26 October 2009

နောင်တမဲ့အနမ်း


ယေရှုသခင်ကို နမ်းတဲ့အနမ်း
ရက်စက်တယ်မဆို
ဒီအနမ်းကို ကိုယ်တော်တိုင်လက်သင့်ခံခဲ့တယ်

နှုတ်ခမ်းတစ်စုံကို တို့ထိတိုင်း
အလွမ်းသင့်တဲ့ ဒီအနမ်း
နမ်းမ၀လို့ အနမ်းအဆင့်ဆင့်
မနမ်းသင့်ဘူးလို့ ငါမဆိုမိခဲ့

လွမ်းမ၀လို့
အနမ်းအထပ်ထပ်ပို
ရက်စက်တယ် မဆိုပါဘူး
နင်ထားခဲ့ရင်လည်း
ကျန်ရစ်မယ့် ဒီအနမ်းကို
ငါရင်နဲ့အပြည့်
လွမ်းနေခဲ့မယ်………


လမ်းခွဲစကားမဆိုခင်တော့

င့ါကို နမ်းဖြစ်အောင် နမ်းပါ..........


(ဘာရယ် မဟုတ်တဲ့ခံစားချက်ကလေးတွေကို ပေါက်တတ်ကရ ရေးဖြစ်တာပါပဲ ရယ်သွမ်းသွေးသူတို့ ရယ်လိုကရယ်နိုင်ပါတယ် လှောင်ပြောင်မေးငေါ့ဖို့ ကုန်ကြမ်းလည်း ဖြစ်နိုင်ပါတယ်။ ကျနော်နဲ့လမ်းမှာဆုံဖြစ်တဲ့အချိန် ရယ်ပြုံးနိုင်ကြတယ်ဆိုရင်ပဲ စာလေးတစ်ပိုဒ် ခံစားမှုလေးတစ်ခုကို ဟာသတစ်ပုဒ် အဖြစ် အသိအမှတ်ပြုနိုင်ကောင်းပါရဲ့)

22 October 2009

အခန်းတွေ………..

တနေ့က အစ်မတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူရုံးခန်းအဟောင်းလေးကို ခဏပြန်ရောက်တုန်း ငေးနေတယ်တဲ့။ ပြီးတော့ ကြည့်နေရင်း ၀မ်းနည်းနေခဲ့တယ်တဲ့လေ။ ရုံးအသစ်ကို ပြောင်းပြီးပြီ မဟုတ်လား ဘာအတွက် ၀မ်းနည်းစရာလိုလဲဆိုတော့ နေရာဟောင်းလေးမှာ အမှတ်ရစရာတွေ အများကြီး ရှိခဲ့တာလို့ ပြန်ဖြေခဲ့တယ်။ ပြောနေရင်း ကျနော်နေထိုင်ခဲ့ဖူးတဲ့ အိမ်ခန်းလေးတွေကို အမှတ်ရလာမိပြန်ရော…

စက်ရုံမြေကို ခြေချတော့ လိုင်းကြမ်းဆိုတဲ့ အရပ်မှာ ယာယီနေခဲ့ရတယ် သုံးနှစ်ကျော်လေးနှစ်ထဲမှာပေါ့။ နောက်တော့ ၄၀၀စကေးဆိုတဲ့ ရပ်ကွက်ကို ရွှေ့ရပြန်ရော။ သူက နှစ်ခန်းတွဲ အိမ်လေးတွေ အိပ်ခန်းဆိုလို့ နှစ်ခန်းပဲပါခဲ့တာ။ အိပ်ခန်းတစ်ခန်းမှာ အစ်ကိုဝမ်းကွဲနဲ့ တူတူနေခဲ့ရတာပါ။ အခန်းကျဉ်းလေးပေမယ့် အိမ်နောက်က သင်္ဘောပင် အိမ်ရှေ့က နှင်းဆီခင်း စံပယ်ရုံနဲ့ ဇီးချိုသီးပင်တွေနဲ့ ပျော်ရွှင်ဖွယ်အတိ။ အိမ်ရှေ့ ရေမြောင်းကျော်တဲ့ သစ်သားတံတားလေးနဲ့ ပြီးတော့ အဲ့နေရာမှာ ထိုင်ပြီး ရွှေသွေးတေဇ မိုးသောက်ပန်း လာဝေမယ့် စာတိုက်ကလူကို မျှော်နေကြလေ။

ဘေးကပ်ရပ်အခန်းက အန်တီစမ်းစမ်းသွယ် ဦးပေါ်တို့ လင်မယား၊ နောက်တစ်တိုက်မှာ ဦးမြငြိမ်းနဲ့ အကြီးတို့သားအမိ၊ ပြီးတော့ ဦးဥာဏ်ဝင်းနဲ့ အန်တီဖြူတို့ လင်မယားတို့လေ။

လေးလုံးတွဲတိုက်တန်းလျားလေးမို့ ပီဘီမိသားစုလေးလို။ ငယ်တုန်းက အကြီးဆီမှာ မုန့်သွားစားလေ့ရှိပြီး မုန့်ယူပြီးရင် တိုက်ကွယ်မှာ ပုန်းနေတတ်တယ်တဲ့။ မုန့်ကုန်ရင် အကြီးဆီပြန်လာပြီး လက်ဖြန့်လေ့ရှိတဲ့ ကျနော်ပေါ့။ အဲ့ဒီတန်းလျားမှာ ကလေးကလည်း ကျနော်တစ်ယောက်တည်း ရှိနေခဲ့တာမို့ အခွင့်အရေးတွေ တစ်ပုံကြီးလေ။

အကြီးတို့နဲ့အတူ ထမနဲထိုးကြတဲ့နေ့။.ဦးဥာဏ်ဝင်းက အာလူးဆနွင်းမကင်းလုပ်ကျွေးတဲ့နေ့၊ အန်တီစမ်းစမ်းသွယ်တို့ ပီလောပီနံ မုန့်လုပ်တဲ့နေ့၊ အိမ်က သာကူမုန့်ဖက်ထုပ်လုပ်တဲ့နေ့တွေကိုတော့ ဘယ်လိုမှ မေ့လို့မရတော့။ အန်တီဖြူ သားဦးလေးမွေးတဲ့ညကိုလည်း မမေ့နိုင်ခဲ့။ အလွတ်ရတဲ့ သံဗုဒ္ဓေဂါထာကို အထပ်ထပ်အခါအခါ ရွတ်ရင်း သူတို့အိမ်ရှေ့ပက်လက်ကုလားထိုင်မှာ အိပ်ပျော်သွားခဲ့တာ။ မိုးလင်း အိပ်ရာနိုးတော့ ကလေးချစ်တဲ့ ကျနော် ကလေးကို အပြေးအလွှားရှာခဲ့တာ။ ကလေးလည်း မရှိ ကလေးအမေလည်း မရှိ။ အမေက ဆေးရုံမှာ ကလေးက မရှိတော့ဘူးဆိုတော့ တရှိုက်ရှိုက်ငိုလိုက်ရတာတွေ ဘယ်တော့မှ မမေ့။

ဒီအခန်းလေးကနေ ရွှေ့တော့ သုံးတန်းမတက်ခင်ပေါ့..
ဒုတိယ အခန်းက အိပ်ခန်းလေးခန်း နဲ့ ၄၅၀စကေးမှာပါ။ ကျနော်တို့ ညီ အစ်ကိုနှစ်ယောက်ကတော့ တစ်ခန်းတည်းမှာ နေနေခဲ့ပြီး တစ်ခန်းကို ဘုရားခန်း တစ်ခန်းကိုတော့ စတိုခန်းလုပ်ခဲ့တယ်။ ၄၅၀ စကေးအိမ်တွေက ကျွန်းလျှာထိုးခင်းတွေဆိုတော့ မေ့အကြိုက်တွေပေါ့။ တိုက်လိုက်ရတဲ့ ကြမ်းတွေဆိုတာ အစ်ကိုဝမ်းကွဲခြေထောက်ကို ညှောင့်ထိုးပြီး အလျားလိုက်ဝင်တော့မှ ရပ်သွားခဲ့တာ။ အိမ်က ချိုင့်တစ်ခုထဲမှာ ကျနေသလိုပါ။ လမ်းပေါ်ကနေ သေချာမမြင်ရဘူးလေ။

နောက်တစ်ခုက အိမ်ခြံစည်းရိုးခတ်ရင်း တူရွင်းနဲ့ ဆောင့်မိလို့ ဖေခေါင်းပေါက်သွားခဲ့တယ်။ ဗေဒင်တွေဘာတွေ မေးတတ်တဲ့ မေက အညာကိုသွားတုန်းက မေးခဲ့တဲ့ ဗေဒင်ကို ယုံချင်သလိုလိုဖြစ်လာရော။ ပစ္စည်းထွက်ရင် ထွက် မထွက်ရင် ခြေနှစ်ချောင်းထွက်မယ်တဲ့လေ။

မကြာပါဘူး အရေးအခင်းမတိုင်ခင်တစ်ပတ်အလိုမှာပဲ အိမ်ရှိပစ္စည်း အကုန် အခိုးခံလိုက်ရတယ်။ မှတ်မှတ်ရရ အဲ့ဒီနေ့က အန်တီဘေဘီ့ မွေးနေ့ပေါ့။ ကျနော်တို့ကိုလှူမယ် တန်းမယ် စုထားတွေလေးတွေ ရေစုန်မျောခဲ့တာပေါ့။

သူခိုးက ကျနော်တို့ အိပ်ခန်းလေးထဲကနေ တစ်ဆင့်ဝင်လာခဲ့တာပါ။ ပြတင်းပေါက်မှာ သံတိုင်တွေကာထားတာမို့ ပြတင်းပေါက် အပေါ်ဖက် လေ၀င်ပေါက်ငယ် မှန်ကိုခွဲပြီး အထဲက တံခါးချက်ကို လက်နဲ့လျှိုပြီး ဖွင့်ဝင်ခဲ့သွားခဲ့တာ။ အစီအရင်တွေ လုပ်ခဲ့တယ်လို့ လူကြီးတွေက ပြောခဲ့ဖူးတယ်။ အခန်းထဲဝင်လိုက်တိုင်း တစ်ကိုယ်လုံးကြက်သီးတွေ တဖြန်းဖြန်းထခဲ့ရတာ လူတိုင်းလေ။

ဒီအခန်းလေးက ၀မ်းနည်းကြေကွဲ ထိတ်လန့်ဖွယ်တွေကို ပေးခဲ့တယ်။ သိပ်မကြာခင်မှာပဲ အိမ်အသစ်ကို မရမက ပြောင်းလိုက်ကြပါတယ်။

အိမ်အသစ်က အခန်းမှာတော့ ကိုးတန်းအထိ နေလိုက်သည်အထိ ရှည်ကြာခဲ့တယ်။ သီးပင်စားပင် စိုက်လို့မရတဲ့ ပက်ကြားအက်မြေမို့ မေ့အကြိုက်စံပယ်ပင် သုံးပင်လားပဲ စိုက်ဖြစ်ခဲ့တယ်။ အိမ်နောက်ဖက်က ဘောစကိုင်းပင်တွေနဲ့ ပေါက်ပန်းဖြူတွေကတော့ စီရီလို့ မစိုက်ပါပဲ အပြိုင်းအရိုင်းပေါက်နေလိုက်ကြတာ။

အရေးအခင်းကာလမှာလည်း ကျနော်တို့အိမ်မှာ မိသားစုတွေ ၅ခုလောက်စုပြီးနေခဲ့ကြသေးတယ်။ အရေးဟဲ့အကြောင်းဟဲ့ဆို ဖေက စက်ရုံထဲမှာ ၂၄နာရီတာဝန်နဲ့ ပိတ်မိနေခဲ့တာမို့ ပတ်ဝန်းကျင်မိသားစုတွေနဲ့ပဲ ပေါင်းစုနေခဲ့ရတာ။

လေးတန်း ကနေ ကိုးတန်းအထိ အဲ့ဒီအခန်းလေးထဲမှာ အစ်ကိုဝမ်းကွဲနဲ့ အပြိုင်စာကျက်ခဲ့ရတာတွေ။ ရန်ဖြစ်ခဲ့တာတွေ။ မနက်အိပ်ရာထ ထမင်းအိုးတစ်ယောက်တစ်လှည့်တည်ခဲ့ကြတာတွေ။ အခန်းလေးက သာပြောပြနိုင်ရင် လွမ်းတော့ အလွမ်းပြေနိုင်မယ်ထင်ရဲ့။

ဒီအခန်းလေးကိုတော့ ကျနော်နှုတ်မဆက်ပဲ ခွဲခွာခဲ့ရပါတယ်

အလွမ်းတစ်ခုခုကို လွမ်းပေးပါလို့ ကိုအောင်ဖြိုးက တဂ်ထားပါတယ်။ နောက်ထပ် နေခဲ့ဖူးတဲ့အခန်းတွေကို လွမ်းပါဦးမယ်ခင်ဗျာ…


ကိုးတန်းဖြေအပြီး ဆယ်တန်းကို မုံရွာမှာပဲ တက်ဖြစ်ခဲ့တယ်။ အိမ်က အရှေ့အိမ် အနောက်အိမ်နှစ်ခုမှာ။ ကျနော်နေဖြစ်ခဲ့တာ အနောက်အိမ်က အဖီလေးထဲမှာပါ။ အဖီလေးထဲကနေထွက်တာနဲ့ စာသင်ခန်းမလေ။ မုံရွာဆောင်းကလည်း အေးလွန်းတယ်။ အဖီလေးက အိမ်မကြီးနဲ့ ခွဲနေတာမို့ တိုက်လိုက်တဲ့လေကလည်း တ၀ုန်းဝုန်း။ အခုတော့ အနောက်အိမ်ကလေးရောင်းလိုက်တဲ့နောက် အခန်းဟောင်းလေးကိုတောင် ပြန်မတွေ့နိုင်တော့ပြီလေ။ ပိတောက်ပင်တွေနဲ့အတူ အခန်းဟောင်းလေးကိုတော့ လွမ်းမိပါသေးတယ်။

ဆယ်တန်းဖြေအပြီး အိမ်ကို ပြန်ရောက်ပြီး မကြာခင်မှာပဲ ရန်ကုန်ကို ထွက်ဖြစ်ခဲ့တယ်။ ရန်ကုန်မှာ ပထမဆုံးခြေချဖြစ်တာက တောင်ဥက္ကလာပမှာပါ။ ၁၂ရပ်ကွက် မာဃလမ်းဆို သိမယ်ထင်ပါတယ်။ အိမ်ရဲ့ ထပ်ခိုးလေးမှာ နေခွင့်ရခဲ့တယ်။ အခန်းရယ်လို့ မမြည်ပေမယ့် အမှတ်တရတော့ ဖြစ်စေခဲ့ပါတယ်။

နှစ်နှစ်တာကာလလွန်ပြန်တော့ ရေကြည်ရာ မြက်နုရပြန်ရော။ ဒီတစ်ခေါက်ရွှေ့ဖြစ်တာ ကြည့်မြင်တိုင် ဟုမ်းလမ်းက အန်တီထွေးတို့ အဖွားလေးတို့ အိမ်ကိုပါ။ ကွမ်းအစ်တစ်ကားကားနဲ့ အဖွားလေးက တူသားတစ်ယောက်လို ဆုံးမပြုစုစောင့်ရှောက်ရှာတယ်။ ကွန်ပြူတာ ပထမနှစ်၊ နည်းပညာ တက္ကသိုလ် ပထမနှစ် ပြီးသည် အထိ အဲ့ဒီ အခန်းထဲမှာပါပဲ။ မှော်ဘီကျောင်းကို တက်ဖို့ မနက်ငါးနာရီကထခဲ့ရပြီး မှော်ဘီက အပြန် ကွန်ပြူတာကျောင်းကိုတန်းဝင်။ အိမ်ပြန်ချိန်က ညဆယ်နာရီတွေ။ လေယာဉ်ထက်မလျော့တဲ့ အမြန်နဲ့ ၃၅ ကားဒိုင်နာတွေနဲ့ သီရိမင်္ဂလာဈေးအရှေ့က ဖြတ်ပြန်ရတဲ့ ညတွေကိုလည်း မမေ့မလျော့။ သင်တန်းနှစ်ဖက်အပြင် ကျောင်းစရိတ်အတွက် စာသင်ရပြန်သေးတယ်။ အိမ်ကချည်း ထောက်ပံ့ဖို့လည်း မဖြစ်နိုင်ပေတာမို့ ကိုယ့်ဝမ်းနာ ကိုယ်သာသိခဲ့တဲ့ အချိန်တွေပါပဲ။

ကွန်ပြူတာ ဖြေခါနီးမေးခွန်းဟောင်းတွေ မိတ္တူဆွဲဖို့ အသွား 99 ဆိုတဲ့ မိတ္တူဆိုင်မှာ ချော်လဲခဲ့တယ်။ ပုံမှန်ချော်လဲတာပေမယ့် အုတ်စွန်းနဲ့ ဆောင့်ခဲ့တာကြောင့် ကျောရိုးမထဲက အာရုံကြောတစ်ခု ညှပ်သွားခဲ့ပါရော။ အထိုင်အထ ခြေကြွလို့မရတဲ့အထိ။ ဒေါက်တာ ကံထွန်းနဲ့ ပြရင်း မခွဲခင် treatment မျိုးစုံနဲ့ လူပိန်ကလေးဘ၀ကနေ လူ၀၀ကြီးဆီကို ဒီနည်းနဲ့ ရောက်ခဲ့တာပါပဲ (အကြောင်းရှာတာ ဒီမှာ သွားတွေ့တော့တယ်)။

တစ်နှစ်ပြည့်ပြန်တော့ အန်တီထွေးက အသည်းရောဂါနဲ့ဆုံးပြန်ရော။ မကြာပါဘူး ညီအစ်မနှစ်ယောက်တည်းရှိတာမို့ ဖွားလေးကလည်း အန်တီထွေးနောက်ကို လိုက်ရှာတယ်။ နှစ်ယောက်စလုံးရဲ့ အသက်ကို မမှီလိုက်နိုင်ဘူး။ ကျေးဇူးရှင်တွေမို့ ကျေးဇူးဆပ်ခွင့်ကြုံချင်ခဲ့မိတယ်။ ဒါပေမယ့် မဖြစ်နိုင်ပြန်ဘူးလေ။

အန်တီထွေးဆုံးပြီးနောက်မှာပဲ ကျနော်နဲ့အတူ လာနေဖူးခဲ့တဲ့ အစ်ကိုဝမ်းကွဲ အိမ်ကို ရွှေ့ရပြန်တယ်။ အဆောင်နေချင်တယ်လို့ ပူဆာခဲ့ပေမယ့် အိမ်က ခွင့်မပြုခဲ့ဘူးလေ။ အစ်ကိုဝမ်းကွဲက အိမ်ထောင်ကျပြီး ရန်ကုန်ကိုရွှေ့လာတာမို့ ရေကန်အသင့်ကြာအသင့် ဖြစ်ခဲ့တာပါပဲ။

အစ်ကိုတို့တိုက်ခန်းလေးက ရုရှားသံရုံးနားက တောရပ်ရွာလေးလို ဖြစ်နေတဲ့ ၀န်ထမ်းအိမ်ရာလေးပါ။ ကျောင်းတွေချည်းတက်နေရတဲ့နောက် အိမ်မှာနေတဲ့အခိုက်ဆို အပြင်ကို မထွက်ဖြစ်တော့သလောက်ပါ။ ဒုတိယနှစ်မှာ စာသင်တာတွေကိုရပ်ပစ်ခဲ့တယ်။ စာတွေများပြီး ကိုယ်တိုင်လည်း ဆိုင်းဝိုင်းဆရာလိုပါပဲ။ ဟိုစာအုပ်ပြေးကိုင်လိုက် ဒီစာအုပ်ပြေးကိုင်လိုက်နဲ့ စာအုပ်တွေ ပတ်ချာဝိုင်းနေလို့ပါ။ အိပ်ခန်းလေးနှစ်ခုပဲပါတဲ့ ဒီအခန်းလေးမှာ ကျနော့အတွက် အခန်းက ဘုရားခန်းပဲပေါ့။ အစ်ကိုတို့ အိပ်ခန်းမှာတော့ ထပ်ခိုးလေးတစ်ခု လုပ်ပေးထားတယ် ဧည့်သည်သောင်သယ် လာရင် တည်းရခိုရအောင်လို့ပါ။

တစ်နှစ်ကျော်ကျော်လောက်နေပြီးတော့မှ နောက်ထပ် ပုလဲလမ်းနားက လိုင်းခန်းတစ်ခုကို ရွှေ့ခဲ့ကြတယ်။ အခန်းအသစ်က ဧည့်ခန်းလေးနဲ့ ကျနော့်အိပ်ခန်းသက်သက်အပြင် မီးဖိုချောင် ရေချိုးခန်းနဲ့ သန့်သန့်ရှင်းရှင်းလေးပါပဲ။

လိုင်းခန်းတွေအားလုံးမှာ သန့်ရှင်းပြိုင်ဖို့ အရွေးခံရတာမို့ မရီးနဲ့ ကျနော့မှာ အတော်လေး ပင်ပန်းခဲ့ကြတယ်။ သန့်ရှင်းအောင် လှနေအောင် လုပ်နေရတာက မဆုံးတော့ဘူးလေ။ ဒါ့အပြင် အဲ့ဒီ အိမ်လေးမှာပဲ တူကလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။

ဒီအခန်းလေးမှာတော့ ကျောင်းပြီးတဲ့ အထိ နေဖြစ်ခဲ့ပါတယ်။

ကျောင်းပြီး အိမ်ကိုပြန်တော့ အိမ်က ၈၀၀စကေးကို ရောက်နေခဲ့ပြီ။ ၄၅၀ စကေးအိမ်ကို နှုတ်မဆက်ပဲခွဲခွာခဲ့ရတယ်ဆိုတာ ကျနော်အိမ်မှာ မရှိတုန်းအခိုက်မှာ အိမ်ပြောင်းခဲ့ကြလို့ပါပဲ။ အိပ်ခန်းခြောက်ခန်းတွဲအိမ်ကြီးမှာ မိသားစုသုံးယောက်တည်းမို့ ပျင်းရိငြီးငွေ့ဖွယ်အတိ။ အိမ်က တောင်ကုန်းတစ်ခု ရဲ့ ထိပ်တည့်တည့်မှာ တစ်လုံးတည်း အထီးကျန်စွာ။ ဆူးပုပ်၊ ဂွေးတောက်၊ ဒန့်ဒလွန်၊ သပြေ၊ သရက်၊ သလဲသီးပင်တွေအပြင် ကန်စွန်းခင်းတစ်ခင်းကလည်း အရန်သင့်။ ဇွန်းပန်းတစ်ရုံ၊ ဇီဇ၀ါ နှစ်ပင်၊ စံပယ် အိုးပုတ်ကြီး အိုးပုတ်လေးတွေ အပြင် မာလကာ အူနီအူဖြူတွေနဲ့ စားဖွယ်အစုံအလင်ပေါ့။ နောက်ထပ် စိုက်ဖြစ်တာက ငှက်ပျောပင်တွေပါပဲ။ ဒီအခန်းက အခုအချိန်ထိ ဧည့်သွားဧည့်လာဖြစ်နေဆဲလေ။

ပုလဲလမ်းအိမ်မှာ အေးအတူ ပူအမျှနေနိုင်မယ်မျှော်လင့်ပေမယ့် နောက်ဆုံးတော့လည်း ကံကိုပဲ ပုံခဲ့ပါတယ်။ ကျောင်းပြီးကာစ အလုပ်မရသေးတဲ့အခိုက်အတန့်တစ်ခုမှာပဲ နေထိုင်ခဲ့ရတာ။ ခေါင်းရင်းအခန်းက ဖိုးသောကြာတို့ မိသားစု ခြေရင်းအခန်းက အန်တီတို့ ကိုတော့ မကြာခဏ သတိတရဖြစ်မိတတ်ပါတယ်။ လူဆိုတာက အချိန်တစ်ခုမှာပဲ ဆုံဖြစ်တတ်ကြကလား။

ဒီတစ်ခါတော့ ရန်ကုန်ကိုပြန်တော့ အိမ်ရဲ့ ခွင့်ပြုချက်နဲ့ ခပေါင်းဆောင်မှာ သွားနေခွင့်ရခဲ့ပါတယ်။ ကျနော့ အခန်းက အခန်းနံပါတ်ကိုးနဲ့ မျက်နှာချင်းဆိုင်အခန်းကတော့ ကျနော်တို့ မီးဖိုချောင်ဖြစ်ခဲ့တယ်။ ပထမဆုံးအလုပ်တစ်ခုကို စလုပ်ခွင့်ရခဲ့တာ ဒီအဆောင်ကပါ်။ တစ်လအပြည့်မှာ နောက်ထပ် အလုပ်တစ်ခု နောက်ထပ်တစ်လအပြည့်မှာ နောက်ထပ်တစ်ခုကို ပြောင်းဖြစ်ပြန်တယ်။ အဆောင်နေဘ၀ကို ကျောင်းပြီးမှပဲရခဲ့တာပါ။ ရေမီးမပူရတဲ့ ဘ၀မို့ ကျောင်းထဲကို လမ်းလျှောက်ဝင်ရတာတို့ ဆက်သွယ်ရေးရုံးမှာ ဖုံးတစ်ခုထဲကို ဆရာမတွေနဲ့ လုဆက်နေရတာတွေကို မေ့တေ့တေ့ပါပဲ။ ဆရာတွေမူးလာရင် အင်္ဂလိပ်လိုတွေပြောကြာတာတွေ သီချင်းတွေဆိုတာတွေ ရန်လိုက်ရှာကြတာတွေ အထူးအဆန်းတွေဖြစ်ခဲ့ပါသေးတယ်။ အမှတ်အရဆုံးက table tennis ခုံကို မိုးလင်းမိုးချုပ်ရိုက်ဖြစ်တာပါပဲ။ ပျော်စရာတွေကလည်း ဝေးဝေးလံလံဆိုတော့ ဒီတစ်ခုရယ် ရုပ်ရှင်ကြည့်တာရယ်ပဲ လုပ်ဖြစ်နေတော့တယ်။ စာရေးဖို့တိုက်တွန်းတဲ့ ကိုထွန်းကိုနဲ့လည်း အဆောင်မှာပဲ ဆုံဖြစ်ခဲ့တာပါပဲ။ ငွေရေးကြေးရေး ပြဿနာတွေကြောင့် အဆောင်ကဆရာတွေ ပြဿနာတက်ပါတယ်။ ဒီနောက် သူ့လူကိုယ်လူရယ် ရှုပ်ထွေးကြပြန်တာမို့ အဆောင်ကနေခွာဖို့ဖြစ်လာခဲ့တယ်။ အဆောင်က မခွာခင်မှာ နောက်ထပ် အလုပ်သစ်တစ်ခုကို လှမ်းဖို့ ဖြစ်နေခဲ့ပြီလေ။

အဆောင်ကနေထွက်လာတော့ အိမ်ကို ဆွမ်းခံကြွတဲ့ ဆရာတော် အကူအညီနဲ့ ဗိုလ်ချိုလမ်းက အိမ်ခန်းကို ပြောင်းဖြစ်တယ်။ မီးပျက်ခဲတဲ့ ရပ်ကွက်မို့ ကျနော့အတွက်တော့ အဆင်ပြေတာပေါ့။ ပြောင်းတုန်းကတော့ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူ။ ဒါပေမယ့် နောက်ပိုင်း သူငယ်ချင်းရဲ့ လူမှုရေး ပြဿနာ အရှုပ်တွေကြောင့် သူ့ကို အိမ်ကနေပြောင်းခိုင်းလိုက်ရတယ်။ အဲ့ဒီအခန်း ငှားခက သုံးသောင်းခွဲမို့ အခု ဒီက အခန်းခတွေနဲ့နှိုင်းစာရင် တော်တော်လေး ကွာဟတာကိုး။ ဘယ်သူ့ ဘယ်သူနဲ့မှလည်း မဆက်စပ်ချင်တော့တာနဲ့ အခန်းတစ်ခုလုံးမှာ တစ်ယောက်တည်းပဲ နေဖြစ်ခဲ့ပါတယ်။ ရတဲ့လစာတော့ အိမ်ကို မစို့မပို့ပဲရောက်တော့တာပေါ့။ အငြိမ်မနေနိုင်တဲ့နောက် နောက်ထပ်ကျောင်းတစ်ခု တက်ဖို့ ကြိုးစားမိပြန်ရော။ ကျောင်းလခကို လခတွေထဲက မဖြစ်ဖြစ်အောင် စု ဟိုကဆွဲဒီကဆွဲနဲ့ သင်တန်းတစ်ခုကို တက်ခဲ့ပြန်တယ်။ ဒီအခန်းလေးက ရန်ကုန်မှာ ကျနော်နေခဲ့ဖူးတဲ့ နောက်ဆုံးအခန်းလေးပါ။ ဒီအခန်းလေးကနေမှ ဟောဒီ အပြင်ကို ထွက်လာဖြစ်ခဲ့တာ။ အခန်းအရှေ့က ဆောက်သီးမတို့ အ၀ါးတို့ရဲ့ စောင့်ရှောက်မှုကိုလည်း မမေ့မလျော့ပါပဲ။

နောက်ထပ် မှောင်ကွယ်နေတဲ့ အခန်းလေးတစ်ခုရှိပါသေးတယ်။ ဒီအခန်းလေးကိုတော့ နာကျင်မှုနဲ့ အမှောင်ချထားပါရစေ။ အဲ့ဒီအခန်းလေးမှာ အလင်းရောင်မရှိသလို ကျနော့ကိုလည်း အသက်ရှူကြပ်စေတာမို့ပါ။

နေထိုင်ဖြစ်ခဲ့တဲ့ အခန်းမဟုတ်ပေမယ့် အလုပ်လုပ်တဲ့ ကျနော့ အလုပ်ခန်းကိုလည်း ကျနော် သတိရမိပါသေးတယ်။ Executive က Plant extension နဲ့ project ကိုအရွှေ့ ကျနော်က ယာယီတာဝန်ယူလိုက်တဲ့အခန်းငယ်လေးပါပဲ။ တစ်ချို့ညတွေမှာ ဒီအခန်းလေးမှာပဲ နေ့နေ့ညည အလုပ်တွေလုပ်နေမိတတ်တယ်။ လကုန်ရက် report တွေ ပြီးဖို့ ၀န်ထမ်းလစာတွေ တွက်ဖို့ စတဲ့ မဆုံးနိုင်တဲ့ စာရင်းဇယားတွေနဲ့ လုံးလည်ချာလည်လိုက်နေခဲ့တာ။ တစ်ချို့မနက်ခင်းတွေမှာ ခုံပေါ်မှာ အလုပ်လုပ်ရင်း အိပ်ပျော်နေခဲ့တာမို့ လိုင်းထဲက ကလေးတွေက မိုးလင်းပြီဆိုတာ အခန်းတံခါးကိုခေါက်နှိုးမှ သိရတတ်တာလေ။ ဒါကြောင့်ဒီအခန်းလေးကို မနေဖြစ်ပေမယ့် သံယောဇဉ်က ဖြစ်မိပြန်ရော။

အပြင်ကို စရောက်လတော့ ပထမဆုံးနေဖြစ်တာ သူငယ်ချင်းရဲ့ Angmokio က အခန်းမှာပါ။ အလုပ်ရပြီး ၁လမပြည့်ခင်မှာ woodland က အခန်းလေးကို ရွှေ့ဖြစ်ခဲ့တာပါ။ woodland က အခန်းလေးကတော့ ပထမဆုံးအလုပ်နဲ့အတူ ရုန်းကန်မှုတွေကို ဖြစ်စေခဲ့တယ်။ ရောက်ခါစမို့ အပြင်ကလည်း မသွားနိုင် (ငွေရေးကြေးရေး အခက်အခဲတွေကြောင့်ပါ)၊ အလုပ်ကလည်း ပင်ပန်း (ခြောက်ရက်အလုပ် အပြင် ကိုယ်ကာယကို စိုက်ထုတ်ရတဲ့ အလုပ်မျိုးမို့ပါ) တာမို့ အခန်းကိုရောက်ရင် အခန်းအပြင်ကို မထွက်မိတော့။ စာအုပ်စင်မှာ ရှိတဲ့ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ဖတ်။ သူငယ်ချင်းပေးလိုက်တဲ့ ကွန်ပြူတာအဟောင်းကြီးနဲ့ ရုပ်ရှင်ကြည့်။ သူငယ်ချင်းတွေ အလည်လာ ဒါတွေနဲ့ပဲ နေ့ရက်တွေကို ကုန်ဆုံးစေခဲ့တယ်။ အေးအေးချမ်းချမ်း အတူနေသူတွေမို့ အိမ်ရှင်ကသာ ပိုက်ဆံကို တစ်အားတိုးမတောင်းရင် ဘယ်လောက်ဝေးလံတယ်ပြောပြော ကျနော် အဲ့ဒီအခန်းမှာပဲ နေဖြစ်ဦးမှာပါ။ ပျော်ရာမှာ မနေ တော်ရာမှာ နေရတယ်ဆိုတာကြောင့် အခုနောက်ဆုံး အခန်းကို ရွှေ့ရပြန်တာပါပဲလေ။

လက်ရှိ အခန်းမှာ နေဖြစ်ခဲ့တာ တစ်နှစ်လောက်ရှိရောပေါ့။ ဒီအခန်းမှာလည်း ဒီအခန်းအလျောက်ပါပဲ။ ဘယ်အချိန်မှာ ဒီအခန်းက ပြောင်းရဦးမယ်ဆိုတာ မသိတတ်နိုင်ပြန်ဘူး။

တစ်ခေါက်တစ်ခေါက် ပြောင်းရတယ်ဆိုတာလည်း လွယ်လွန်းတယ် မဟုတ်ဘူးလေ။ သိမ်းရဆည်းရ ထုပ်ရပိုးရ ပြီးတော့ သူုငယ်ချင်းတွေကိုလည်း အကူအညီတောင်းရသေးတာ။ သူကလည်း အားဦးမှ ကိုယ့်ကို ကူညီနိုင်မှာလေ။ ဒီတော့ ပြောင်းဖို့ အရေးဆို ၀န်လေးနေမိတယ်။ ဒါပေမယ့် တစ်ရွာမကောင်း သူကောင်းမဖြစ်ပြန်လို့ နှလုံးသွင်းပြီး ပြောင်းစရာရှိ ပြောင်းရပြန်တာပေါ့။

နေခဲ့ဖူးတဲ့အခန်းတွေထဲမှာ တစ်ချို့ သတိရစရာ အမှတ်ရစရာ ပျော်ရွှင်စရာတွေကိုပေးပါတယ်။ တစ်ချို့ကတော့ နာကျင်စရာ ထိခိုက်စရာ ကြေကွဲစရာတွေကို ပေးပါတယ်။ ကိုယ်ကိုတိုင်က လူ့ဘ၀ဆိုတဲ့ အခန်းတစ်ခုထဲမှာ နေ, နေခဲ့တာမို့ ဒီအခန်းကိုလည်း ဘယ်အချိန်မှာ ပြောင်းရမလဲဆိုတာ ကိုယ်တိုင်တောင် မသိနိုင်ပြန်ဘူး။ သံယောဇဉ်အလွမ်းတွေနဲ့ အခန်းတွေကို ပြန်ကြည့်မိတော့ တော်တော်ကို များလှပါပကောလား…………………………………………………………………………

20 October 2009

ယင်တစ်ကောင်နဲ့ အရက်တစ်ခွက်

ဝှီခနဲ ပျံလာတဲ့ယင်တစ်ကောင်
အရက်တစ်ခွက် အနံ့ပြင်းပြင်းမှာ
တစ်ခါဖူးမှ မရဖူးတဲ့အနံ့ကြောင့်
ဖြတ်ခနဲ ခုန်အဆင်း…

သေရည်ဇောနဲ့
မိန်းမိန်းမူးမူး
တိမ်းတိမ်းပွေပွေ
သောက်လေ သောက်လေ
ငတ်မပြေ…

ခွက်အနားသတ်
ပြန်တက်ရမယ်လို့ စိတ်မကူးမိ
အတောင်စိုလို့ လေးလံလှလည်း
မက်မက်စက်စက် အသောက်မပြတ်

တစ်စက်တစ်စက်နဲ့
ပက်လက်လှန်လဲတော့မှ
အရက်ခွက်ရယ် ထူပါဦးတဲ့

တကယ့် ငမူး……….

18 October 2009

စည်း…….

ဒီနေ့ ဘူတာတစ်ခုကိုဖြတ်ပြန်တော့ မြင်ကွင်းအသစ်ကို မြင်မိပြန်တယ်။ မြင်ကွင်း အသစ်ကနေရတဲ့ အတွေးတွေက ဟိုတစ်စ ဒီတစ်စ…

ရန်ကုန်မှာ အလုပ်လုပ်နေတုန်းကပါ။ ဒီနိုင်ငံက သူငယ်ချင်းက မေးလ်တစ်စောင်ပို့လာတယ်။ ရထားလမ်းပေါ်မှာ ခုန်ချ သတ်သေတဲ့အမှုတစ်ခုရဲ့ ဖြစ်ရပ်မှန် ဓါတ်ပုံတွေပါပဲ။ အသက်ရလာလို့လား လူပဲကျန်းမာရေး ချို့ယွင်းလေသလား သွေးသံတွေ တရဲရဲနဲ့ ဓါတ်ပုံတွေကို (ရုပ်ရှင်မဟုတ်ပါပဲ တကယ့်အဖြစ်ဆိုတာ နှလုံးသွင်းမိလို့ထင်ပါရဲ့) ရှေ့ဆက်မကြည့်ရဲတော့ဘူးလေ။ ဘာကြောင့်များ ကိုယ့်အသက်ကို စတေးကြတာပါလိမ့်ပဲ။

ဒီကိုရောက်လာပြန်တော့ နောက်ထပ် ဒီလိုမျိုးဖြစ်ရပ်တွေ ကြားရပြန်တယ်။ ရုံးက စီနီယာတစ်ယောက် ရဲအမှုထမ်းဟောင်းဖြစ်ပြန်တာမို့ ဒီလို ဖြစ်ရပ်တွေရဲ့ အစကို သူပြောပြပြန်ရော။ ပထမဆုံး သတ်သေတဲ့ လူတစ်ဦးရဲ့ မိသားစုကို အားလုံးက စုတ်တသတ်သတ်နဲ့ ထောက်ပံ့လိုက်ကြတာ နောက်ထပ် စီးပွားရေးကျပ်တည်းမှုကြောင့် သတ်သေမယ့်သူတွေ တန်းစီလာစေတယ်တဲ့လေ။ ဒါကြောင့် အဲ့လို သနားငဲ့ညှာခြင်းတွေကို လျစ်လျူရှုစေခဲ့လိုက်မှ ရပ်တန့်သွားစေခဲ့တာလို့ သူကပြောပြခဲ့ပါတယ်။

အခုလည်း ရထားဘူတာရုံမှာ တံခါးမဟုတ်တဲ့နေရာတွေကို ဘောင်တွေ လုပ်ပေးထားတာတွေ့လိုက်ရတယ်။ ဒီလိုဖြစ်ရပ်တွေကို တားဆီးပိတ်ပင်ဖို့တဲ့လား။ တကယ်လို့ အဲ့ဒီဘောင်တွေကို ကျော်တက်ခဲ့ရင်ကော။ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုရင်တော့ (ကပ်ပြောတာလို့ မယူဆစေချင်ပါဘူးခင်ဗျာ) ဘောင်တွေက ဘာတတ်နိုင်မှာမို့လဲ။

ငယ်ငယ်တုန်းက ဖတ်ခဲ့ သင်ခဲ့ဖူးတာတွေ သတိရမိစေတယ်။ စည်းကမ်းဆိုတဲ့ စကားလုံးပါပဲ။ စည်းတွေ ဘောင်တွေဆိုတာ အထိုက်အလျောက် လိုအပ်တယ်တဲ့။ အိမ်တစ်အိမ်မှာ ခြံစည်းရိုးမရှိခဲ့ရင် တံခါးသော့မခတ်ခဲ့ရင် လွယ်သူကြွယ်တောင် လက်မနှေးဆိုသည်ကို မမေ့လျော့စေသင့်။ အကယ်၍ လူသားတိုင်း သစ္စာအတိဖြင့် ရိုးသားခြင်းဖြင့် ပြည့်စုံကြရင်တော့ ဒါမျိုးတွေ လိုမယ်မထင်တော့။ နောက်ထပ် သတိရမိသော စကားပုံများကတော့ လူ့စည်း ဘီလူးစည်း၊ စည်းကမ်းသည် လူ၏တန်ဖိုး၊ အကွပ်မဲ့ကြမ်း ပရမ်းပတာ…..ထို့နောက်တွင်မတော့

ကလေးဘ၀မှာ ဆော့ကစားဖူးကြမည်ထင်ပါသည်။ ကစားနည်း တစ်ခုမဟုတ်တစ်ခုတော့ အနည်းဆုံး ထိတွေ့ဖူးကြမည်။ ထုပ်ဆီးတိုး ဆိုပါစို့ ထမရည်ပူစည်းဆိုသည် လိုအပ်သည် မဟုတ်လော။ စည်းကျော်တဲ့သူ ရှိလား ၁၂၃၄၅၆၇၈၉၁၀ စည်းဆိုသည်မှာ ပါလာပြန်သည်။ ဖန်ခုန်ကြမည်ဆိုပြန်တော့ အဖူးအငုံအပွင့် အဆင့်ဆင့်ဆိုသည်မှာကကော၊ စည်းဆိုသည်မှာ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သည်ပဲ။

လူ့ဘောင်အသိုင်းအ၀ိုင်းမှာ မိမိစိတ်တိုင်းကျ ထင်ရာစိုင်းခွင့်များ ထိန်းချုပ်ဖို့ ဥပဒေများဖြင့် ပြဌာန်းထိန်းချုပ်ထားကြပြန်သည်။ ဥပဒေဆိုသည်မှာ စည်းဆိုသောစကားလုံး တစ်ခုပင်ဖြစ်နေပြန်၏။ ဖတ်ခဲ့ဖူးသော သတင်းတစ်ခုကို သတိရမိသည်။ အပြစ်မဲ့သော လူများကို လက်နက်ဖြင့် အစုအလိုက်အပြုံ အလိုက် သတ်ဖြတ်သူတစ်ယောက်ကို အင်တာဗျုးမေးသောအခါ ထိုတရားခံ၏ အဖြေ အတွက် အားလုံး တုန်လှုပ်သွားကြရသည်။ အဆိုပါလူများကို သတ်ဖြတ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မိမိကို အားလုံးက အာရုံစိုက်အောင် ၀ါ မိမိနာမည်ကျော်ကြားလိုခြင်း ကြောင့်ဖြစ်သည်ဟု ဆိုပါသည်။ မိမိ စိတ်အဆာပြေဖို့ လူဘယ်နှစ်ယောက်ကို စတေး စေသင့်သနည်း။ ထိုက်တန်ပါ၏လော။ လူသားခြင်း စာနာဖို့ ကျနော်တို့ လူသားများ မေ့လျော့နေပြီလော။ ဥပဒေဖြင့် အရေးမယူနိုင်ခင် အပြစ်မဲ့သူတို့ မည်မျှ စတေးနေရမှန်း ဘယ်သူမှ မသိနိုင်။

ထိုမှ တစ်ဖန် စည်းသုံးချက်တားခဲ့လေသော လက္ခဏာနှင့် သီတာဒေ၀ီ အဖြစ်ကို တွေးမိပြန်သည်။ ရွှေသမင်၏ မာယာသံကို မောင်တော်ရာမ ဒုက္ခ ရောက်လေပြီဟု အပူမီးဖြင့် တငြီးငြီးတညူညူ ငါ့ကိုလို၍ မောင်တော်ကို မကယ်သလော ဟူသည့် စကားနာထိုးချက်ဖြင့် မယ်သီတာ့တောင်းဆိုချက်ကို မလိုက်လျောခင် စည်းသုံးတန်ဖြင့် အန္တရာယ်ကိုကာကွယ်ခဲ့သည့် လက္ခဏာ။ ရဟန်းအယောင်ဆောင် ဒဿကိုမှ စည်းတော်ကိုကျော် ဆွမ်းတော်လောင်းလိုသည့် မယ်သီတာ။ ဖွတ်ထွက်မှ တောင်ပို့မှန်းသိသည့်အဖြစ်။ စည်းဆိုက ကျော်၍ မရပါလား။ အတွင်းကကျော်တော့လည်း ပေါက်ပြန်သည်လေ။

နောက်ထပ်အတွေးတစ်စက စက်ရုံ ဘောလုံးပွဲ တစ်ခုရဲ့ အောင်ပွဲ။ အောင်ပွဲခံ အသင်းသားအားလုံး ပျော်ရွှင်နေခဲ့ကြပြီ။ သောက်ကြစားကြ ပျော်ကြပါးကြပေါ့။ အသင်း အုပ်ထိန်းသူပြောခဲ့တဲ့ စကားတစ်ခွန်းကို နားထဲက အခုအထိ မထွက်ခဲ့။ အားလုံး လွတ်လပ်စွာ ပျော်ရွှင်နိုင်ကြပါတယ် ဒါပေမယ့် မိမိပျော်ရွှင်မှုဟာ သူတစ်ပါးကို အနှောင့်အယှက်မဖြစ်စေနဲ့တဲ့။ ချက်ချင်း အသံတွေအားလုံးကို တိတ်ဆိတ်သွားခဲ့ကြတာပါ။ ကိုယ့်ကြောင့် သူတစ်ပါး ကိုယ်စိတ်နှစ်ပါး အနှောင့်အယှက် မဖြစ်အောင်ထိန်းရတာလည်း စည်းတစ်မျိုးပါပဲလား။

ဘူတာရုံမှ ဘောင်များသည် အဟန့်အတားတစ်ခုသာဖြစ်ပါသည်။ မိမိကျော်လိုက ကျော်လိုက်နိုင်ပါသည်။ မိမိ၏ အသိစိတ်ဓါတ်ဖြင့် ထိန်းချုပ်စေသင့်သည်။ မိမိတစ်ယောက် စိတ်ဆန္ဒ အလိုလိုက်မှုဖြင့် လူအများကို ထိခိုက်စေနိုင်သည်ဆိုသော အချက်ကို နှလုံးသွင်း ဆင်ခြင်သင့်သည်။ ထိုအခါ ထိုဘောင်များတပ်ဆင်ရန် လိုအပ်မည် မဟုတ်တော့ပါ……….

16 October 2009

ရာသီပျက်တဲ့နေ့

မိုးတွေရွာမယ်လည်းဆိုရဲ့
ရွာကလည်း မရွာပဲ
နေ,သာမယ်လည်းထင်ရဲ့
ပူလည်းမပူပါပဲ
အုံ့ပျက်ပျက်
လင်းတစ်ဝက် မှောင်တစ်ချက်
ဒီတနေ့လုံး ရာသီတွေအားလုံးပျက်နေခဲ့တာ….

လမင်းရယ် သာမှာဖြင့်လည်း
သာစမ်းပါ
နေမင်းရယ် လင်းမှာဖြင့်လည်း
လင်းစမ်းပါ
နေမထွက် လမတက်ပဲ
အနေခက်စေတဲ့နောက်
ဒီကောင်းကင်အောက်က
လူတစ်ယောက်ကို
ပျောက်သည်ထက် ပျောက်
ရောက်ချင်ရာ ရောက်စေချင်ရော့ သလား……….

နှင်းတွေမြင်ပါလျက်
ဆောင်းရာသ်ီလည်း မမှတ်နိုင်
မိုးတွေစိုပါလျက်
မိုးရာသီဟု မတွင်ခဲ့
ကတ္တရာ အရည်ပျော်ပေမယ့်
နွေနေပူဟု မသတ်မှတ်
အပျက်အပျက်နဲ့
တစ်ချက်တစ်ချက်မှ
သတိပြန်ရမိတယ်
ရာသီပျက်နေ့တွေထဲမှာ
နာဖျားနေခဲ့တာ ကြာပါပကော…

14 October 2009

လှေခါးရယ် ရှည်လျားလေကွယ်..

ဒီနေ့ ရုံးသွားရင်း လှေကားက အဆင်း (ကျနော်က အဆင်းမှာ လှေကားကိုပဲ သုံးလေ့ရှိပါတယ်) တွေးမိသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ မပျင်းဘူးဆိုရင် ဖတ်ဖို့ပေါ့…

ဓါတ်လှေကားကိုတွေ့ပါလျက် လှေကားကနေပဲ ဆင်းမိပြန်ပြီ။ နှစ်ဆင့်လောက်ဆင်းအပြီးမှာတော့ ကိုယ့်စိတ်တွေ ပျံ့လွင့် ပြန်သည်ပေါ့။

ဓါတ်လှေကားကို နှစ်ခြိုက်သူများပါတယ်။ ဒါပေမယ့် အဆင်းတိုင်းကို လှေကားက ဆင်းတတ်တဲ့ ကိုယ့်အကျင့်က ငယ်ကတည်းကလေ။ အထပ်နှစ်ဆယ်မှာ မနေမိလို့တော်ပါသေးရဲ့။

ဒါပေမယ့် ဒီလှေကားကို ရှည်လျားပါစေလို့ ကိုယ်ဆုတောင်းမိပြန်တယ်။ ဘာကြောင့်လဲ…ဟုတ်လား…ချစ်သူကြောင့်ပါပဲ…

ချစ်သူနဲ့လှေကား ဘာများ စပ်ဆက်တာပါလိမ့်ပဲ။ တကယ်တော့ စပ်ဆက်နေပါတယ်။

ကျနော့ချစ်သူ လာလည်တဲ့အခါတိုင်း သူ့ကို ကျနော်ပြန်ပို့နေကျလေ။ ပြန်ပို့လေတိုင်း ဒီလှေကားကနေပဲ ဆင်းဖြစ်တယ်။ ဆင်းနေကျက ကျနော့လက်ကိုသူကတွဲပြီး ဘေးချင်းယှဉ်လျက်ပေါ့။ စိတ်လိုလျက်ရရှိရင်တော့ နောက်ကနေ ကျနော့ကို သိုင်းဖက်တတ်သေးတယ်။ ပြီးတော့ ကျနော့ဂုတ်ပိုးလေးကို ဖွဖွလေး မွှေးကြူနေပြန်တယ်။ နောက်ထပ် သူပြောနေကျ စကားက ကျနော့ဆီက အနံ့လေးကို သူအမြဲမှတ်မိနေတတ်တယ်။ အိမ်ပြန်ရောက်လို့ သူ့အင်္ကျီတွေကနေ အဲ့ဒီ အနံ့ကို ရရင် သူ့ဘေးနား ကျနော်ရှိနေသလိုပဲတဲ့လေ။ သိပ်စကားတတ်လွန်းတယ်။ တစ်ချို့ရက်တွေကျတော့ အဆင့်တိုင်း အဆင့်တိုင်းမှာ အနမ်းမိုးတွေချွေလို့။ ကျနော်က မသိချင်ယောင်ဆောင်ပြီး ပြန်မမွှေးခဲ့ရင် နှုတ်ခမ်းလေးကိုဆူပြီး သူ့ရဲ့ မကျေနပ်မှုကို ပြရှာတယ်။ လှေကားလေး ပြီးဆုံးရင် လမ်းပေါ်ကိုရောက်တော့မယ်လေ။ ဒါကြောင့်မို့ အဆင့်တွေများဖို့ ကျနော်ဆုတောင်းမိတာ မလွန်လောက်ပါဘူးနော့။

ပြီးတော့ ကျနော်ရုံးပြန်လို့ သူတဖွဖွဖုံးဆက်နေတဲ့အချိန်ဆို…ကျနော်ဓါတ်လှေကားနဲ့ တက်လို့ မရပြန်ဘူး။ ဓါတ်လှေကားထဲ ၀င်တာနဲ့ ကျနော့ဖုံးက ဆက်သွယ်မှု ဧရိယာ ပြင်ပကို ရောက်သွားပြီ။ အဲ့ဒီအတွက် ဒီလှေကားကို ရှည်လျားတယ် မထင်မိပါပဲ ခြေထောက်နဲ့ တက်မိတယ်။ သူ့ဖက်ကလည်း ဖိနပ်သံပြင်းပြင်းနဲ့ ခြေနင်းသံကိုကြားမှာပါပဲ။ ပထမဆုံးအကြိမ်တုံးကတော့ သူကမေးတယ် ဘာသံတွေလဲတဲ့။ ကျနော်ကပြောလိုက်တယ် လှေကားကနေ တက်နေတာပါလို့ အသံမကြားရတော့မှာစိုးသဗျ ဆိုတော့ တော်တော်ပိုတယ်တဲ့လေ။ နောက်အခေါက်တွေတော့ သူလည်း နားယဉ်သွားတယ်ထင်ပါရဲ့။ အိမ်ရှေ့ရောက်လို့ သော့ဖွင့်တော့မှပဲ သူသိရှာတော့တယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးခင်ဗျ မှတ်မှတ်ရရ ကျနော်တို့ ပြဿနာတက်ကြတဲ့ ညနေခင်းတစ်ခုမှာလည်း ဒီလှေကားက ဇာတ်ကောင်တစ်ခုပဲ။ အကြောင်းတစ်ခုကြောင့် ကျနော်စိတ်ဆိုးပြီး အဲ့လှေကားကနေ ဘောက်ဆတ်ဆတ် ဆင်းသွားမိတယ်။ သူ့ကိုလည်း ပြန်လှည့်မကြည့်တော့ဘူး။ ဒါပေမယ့် လှေကားကနေ လမ်းပေါ်ကို မတက်ခင်မှာတော့ သူ့ကို ကျနော် စောင့်ဖြစ်အောင် စောင့်ခဲ့ပါတယ်။ ချစ်သူကတော့ ကျနော့ကို စိတ်ဆိုးသွားရှာတယ်။ ပုံမှန် ဒီလှေကားကို နှစ်ယောက်အတူ ဆင်းနေကြ။ အခုလို ထားခဲ့ရက်တယ်ဆိုပြီးတော့ပေါ့။ လှေကားက ကျနော်တို့ကြားမှာ အဓိကဇာတ်ကောင်ကြီးတစ်ခု ဖြစ်နေတော့တာပါလား။

လူတွေက ဓါတ်လှေကားကိုပဲ အသုံးများကြတာကိုး။ လှေကားလေးမှာ နူးညံ့တဲ့ချစ်ခင်ခြင်းတွေ၊ ကြင်နာယုယမှုတွေ ဖန်ဆင်းလို့ရတယ်ဆိုတာ သိပ်မသိကြသေးဘူးထင်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ ချစ်သူနှစ်ဦးအတွက် ချစ်စရာကောင်းတဲ့ အချိန်လေးတွေ ဒီလှေကား ဖန်ဆင်းပေးခဲ့နိုင်တာပေါ့။

ကျနော့ရဲ့ချစ်ခြင်းတွေ သတိရခြင်းတွေကိုလည်း ဒီလှေကားက သက်သေပြုပေးနိုင်မယ်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုတစ်နေ့ညနေက သူကလည်း ဖုံးမဆက်ဖြစ်ပါဘူး ဒါပေမယ့် လျှောက်နေကျခြေထောက်တွေနဲ့ လှေကားကို ပြေးတက်မိတယ်။ သုံးဆင့်လောက်လွန်လာမှ ဘာဖြစ်လို့ ဓါတ်လှေကား မသုံးမိပါလိမ့်ဆိုတာ ကျနော် စဉ်းစားမိပြီး အော်ရီမိတော့တယ်။ စိတ်ထဲမှာ အကျင့်ပါ နေတော့တာကိုး။

ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ မနက်ခင်းရုံးသွားတိုင်းမှာ ကျနော့ မျက်နှာတစ်ဝိုက်က လေးတိုးတယ်ချည်း စိတ်စွဲနေမိတယ်။ လှေကားကအဆင်းမှာ တစ်ခါတစ်ခါ ရပ်စောင့်နေမိတတ်တာမို့။ ရော်…လို့ ရေရွတ်ရင်း ဆင်းဖို့ သတိထားမိတာ အကြိမ်ကြိမ်ရှိပါပြီ။

အဲဒီတော့ ချစ်သူနဲ့အတူ ဆင်းဖြစ်တဲ့ အကြိမ်တိုင်း ဒီလှေကားကို ရှည်လျားလေကွယ်လို့ ကျနော် ဆုတောင်းရင် ကျနော့အပြစ်မဟုတ်လောက်ပါဘူးနော်။…………………

11 October 2009

အချစ်ဦးမို့…….


လူတိုင်းလူတိုင်း အချစ်ဦးဆိုတာ ရှိတတ်ကြမှာပါပဲ။ အချစ်ဦးဆိုတာ ဘာလဲ ဘယ်လိုလဲ ဖြေရှင်းစရာလိုမယ်မထင်ပါဘူး။ လူတစ်ယောက်ကတော့ ပြောဖူးတယ် အဲ့ဒီလူဟာ သူ့အချစ်ဦးပါတဲ့ အဲ့လူက လမ်းခွဲခဲ့တာတောင် သူအဆက်အသွယ်မဖြတ်နိုင်ဘူးတဲ့။ ဒါဆို ခင်ဗျားတို့ကော… ကျနော့ကိုယ်ကျနော်လည်း မေးနေမိပါတယ်……………


ဒီရက်ပိုင်းအတွင်းမှာ ရုပ်ရှင်တစ်ခုကို ကြည့်မိလိုက်တယ်။ ဇာတ်ကားအဟောင်းတစ်ခုပါပဲ။ စုထားတဲ့ ဇာတ်ကားထုပ်တွေ ဖုန်မတက်ခင်တစ်ချက်ဝင်ကြည့်ဖြစ်လိုက်တာ။ သုံးဆယ်ကျော်မိန်းမတစ်ယောက်နဲ့ ဆယ်ငါ့းနှစ်အရွယ် ကောင်လေး တစ်ယောက်ရဲ့ အကြောင်းပေါ့။ ဒါရိုက်တာ ပြချင်တဲ့အကြောင်းအရာက တစ်ခုခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော့ရင်ထဲ ရောက်လာတာ အဲ့ဒီ အချစ်ဦးဆိုတဲ့ အကြောင်းအရာလေးဖြစ်နေလို့ပါ။

အတွေ့အကြုံမရှိသေးတဲ့ ဆယ့်ငါးနှစ်အရွယ်ကောင်လေးတစ်ယောက် အတွက် ဒီလိုကိုယ်ခန္ဓာချင်း ရင်းနှီးတဲ့ ချစ်ခြင်းဆိုတာ ဘယ်လောက်များရူးသွပ်စေလိုက်မလဲ။ အဲ့ဒီမိန်းမတစ်ယောက်အနားကကို ခွာနိုင်မယ်မထင်ဘူး။ ဒါကြောင့်လည်း သူမက သူ့အတွက် အချစ်ဦးဖြစ်ခဲ့မှာပါပဲ။

ဒီအကြောင်းအရာကိုပဲ တွေးတောနေတတ်တဲ့ ကောင်လေးကို ထိန်းသိမ်းတဲ့ သူမရဲ့ ပညာကိုလည်း လေးစားမိတယ်။ သူမအတွက် စာဖတ်ကိုပြမှ သူလိုချင်တဲ့အရာ ရမယ်တဲ့လေ။ ကိုယ်တိုင်ဖတ်လို့ရရဲ့သားနဲ့ လို့ပြောတော့ ဟင့်အင်း မင်းဖတ်ပြတာ နားထောင်ချင်တာပါ ဆိုတဲ့ သူမပုံစံကို အတွေးထဲက မထွက်ဘူး။ ဒီလိုနဲ့ သူဖတ်ပြတဲ့ စာအုပ်တွေက နည်းမှ မနည်းတော့ပဲ။

သူစုဆောင်းထားတဲ့ တံဆိပ်ခေါင်းလေးတွေ ရောင်းပြီးတော့ ခရီးအတူထွက်ကြတယ်။ သူတို့နှစ်ယောက်လုံးပျော်ရွှင်ခဲ့ကြပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းတွေကြောင့် သူမတို့ နှစ်ယောက်ခွဲခွာကြရပြန်တယ်။ အချိန်တန်တော့ လူဆိုတာ ခွဲခွာရစမြဲပဲလေ။ သူမက သူ့ကို လုံးဝအသိမပေးခဲ့ဘူး။ သူဘယ်လောက်ခံစားလိုက်ရမလဲ။ သူမဟာ သူ့အတွက် အချစ်ဦးလေ။ ဘယ်လောက်ထိ ငိုကြွေးလိုက်မလဲ။ ဘယ်လောက် စိတ်ထိခိုက်လိုက်မလဲ။ ကျနော်ဆိုရင်ကော ခံနိုင်ရည် ရှိပါ့မလား။ တွေးရင်းတောင် တစ်ကိုယ်လုံး ပျော့ခွေချင်လာမိတယ်။

နောက်တော့ သူက ဥပဒေကိုသင်ယူလေ့လာတယ်။ သူတို့ လေ့လာတဲ့ အမှုတစ်ခုမှာ သူမနဲ့ ပြန်လည် ဆုံတွေ့ခဲ့ရတယ်။ ရင်နာစရာကောင်းတာက သူမက တရားခံလိုနေရာကပါ။ စစ်အတွင်းက အမှုကို ပြန်လည်ကြားနာ စစ်ဆေးတဲ့အမှုပေါ့။ သူမ စာမတတ်ဖူးဆိုတာ ဝန်ခံလိုက်ရင် အမှု ကလွတ်နိုင်ရက်နဲ့ သူမ တစ်သက်လုံး လျှို့ဝှက်လာခဲ့တာနဲ့အတူ သူမကို သူမ မြေမြုပ်ပစ်ခဲ့တယ်။ သူမ ထောင်ကျခဲ့တယ်။

သူမကို သွားတွေ့ဖို့ ကြိုးစားရင်း သူဘာကြောင့် နောက်ပြန်ဆုတ်ခဲ့ရတာလဲ ကျနော်နားမလည်ခဲ့ဖူး။ သူမ ထောင်ထဲရောက်တော့ သူ စာအုပ်တွေကို ဖတ်ပြီး အသံသွင်းပေးခဲ့တယ်။ ပြီးတော့ သူမကို ပုံမှန် ပို့ပေးခဲ့တာ။ သူ့အတွက် ချစ်ဦးသူဆိုတာ တကယ့်ကို လေးနက်လွန်းပါလား။ ပေါ့ပျက်ပျက် အချစ်တွေ နဲ့ စာရင် သူ့အချစ်တွေကို မြင်ရတာ တကယ့်ကို ကြက်သီးထမိတယ်။

နောက်တော့ သူမရဲ့ သင်ယူခြင်း။ တိတ်ခွေတွေကို ဖွင့် စာအုပ်တွေမှာ စာလုံးတွေကို ခဲတံနဲ့ဝိုင်း။ ပြီးတော့ စကားလုံးကို မှတ်ရင်း စာတွေတတ်မြောက်လာခဲ့တယ်။ သူမ ပထမဆုံးရေးတဲ့စာက သူ့ကို ကျေးဇူးတင်တဲ့အကြောင်းလေးပါပဲ။ နောက်တစ်ခေါက် တိတ်တွေလာပို့တော့ သူမအတွက် စာများ ပါလာမလားဆိုတဲ့ စိတ်ကလေးကို မြင်လိုက်ရတာ စိတ်မကောင်းဖြစ်သွားမိတယ်။ ချစ်သူ ခင်သူ တစ်ယောက်ဆီက ကိုယ့်ကို ဆက်သွယ်ဖို့ စောင့်ရတာ သိပ်ပင်ပန်းလွန်းတယ်။ နောက်တော့ သူ့ကို အချစ်ဇာတ်လမ်းလေးတွေ ပို့ပေးဖို့ နောက်တစ်စောင်ပေးပြန်တယ်။ သူမ စာတွေ ဖတ်တတ်ရေးတတ်လာပြီလေ။

သူမလွတ်မြောက်ခါနီးတော့ သူမဆီကို တစ်ဦးတည်းသောဆက်သွယ်သူ သူ့ဆီကို ထောင်က ဖုံးဆက်လာပါတယ်။ သူမလွတ်မြောက်ရင် နေရေးထိုင်ရေး အလုပ်အကိုင် စီစဉ်ပေးဖို့ပါ။ သူမနဲ့တွေ့ဆုံဖို့ သူ ချီတုံချတုံ ဖြစ်နေခဲ့ပုံပါ။ အဲ့အချိန်မှာ သူလက်ထပ်ပြီး သမီးတစ်ယောက်အဖေ ဖြစ်နေခဲ့ပြီလေ။

Kid လို့ခေါ်လိုက်တာလေးကို နှစ်ခြိုက်သဘောကျဖြစ်မိသေးတယ်။ တကယ်တော့ သူမအတွက် သူက ပီဘိကလေးလေးလေ။ သူမအတွက် သူဘာတွေ လုပ်ထားတယ် သူမကို သူလာကြိုမယ်ဆိုတာကို ပြောပြီးအပြန် သစ်ပင်နားမှာ သူငိုတော့ ကိုယ်လည်း ငိုချင်လာမိတယ်။

သူမလွတ်မြောက်မယ့် ရက်မှာ သူလာကြိုပေမယ့် သူမကို မကြိုနိုင်တော့ပါဘူး။ အကြိုထောက်သူ နှောင့်ပူဗျာဝေရပြီ။ သူမ တစ်ခြားလမ်းတစ်ခုကို ရွေးချယ်ခဲ့ပြီ။ သူ့အတွက် ဟလို ဆိုတဲ့စကားလေးကလွဲရင် ဘာမှ မထားခဲ့ပါဘူး။ ဒါပေမယ့် သူဖတ်ပြလေ့ရှိတဲ့ စာအုပ်လေးထဲက စာကိုတော့ ကိုယ်တိုင်ရေးပြီး နံရံမှာကပ်ထားခဲ့ပါတယ်။ ငိုကြွေးနေရုံပေါ့ kid ရယ် သူကခွဲသွားရက်ပြီပဲ…………………

ချစ်ဦးသူဆိုတဲ့ စကားလုံးရဲ့နောက်ကို ဒီရုပ်ရှင်နဲ့အတူ လိုက်မိသွားတယ်။ ကိုယ့်အတွက် ခံစားချက်တစ်ခုနဲ့အတူ သူရဲ့ အချစ်ကို ချီးကျူးမိတယ်။ သူမရဲ့ ကြိုးစားမှုကို မြင်ယောင်မိတယ်။ တကယ်တမ်းတော့လည်း…………….

08 October 2009

ရုပ်သေးရုပ်

ခြေကိုဆွဲတော့ ခြေကြွသတဲ့
လက်ကိုမတော့ လက်ကြွပြန်ရော
ခါးကိုယိမ်းတော့ ဘယ်ညာတိမ်း
ဇတ်ခနဲ မတ်တပ်ထပြန်တော့
ကြိုးတွေကို လျှောအချ
ဟော…ပြန်ကျပါလေရော

ငုတ်တုတ်ရယ် အကျ
ငိုလိုက်မ(မယ်)ဟ လို့
မျက်လွှာအချ
ဟားတိုက်ကာရယ်မောဖို့
ပါးကြောကိုဆွဲ
သွားကိုဖြဲလို့
တစ်အားကို ရယ်ခဲ့ရပြန်တယ်

မောမောနဲ့နားမဟဲ့
အားခဲကာ မာန်တင်းပြန်တော့
ချစ်ခြင်းချည် ဒီကြိုးတွေနဲ့
နေ၀င် မိုးချုပ်
တစ်ထုပ်ပြီး တစ်ထုပ်
ကနေရတဲ့

ငါဟာ ရုပ်သေးရုပ်။

06 October 2009

ခမ်းခြောက်လာတဲ့မြစ်

မြစ်ပြင်ကျယ်
ထိုတစ်စင်း
စီးနေရင်းနဲ့

နေမင်းရယ် ပူလေသလား
မိုးရယ် ခေါင်လို့လား
ရေကြောင်းရယ် မတည့်တဲ့နောက်
ဖြောင့်ဖြောင့်ရယ် မစီးချင်တော့

ဟိုဝင်လို့ သည်ယိမ်းနွဲ့
တိမ်းဖယ်လို့ မြစ်ပြင်ကျယ်
ရွှေဘုတ်ကယ်အိုးအီတုန်းက
မေ့ခက်လေတယ်

ဒိုက်ပင်တွေမျောလွန်းတယ်
ဆယ်ပါလေ သူမကြား
ကြမ်းတိမ်လို့
ရေမသွားတော့မှ
ခမ်းခြောက်လေအားရက်တယ်လို့
ပြစ်တင်လေနဲ့......

05 October 2009

မြင်ကွင်းတစ်ခု ခံစားမှု


တောင်ဖက်နဲ့မြောက်ဖက်လား

ရှေ့ဖက်နဲ့နောက်ဖက်လား

အောက်ဖက်နဲ့အပေါ်လား

ဆက်စပ်ကယ်ထား

တောင်လားလို့ မြောက်ရွှေ့

ရှေ့များတော့ နောက်ရွေ့

အောက်သွားတော့ အပေါ်ဆင်း

ဘယ်ဒင်းရယ် ဘယ်လောက်ထိ

တောင့်မယ် မသိ...............