောင့်နှောင့်နှေးသွားတဲ့ ရထားချိန်အစားအစားထိုးပြေးဆွဲပေးရတဲ့ ကားစရိတ်နဲ့ အခြားဆုံးရှုံးမှုတွေအရမ်းများလို့ အဲဒီအသုံးစရိတ်ကာကွယ်ချင်တာအဓိကလို့ထင်ပါတယ်.. စင်ကာပူအစိုးရက သူ့ပြည်သူတွေအန္တရာယ်နည်းစေ တော့ရယ်ဆိုတဲ့စေတနာတော့နည်းနည်းလေးတော့ပါမလားပဲ..:D :P နည်းတော့နည်းမှာသေခြာတယ်ဗျ..

ဂျစ်တူး ( မုံရွာ ) said...

မှန်လိုက်လေဟာ-ဒီထက်ပိုပြီးလူများများဖတ်ဖြစ်အောင်
ဘယ်လိုလုပ်ရင်ကောင်းမလဲဟင်-မေးတွေထဲကနေတဆင့်
ဖြန့်ပေးခွင့်ပြုပါ။

ဂျစ်တူး ( မုံရွာ ) said...

http://burmatoday.net/article2005/2009/200910/091025_ywar_thar_lay.swf

ဂျစ်တူး ( မုံရွာ ) said...

http://burmatoday.net/article2005/2009/200910/091025_ywar_thar_lay.swf
အဲဒီမှာဘားမားတူဒေးမှာသွားကြည့်နော်