02 April 2009

ရင်ထဲကြွင်းကျန်ရစ်လေသော ပိတောက်နှစ်ပင်

လေထဲမှာ ရနံ့တွေ ရနေသလိုလိုပါလား။ ဒီအချိန်ဒီကာလဆို သူတို့တွေကို သတိရတတ်တယ်။ အရိပ်တကြည့်ကြည့် နေမိတတ်တာကိုး။ အစိမ်းရောင် အရွက်ဖားဖားတွေကြားက ပြူထွက်စ အဖူးလေးတွေ ရှိမရှိကြည့်နေတတ်တယ်။ မနက်တိုင်းမှာ ရွှေဝါရောင် အပွင့်တွေနဲ့ အစိမ်းရောင်တွေ ပျောက်လုနီးပါး ဖြစ်မဖြစ်ကို စောင့်ကြည့်နေကြလေ။ အခုတော့………….

ကျနော်တို့ အိမ်မှာ ပိတောက်ပင်နှစ်ပင်ရှိခဲ့တယ်။ အင်း..ရှိခဲ့ဖူးတယ်ဆိုပိုမှန်ပါလိမ့်မယ်။ အဲဒီပိတောက်ပင် နှစ်ပင်က ကျနော်တို့ ညီအစ်ကိုနှစ်ယောက်စိုက်ခဲ့ဖူးတာပါ။ သင်္ကြန်ရက်လည်ရင်း ဇောတိကကျောင်းဖက်အရောက် ဆရာတော်က ပိတောက်ကိုင်းတွေ ဝေနေတာနဲ့ အိမ်မှာစိုက်ဖို့ တောင်းလာခဲ့ကြတာ။ ဇောတိကကျောင်းတိုက်က ပိတောက်မျိုးက သိပ်လှတယ်လေ။ ရွှေဝါရောင် အဆုပ်လိုက် အခဲလိုက်ပွင့်တဲ့ ပိတောက်တွေ။ အိမ်ရှေ့အိမ်မှာ တစ်ကိုင်း အိမ်နောက်အိမ်မှာ တစ်ကိုင်းပေါ့။ အနောက်အိမ်က တစ်ခြားလူတွေကို ငှားထားခဲ့တာ။ ခြံစည်းရိုးနားကပ်ပြီး အနောက်အိမ်က ကိုမိုးနဲ့ပူပေါင်း စိုက်ခဲ့ကြတာပေါ့။

တဖြည်းဖြည်း အပင်ကြီးလာတော့ ပိတောက်ပင်တွေရဲ့ အောက်မှာ အရိပ်ခို ဆော့ကစားမြဲ။ မိသားစုစကားဝိုင်းတွေကလည်း ပိတောက်ပင် ခြေရင်းမှာပေါ့။ အပွင့်တွေ ပထမဆုံး စပွင့်တော့ သိပ်အများကြီး မပွင့်ခဲ့ဘူး။ ဘုရားတင်ရင်း အိမ်က အဖွားနဲ့ အဒေါ်တွေ တခုတ်တရ ပန်ကြတာပေါ့။ အိမ်နားနီးချင်းတွေလည်း နည်းနည်း ပါးပါး ဝေခဲ့ပါသေးတယ်။ ပိတောက်ပန်းသိပ်ကြိုက်တဲ့ ကျနော့ ငယ်သူငယ်ချင်းကတော့ အပွင့်ကြွေတွေပါကောက်ပြီး သီပန်တာဗျ။ ပြောလို့ပြောတာမဟုတ်ဘူး အိမ်ရှေ့ မြေပြင်မှာ ပိတောက်တွေ ကြွေနေရင် သိပ်လှတာ။ ကဗျာဆန်တယ်လို့ထင်မိတယ်။ သူငယ်ချင်းကတော့ နင်သိပ်စိတ်ကူးယဉ်တာပဲဆိုပြီး မကောက်ဖို့တားနေတဲ့ကြားက ဇွတ်ကောက်တော့တာပါပဲ။

ကျနော့ အဖွားကတော့ ပိတောက်ပွင့်တဲ့ မနက်ခင်းဆို ရေမိုးချိုး သနပ်ခါးခြေဆုံးခေါင်းဆုံး အကျအနလိမ်း ပြီတော့ တစ်ခေါင်းလုံးဝေနေအောင် ပိတောက်တွေပန် “ပန်းပန်ရင် နန်းဆန်တယ်တော့ မယ်ကျော့ကုသိုလ် ကျော့ကုသိုလ်ရှင့်” ဆိုပြီး တပြုံးပြုံးနေတော့တာ။

ပထမဆုံးခွဲခဲ့ရတဲ့အပင်က အိမ်ရှေ့က အပင်။ အိမ်ကစီးပွားရေးကျားကန်ဖို့ အိမ်ရှေ့မြေကွက်လပ်ကို ပွဲရုံတစ်ခုအဖြစ် ဖန်တီးခဲ့ရတယ်။ အိမ်ရှေ့မြေကွက်လပ်က ကျနော်တို့ ပိတောက်ပင်လေးကိုတော့ မြေလှန်ပစ်ခဲ့ရတော့တာပေါ့။ အိမ်ရှေ့မြေကွက်လပ်မှာ ခြေချတိုင်း ပိတောက်ပင်လေးရှိနေသေးတယ် ထင်နေတုန်းတဲ့လေ။

အဖွားဆုံးပြီးနောက်တစ်နှစ်မှာတော့ အမွေတွေ ခွဲဝေပေးဖို့ အနောက်ဖက်အိမ်ကို ရောင်းခဲ့ရပြန်တယ်။ အိမ်ပိုင်ရှင်အသစ်က မြေမချန်ပဲ အိမ်အသစ်ဆောက်ပစ်ခဲ့တာဆိုတော့ ခြံစည်းရိုးနားကပ်ပြီး မြင်နေရသေးတဲ့ နောက်ဆုံးပိတောက်ပင်လေးလဲ မရှိရှာတော့ဘူးပေါ့။

တစ်ခုတော့ စဉ်းစားမိတယ်။ ပိတောက်ပွင့်ချိန်ရောက်ရင် ပိတောက်ပန်းတွေခူး အကိုင်းတွေချိုးဖဲ့။ အပင်လေးခမျာ အကိုင်းမဲ့ အရွက်မဲ့ ကျန်ရစ်ခဲ့ပြန်တယ်။ ဒါပေမယ့် နောက်တစ်နှစ်ရောက်ပြန်တော့ အကိုင်းခက်အရွက်ဝေလျက် ရဲဝံ့စွာ ပွင့်နေပြန်ရော။ ချိုးဖဲ့သွားလည်း အမုန်းမဖက် ပြုံးလျက်ပြန်ပွင့်ဝေနိုင်တယ်နော်။ ပိတောက်ပင်တွေလို ပြုံးလျက်ပြန်ပွင့်နိုင်ဖို့ ကျနော်တော်တော်ကြိုးစားရပါလိမ့်မယ်။ ခက်ခဲဘိချင်းနော်။

သင်္ကြန်ရက်နီးပြီဆိုတော့ ဖက်ဆွတ်ရုံကျမယ့်မိုးကို စောင့်ပြီး ပိတောက်တွေပွင့်ကြတော့မယ်။ ကျနော်ကတော့ ရင်ထဲမှာ ကြွင်းကျန်ရစ်လေတဲ့ ပိတောက်ပင်အောက်မှာထိုင်စဉ်တုန်းက ရေဒီယိုကလာတတ်တဲ့ “ တစ်မြို့စီခြားပေမယ့် ငယ်ကချစ်သူ သူ့ကိုသာလေ ကျန်းမာတော်မူပါစ လေလှိုင်းကြားက ခွန်းဆင့်ပါရဲ့ ဆွေ ချစ်သူမောင်ရေ…..” ဆိုတဲ့ သီချင်းလေးကို ကြားယောင်ရင်း လွမ်းစိတ်တွေဝေ နေမိတော့တယ်..