အာရှကို ခရီးသွားရှာဖွေ နယ်မြေချဲ့ထွင်ခဲ့တဲ့ မာကိုပိုလို ကိုလက်စားချေဖို့ ဆိုတာ အတော်လေး လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာပြည်အထိ နယ်မြေချဲ့ထွင်ခဲ့တဲ့ သူ့ရဲ့မွေးရပ်မြေကို ပြန်ပြီး လည်ပတ်ဖို့ဆိုတဲ့ စိတ်ကူးက တော်တော်နဲ့ မရခဲ့ပါဘူး။ သမိုင်းမှာ သင်ခဲ့ရတဲ့ မာကိုပိုလိုအကြောင်းကတော့ ငယ်ငယ်ကတည်းက စိတ်ထဲမှာ ရှိနေခဲ့တာ အမှန်ပါ။
အရှေ့တိုင်းကိုပဲ ခရီးသွားရင်း အရှေ့တိုင်းမှာပဲ သွားချင်တဲ့နေရာတွေ ထပ်ထပ်တိုးလာ လောဘက အတောမသပ်ဖြစ်နေခဲ့ပါတယ်။ အနောက်ဖက်ကို သွားဖို့တော့ ဗီဇာ၊ လေယာဉ်စရိတ်၊ ကုန်ကျစရိတ်တွေအတွက် တွေးရင်း မစီစဉ်ဖြစ်အောင် အမြဲပဲ နောက်တွန့်နေခဲ့တာ။ ဒီနှစ်ပိုင်းတော့ အသိတွေထဲ ရုတ်တရက် နေမကောင်းဆုံးပါး၊ ကိုယ်တိုင်လည်း ကျန်းမာရေးက ငယ်ငယ်တုန်းကလို မကောင်းသလိုလို ဖြစ်လာတဲ့အခါ အနောက်ဖက်ကို ခရီးသွားဖို့ စပြီး စဉ်းစားလာကြတယ်။ အနောက်ဖက်ကို ဝေးဝေးလံလံသွားမယ်ဆိုတော့ ဘယ်ကို သွားမလဲ တိုင်ပင်ကြတဲ့အခါ မာကိုပိုလိုကို လက်စားချေဖို့ ဖြစ်လာခဲ့ပါတယ်။
ခရီးစဉ်၊လေယာဉ်၊ဗီဇာ၊ အာမခံ စတာတွေကို အင်တာနက်မှာ အကြိမ်ကြိမ်ဖတ်ရှုလေ့လာတယ်။ အီတလီမှာ ရှိနေတဲ့ နယ်ခံ၊ ခရီးသွားဖူးတဲ့ အစ်ကိုတယောက်ဆီကို အကြိမ်ကြိမ်မေး။ ပထမဆုံး ခရီးစဉ် အကြမ်းထွက်လာပြီးတဲ့နောက် လေယာဉ်လမ်းကြောင်း ဘယ်လေကြောင်းနဲ့သွားမလဲ စလေ့လာတယ်။ လေကြောင်းကို ရွေးတဲ့အခါ လေယာဉ်ချိန်၊ Luggage အလေးချိန်နဲ့ လက်မှတ်ခကို လေကြောင်းလိုင်း review တွေနဲ့ ချိန်ဆပြီး ရွေးရတယ်။ ခရီးသွားရက် ညှိနှိုင်းပြီး ရုံးက ခွင့်ကျတာနဲ့ လေယာဉ်လက်မှတ်ကို ဝယ်တယ်။ ကျနော်တို့ ရွေးချယ်လိုက်တဲ့ လေကြောင်းလိုင်းက Emirate လေကြောင်းလိုင်းပါ။ ဒူဘိုင်းမှာ တဆင့်ခံပြီး အသွားအပြန် စလုံး ၁၂၆၀လောက်ကျပါတယ်။ တိုက်ရိုက်ပျံသန်းတဲ့ စင်္ကာပူလေကြောင်းလိုင်းရှိပေမယ့် စလုံး၁၈၀၀လောက်ဆိုတော့ ဘတ်ဂျက်အရနဲ့တင် မရွေးချယ်ဖြစ်တော့ဘူး။
လေယာဉ်လက်မှတ်ပြီးတဲ့အခါ ဗီဇာလျှောက်ဖို့ ပြင်ရတယ်။ ဗီဇာမရခင် လေယာဉ်လက်မှတ် မဝယ်မနေရ ဝယ်ရပါတယ်။ ဗီဇာမကျခဲ့ရင်ဆိုတဲ့ ဖောင်ကိုတော့ ကြိုဖျက်ထားရတာပေါ့လေ။ ဗီဇာလျှောက်ဖို့ လိုအပ်တဲ့ အချက်အလက်တွေကို သူတို့ check list ထဲကအတိုင်း သေချာ ဖတ်ပြီး စပြီးပြင်ဆင်ပါတယ်။ ဟိုတယ်booking တွေကို အလွယ်တကူ ပြန်ပြင်ဖျက်လို့ရတဲ့ Booking.com ကနေတင်ပါတယ်။ နီးလာတဲ့အခါမှ အစီအစဉ်အတိုင်း ကျနော်လိုချင်တဲ့ ဟိုတယ်တွေကို တခေါက်ပြန်တင်တယ်။ Insurance ကို NTUC ကနေ ၁၀၄.၆၅ကျပ်နဲ့ဝယ်ခဲ့တယ်။ ဘဏ်စာရင်း သုံးလစာကို ဘဏ်ကို သွားထုတ်တဲ့အခါ တလကို ၂၀ပေးရပါတယ်။ သုံးလစာ ထုတ်တာမို့ ၄၀ဈေးချပေးခဲ့တယ်။
စင်္ကာပူ REP က ခရီးကအပြန် ခြောက်လအနည်းဆုံးကျန်ရမယ်လို့ဆိုတယ်။ ကျနော့ အတွက် တလပဲကျန်တာမို့ သက်တမ်းတိုးရပါတယ်။ ပုံမှန်ဆို အွန်လိုင်းကနေ လွယ်လင့်တကူတိုးရပေမယ့် သုံးလထက်ကျော်ပြီး ကြိုတိုးတာမို့ ICAကို ကိုယ်တိုင်သွားပြီး တိုးရတယ်။ အလုပ်နည်းနည်းပိုသွားတာပေါ့လေ.
စာရွက်စာတမ်းစုံပြီဆိုတော့ ဗီဇာတင်ဖို့ လုပ်ပါတယ်။ တင်မယ်ဆိုတော့မှ ဗီဇာတင်မယ့် VFS Global ကို အီတလီသံရုံးက ဗီဇာလုပ်ငန်း ရပ်ဆိုင်းပြီး နောက်ထပ် အသစ်တခုဖြစ်တဲ့ BLS International ကိုပေးပါတယ်။ BLS မှာ ရက်ရဖို့ သူတို့ System အလုပ်စတင်လုပ်တာ ခဏစောင့်ရပြန်တယ်။ သူတို့ဆီက ရက်ရတဲ့အခါ အလုပ်က နေ့လည်စာ စားချိန်မှာ သွားတင်ဖို့ ၁၂နာရီတိတိကို ယူလိုက်တယ်။ ၁၁နာရီခွဲမှာ သူတို့ရုံးကိုရောက်ပါတယ်။ ရှေ့က ဖိလစ်ပင်း အမျိုးသမီးကို စာရွက်စာတမ်းစစ်နေတာကို စောင့်ရပါတယ်။ ဟိုတယ် စာရွက်စာတမ်း မစုံတာရော တခြား စာရွက်စာတမ်း မစုံတာရော တိုင်ပတ်နေခဲ့တယ်။ ကောင်တာနှစ်ခုရှိပေမယ့် နှစ်ခုလုံးက အလုပ်မလုပ်ပဲ ရှိတဲ့ ကောင်တာတခုတည်းကလည်း သူနဲ့ နာရီဝက်ကျော်ကြာတဲ့အထိ မပြီးပဲရှိပါတယ်။ သူ့အလှည့်ပြီးတဲ့အခါ ကျနော့အလှည့်ကို ဆယ်မိနစ်မပြည့်ခင်ပြီးသွားတယ်။ လက်ဗွေနှိပ်တဲ့နေရာမှာတော့ စက်ကြောင့် ယူလို့မရပဲ လေးကြိမ်လောက်ယူရတယ်။ ထမင်းမစားပဲလာတာမို့ ကျနော်လည်း ဗိုက်ဆာပြီး စိတ်တိုနေခဲ့တယ်။ ဒါကြောင့် ကိုယ်တိုင် ပြန်လာထုတ်ဖို့ကို စိတ်ပျက်ပြီး ပိုက်ဆံပိုပေးပြီး ပို့ခိုင်းခဲ့တယ်။ တပတ်အကြာမှာ ဗီဇာကျမှပဲ သက်ပြင်းကို ချနိုင်တော့တယ်။
ခရီးသွားဖော်ရဲ့ ဗီဇာကျတာကိုစောင့်တယ်။ ကြားထဲမှာ ခရီးစဉ်ကို သေချာဆွဲတယ်။ ဘယ်နေ့ကိုဘယ်မှာ အိပ်မယ် တမြို့နဲ့တမြို့ ဘယ်လိုသွားမယ်ဆိုတာ စီစဉ်ရပါတယ်။ သူ့ဗီဇာကျပြီဆိုတာနဲ့ ဟိုတယ်တွေကို ဘွတ်ကင်တင်တယ်။ ရထားလက်မှတ်တွေဖြတ်တယ်။ အင်တာနက်အတွက် ဝိုင်ဖိုင်မယူတော့ပဲ ဆင်းကဒ် တကဒ်ဆီ Changi recommend ကနေ ဝယ်တယ်။ ၁၂GB ဒေတာနဲ့ မိနစ်၃၀၀၀ Europe နိုင်ငံအတွင်း ခေါ်ဆိုနိုင်ပါတယ်။ တကဒ်ကို ၃၈ကျပ်ဆိုတော့ သိပ်မဆိုးလှပါဘူး။
ဒီလိုနဲ့ပဲ မာကိုပိုလိုကို လက်စားချေနိုင်မယ့်နေ့ကို လက်ချိုးရေပြီး စောင့်နေခဲ့ပါတယ်။ မရောက်ခင်အထိ အလုပ်တွေကများ လူလည်း စိတ်မော လူမောဖြစ်နေတော့တာပါပဲဗျာ...
No comments:
Post a Comment