12 April 2019

ငါးမြို့တည်ရာ ချင်းဂွေ့မှာ

ခရီးကို စီစဉ်တဲ့အခါ သူငယ်ချင်း သွားချင်တဲ့နေရာ၊ ကျနော်သွားချင်တဲ့ နေရာတွေအပြင် တခြား ဓါတ်ပုံရိုက်လို့ကောင်း သဘာဝအလှတွေရှိတဲ့နေရာတွေကို အမြဲ ထည့်သွင်းစဉ်းစားပါတယ်။ ဓါတ်ပုံတွေမှာ ခဏခဏမြင်နေရတဲ့ ဒီချင်းဂွေ့က ခရီးမှာတော့ မပါပါအောင် ထည့်ဆွဲခဲ့တာပေါ့....

မြို့ငါးမြို့ကို ပင်လယ် ကမ်းစပ်တလျှောက် တောင်စောင်းတွေမှာ တည်ထားတဲ့ ဒီချင်းဂွေ့ဟာ ဓါတ်ပုံဆရာတွေရဲ့ အကြိုက်ပါပဲ။ ပီဇာကနေ ရထားနှစ်ဆင့်စီးပြီးလာရပါတယ်။ ရထားပြောင်းတဲ့ နေရာမှာ ခရီးဆောင်အိတ်တွေကို အပ်ခဲ့မယ် တညအိပ်စာ လုံလောက်တဲ့ အသုံးအဆောင် အဝတ်အစားပဲ ယူလာဖို့ မနေ့ညကတည်းက စီစဉ်ထားတယ်။ အိတ်တွေအပ်ပြီးတာနဲ့ ချင်းဂွေ့ကိုသွားမယ့် ရထားကို ထပ်စီးကြတယ်။

တည်းမယ့်နေရာ Manarola ကိုရွေးထားတာမို့ သူ့ရဲ့ဘူတာမှာ ဆင်းတယ်။ ဟိုတယ်ကတော့ အချိန်စောသေးတဲ့အတွက် အထုတ်တွေထားခဲ့ပြီး ပြန်ထွက်လာကြတယ်။ မိုးတွေမှောင်လေလည်းထန်နေတာကြောင့် ဟိုတယ်ကထီးရယ် ဟိုတယ်နားက ဆိုင်မှာ မိုးစိုခံအိတ်၊ မိုးကာအပါးစတွေ ဝယ်ခဲ့ကြသေးတယ်။

ဘူတာပြန်ရောက်လာတော့ ချင်းဂွေ့တရက်စာ ကဒ်ဝယ်တယ်။ ချင်းဂွေ့ထဲမှာ သွားလာဖို့ ၊ တောင်တက်လမ်းဝင်ခွင့်၊ ဝိုင်ဖိုင်၊ သန့်စင်ခန်းအသုံးပြုခွင့်က ဒီတကဒ်ထဲမှာပါတယ်။ လက်မှတ်ကိုယ်စီဝယ်ပြီး ရထားစောင့်ကြတယ်။ ရထားစောင့်နေတုန်း ကမ်းပါးတွေကို လှိုင်းတွေ လာဆောင့်နေတာမြင်နေရတယ်။


ပထမဆုံးဝင်တဲ့ မြို့ကတော့ Corniglia ပါ။ ဘူတာကနေ ကားတဆင့်စီးရတဲ့မြို့ပါ။ ကားပေါ်မှာလည်း ဝိုင်ဖိုင်ရသတဲ့။ မြို့ကျဉ်းကျဉ်းလေးဆိုတော့ မိနစ်နှစ်ဆယ်မကြာဘူး တမြို့လုံးလည်ပြီးသွားပြီ။ ဒီမြို့က တောင်တက်လမ်းဖွင့်ပေးထားတာကြောင့် တက်မယ်လို့ တိုင်ပင်ကြတယ်။ တကယ်တမ်း အစအဆုံးသွားဖို့ အခြေအနေမပေးဘူး။ နာရီဝက်လောက်အထိ တက်မယ် ပြီးတာနဲ့ပြန်ဆင်းလာကြဖို့ပဲ။ မိုးကလည်း မှောင်သွားလိုက် လင်းလာလိုက်ပဲ...








တောင်တက်လမ်း အဝင်ဝမှာတင် Olive ပင်တွေတန်းစီးနေတယ်။ အသီးစားဖူးတယ် ရှိအောင် ခူးစားကြည့်တော့ သက်တဲ့ အရသာအပြင် တခြား ဘာမှရှိမနေဘူး။ မိုးနည်းနည်း ကျထားတာကြောင့် လမ်းတချို့မြေနေရာတွေက ချော်နေခဲ့တယ်။ သတိထားပြီးသွားနေရတော့ ခရီးကမတွင်ဘူး။ မြို့ကို ရှုခင်းကောင်းကောင်း မြင်ရတဲ့ နေရာကနေ ဓါတ်ပုံရိုက်တယ်။ အလင်းသိပ်မရတာကြောင့် စိတ်တိုင်းမကျပါဘူး။ ပင်လယ်ကို မြင်ရတဲ့ အစွန်းတခုမှာ ခြေထောက်ချပြီး ဓါတ်ပုံရိုက်တယ်။ မိုးနည်းနည်း ပြန်ကျလာတာနဲ့ နောက်ကြောင်း ပြန်လှည့်လာကြတယ်။ ဘူတာဆင်းဖို့ ကားစောင့်နေရင်း လိမ္မော်သီးနဲ့ စပျစ်သီးဝယ်ကြတယ်။ သိပ်စားကောင်းတဲ့ စပျစ်သီးဆိုတာ နောက်မှ သိပြီး ဝယ်လာတာ နည်းလိုက်တာလို့ နှောင်းနောင်တတွေရလို့.....



နောက်တမြို့အဖြစ် Vernazza ကိုဝင်တယ်။ ဘူတာက ဆင်းတာနဲ့ မိုးကကြိုနှင့်တယ်။ အနားက စားသောက်ဆိုင်မှာ မိုးခိုရင်း နေ့လည်စာစားဖြစ်တယ်။ မိုးနည်းနည်းစဲတာနဲ့ ကမ်းခြေကို ဆင်းကြတယ်။ လမ်းတဝက်မှာ ရေခဲမုန့်ဆိုင်တွေ့တော့ ဝယ်စားဖြစ်ပြန်ရော။ ကျောက်ဆောင်တွေဟာ ဒီမြို့ရဲ့ အသက်ပဲ။ တော်တော်လေးကို လှတယ်။ လှိုင်းတွေကလည်း အားပြင်းပြင်းနဲ့ ပုတ်နေတယ်။ မိုးပြန်ရွာလာတာနဲ့ ဘူတာကို ပြန်လာကြတယ်။





တတိယမြို့ကိုတော့ Monterosso ကိုဆက်သွားတယ်။ ချင်းဂွေ့ငါးမြို့မှာ ကမ်းခြေသဲသောင်ကျယ်ပြီး ရေကူးလို့ရတာကြောင့် Resort တွေ တော်တော်များများရှိတဲ့ မြို့ပေါ့။ ဘူတာက ဆင်းတာနဲ့ ကမ်းခြေပဲ။ ကမ်းခြေကို တန်းဆင်းပြီး ဓါတ်ပုံရိုက်တယ်။ ပင်လယ်ထဲ ထိုးထွက်နေတဲ့ ကျောက်ဆောင်ပေါ်ကိုတက်တယ်။ ကျောက်ဆောင်ကနေ မြို့ကိုလှမ်းပြီး ဓါတ်ပုံရိုက်တယ်။ ရေကူးနေကြတဲ့ မိသားစုတွေကိုတွေ့တော့ ရေတောင်ကူးချင်လာမိသေးတယ်။ ဒါပေမယ့် ခရီးဆက်ရဦးမယ် မဟုတ်လား ...မိုးက တခါ ပြန်ကျလာတော့ ကျောက်ဆောင်ကနေ ဖြည်းဖြည်းချင်း ပြန်ဆင်းလာကြတယ်။

Monterosso ကနေ Levanto အထိ စီးသွားပြီးမှ နောက်ပြန် ပြန်စီးလာတယ်။ ဒီတခါ Riomaggiore ဆိုတဲ ပထမဆုံးဘူတာကို ပြန်တယ်။ တနေကုန်သွားလာတာဆိုတော့ ဒီမြို့ရောက်တော့ ဖလက်ပြချင်နေပြီ။ ဘူတာနောက်ဖက် ကုန်းပေါ်ကနေတက်ရင်း လှေခါးထစ်တွေတွေ့တော့ နောက်ပြန်လှည့်ချင်သွားမိတယ်။ ရှေ့က ကုန်းတွေကြားမှာ လှေခါးထစ်တွေလေ...





ပေါက်တဲ့နဖူး မထူးဘူးဆိုပြီး တဖြည်းဖြည်းဆက်လျှောက်လာတယ်။ ပင်လယ်ထဲကိုဆင်းသွားဟန်ရှိတဲ့ လှေခါးထစ်တွေ မြင်တော့ ပင်ပန်းတာကို မေ့သွားပြန်ရော။ လူ့စိတ်ဆိုတာ အဆန်းတကြယ်နော်. ဒီမြို့က Blue hour ကို ဖမ်းဖို့လာတာပါ။ တကယ်တမ်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာတော့ မှောင်ရီနေတဲ့ ကောင်းကင်ပဲ။ ရသလောက်တော့ အလျှော့ဘယ်ပေးမလဲ. မည်းမည်းမြင်တာ အကုန်ရိုက်ဆိုတဲ့ ဓါတ်ဆရာလေ...

တည်းမယ့် မြို့မှာ နေဝင်ချိန် ဖမ်းမယ်ဆိုပြီး ပြန်လာတာ ရထားမှားစီးပြီး Levanto ထိ ပါသွားပြန်တယ်။ ချမ်းကလည်း ချမ်းနေပြီ အိပ်ကလည်းငိုက်ဆိုပါတော့။ Manroala ကိုရောက်တော့ View Point ကိုရောက်အောင်သွားသေးတယ်။ ကိုယ်လို လူတွေ အများကြီးဆိုတော့ အားတောင်တက်မိတယ်။ တကယ်တမ်း ရာသီဥတုက ကိုယ်ဖက်မှာ မရှိခဲ့။ ကောင်းကင်ကြီးက မည်းလို့ နေတောင် မမြင်လိုက်ရ။ မိုးတွေသည်းလေတွေထန်ဆိုတော့ မတတ်သာလို့ခပ်မြန်မြန်လေး ပြန်ကြရတယ်.

ဟိုတယ်က စိတ်ကြိုက်ရွေးထားတာမို့ အပြင်အဆင် အရောင်အသွေးနဲ့တင် ကျေနပ်နေတယ်။ သွေးသိပ်မအေးခင် ကင်မရာတွေ ထားပြီး ညစာစား ပြန်ထွက်တယ်။ ဆိုင်အတော်များများပိတ်နေပြီ။ မိုးလည်းလုံ အအေးလည်း သက်သာမယ့် ဆိုင်ကိုရွေးတယ်။ ငါးကို ခရမ်းသီးနဲ့ ချိစ်နဲ့ ချက်ထားတာ အတော်လေး စားကောင်းပါတယ်။

အခန်းကို ပြန်ရောက်တာနဲ့ ရေမိုးချိုး၊ ပေးထားတဲ့ ဆပ်ပြာရေအနံ့လေးနဲ့ကို တသ သဖြစ်နေခဲ့တယ်။ အပြင်မှာ လေရောမိုးရော ပြင်းထန်လို့၊ တရွှီရွှီတိုက်နေတဲ့ လေကို နားထောင်ရင် အိပ်ပျော်သွားတော့တယ်။

မနက် နေမထွက်ခင် နှိုးစက်ပေးထားတာမို့ စောစောနိုးတယ်။ ညကလွတ်သွားတဲ့ ရှုခင်းကို အရယူဖို့ပဲ။ ကိုယ်လို ဝါသနာကြီးသူ အရူးထသူတွေ တွေ့တော့ စိတ်ထဲက ကြိတ်ရီမိသွားတယ်။ မင်းတယောက်တည်း မဟုတ်ဘူးပဲလို့....နေတက်လာပေမယ့် တိမ်တွေကြောင့် နေလုံးကိုမမြင်လိုက်ရပါဘူး။

ဟိုတယ်ပြန်ပြီး မနက်စာစားကြတယ်။ ညကမထွက်ဖြစ်ရတဲ့ ဝရန်တာက လိမ္မော်ပင်အောက်မှာ ကဗျာဆရာရဲ့ ကဗျာကိုသွားသတိရမိစေခဲ့တယ်။ အိမ်ချက်လေးတွေ သေချာစီစဉ်ပေးထားတာမို့ စားမြိန်ကြတယ်။ ဖျော်ရည်ကအစ ကော်ဖီအဆုံး ဟိုတယ်ပိုင်ရှင်က သေချာ လုပ်ပေးတယ်။ တညတည်းတည်းမိတာ နောင်တရမိစေတဲ့ ဝန်ဆောင်မှုမျိုးကို ပေးတာပါ။

ပြီးတာနဲ့ ချင်းဂွေ့ကနေ ဖီရန့်ဇေကို ပြန်မယ်။ ဖီရန့်ဇေကနေ တော့စကားနားနယ်မြေထဲကို တိုးပြီးထပ်ဝင်ကြမယ်။ စိတ်ကူးတွေယဉ်ခဲ့ကြတဲ့ နွေဦးပေါက် တော့စကားနားဟာ လက်တကမ်းပဲ လိုတော့တာပါကလား.....

No comments: