ရုံးသုံးရက်ပိတ်တဲ့ သြဂုတ်လကုန်မှာ ထုံးစံအတိုင်း ငြိမ်မနေချင်တာနဲ့ ပြည်တွင်းခရီးသွားဖို့ စဉ်းစားတယ်။ Expedia မှာ ရန်ကုန်ကို MAI နဲ့ ၂၁၁ကျပ်ပဲဆိုတော့ ဈေးကအတော်တန်တယ်။ ပုဂံကို မိုးတွင်းမရောက်ဖူးတာမို့ ပုဂံသွားချင်မိတယ်။ ဒါပေမယ့် သူငယ်ချင်းက ဖယ်ခုံသွားရအောင်လို့ အကြံပြုလာတယ်။ ဖယ်ခုံနဲ့လွိုင်ကော်ကို ပင်လောင်းလမ်းက သွားမယ်ဆိုတော့ အိုခေလို့ ပြန်ပြောလိုက်ပြီး ခရီးစဉ်ကို စတယ်....
စကတည်းက ယဉ်သကိုဆိုသလို ချန်ဂီလေဆိပ်မှာ Ground staff က Hand carry သယ်မယ်ဆိုတာကို လက်မခံပဲ အိတ်ကို အတင်းအပ်ခိုင်းတယ်။ ဟိုဖက်မှာ လေဆိပ်ပြောင်းရမယ် လေယာဉ်ချိန်က နာရီဝက်ပဲကွာတာမို့အိတ်အပ်လိုက်ရင် ပြန်ထွက်လာမယ့် အချိန်ကို စောင့်လို့အဆင်မပြေပါဘူးလို့ပြောတာကို လက်မခံပါဘူး။ လေယာဉ်ချိန်မမှီတာလည်း ကျနော့ပြဿနာလို့ပဲ ပြောနေတာကို ကျနော်ကလည်း လုံးဝလက်မခံပါဘူး။ ကင်မရာအိတ်ကိုလည်း အကြောင်းပြနေတာကို အံ့သြနေမိတယ်။ ဘတ်ဂျက်အဲလိုင်းတွေစီးတာတောင် ဒီအိတ်နှစ်လုံးကို အပြစ်တခါမှ မပြောကြပါဘူး။ သူ့ကျမှ ရစ်နေသလိုခံစားမိတယ်။ နာရီဝက်လောက်ကြာတဲ့အထိ နှစ်ယောက်လုံး ပေတေနေကြတဲ့အခါ နောက်ဆုံးသူပဲလက်လျော့ပေးလိုက်ပါတယ်။ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ဝန်ဆောင်မှုပါပဲ။
တကယ်တမ်းလေယာဉ်က ဆယ်မိနစ်စောရောက်ပါတယ်။ ခပ်သုတ်သုတ်လျှောက်ရင်း ပြည်တွင်းလေဆိပ်ကို ကူးဖို့လုပ်ရတယ်။အရေးထဲ ကြားက တခုကို မှားဝင်မိသွားသေးတယ်။ ပြည်တွင်းဆိုလို့ မန္တလေးနဲ့ ဟဲဟိုးပဲ သွားခဲ့ဖူးတဲ့ ပြည်တော်ပြန် တောသားတယောက်ပါပဲ။ ခရီးသွားဖော်တယောက်က လေဆိပ်ထဲက ကော်ဖီဆိုင်မှာ စောင့်နေတယ်။ MNA မှာ Check in ဝင်ပြီးမှပဲ ဟင်းချနိုင်တော့တယ်။ ကော်ဖီနဲ့ 77ကိတ်က အသင့် စောင့်နေတော့ ပျော်တာပေါ့လေ။ လေယာဉ်ပေါ်တက်ဖို့ ကားနဲ့သွားတဲ့အခါ တခြားခရီးသည်တယောက်က လေဆိပ်မှာ အဲ့ဒီကိတ်မုန့်ဝယ်လို့ရသလားလို့ မေးတော့ ကျနော့လို 77 ပရိတ်သတ်တွေရှိသေးတယ်ဆိုတာ တွေးမိပြီး ရီမိကြတယ်။
နေပြည်တော်လေဆိပ်က တိတ်ဆိတ်နေတာပါပဲ။ လေယာဉ်ပေါ်ကနေ စိမ်းနေတဲ့မြေကို မြင်ရတဲ့အခါ ကျေနပ်မိပြန်တယ်။ လာကြိုတဲ့ ခရီးဖော်နဲ့ နေပြည်တော်တခွင် လေ့လာရေးစကြတယ်။ ဟိုတယ်မှာ အထုတ်ချပြီးတာနဲ့ ပြန်ထွက်ကြတယ်။ နေမကျခင်လေးဆိုပေမယ့် တအားမှောင်တာကြောင့် ဓါတ်ပုံရိုက်ဖို့အဆင်မပြေဘူး။ ဒါနဲ့ နေပြည်တော်ကို အပေါ်စီးက ကြည့်လို့ရမယ့် ရှုခင်းကောင်းကောင်းဆိုင်ကို ရွှေ့ကြတယ်။ တောင်ကုန်း အမြင့်ပေါ်ကနေ နေပြည်တော်ညရှုခင်းကို ဓါတ်ပုံရိုက်ကြတယ်။ ဒါတောင် မီးထွန်းတာတွေကို လျော့လိုက်တာတဲ့လေ။
ညစာကိုတော့ ကျောက်မဲယူနန်မှာ ဝက်စတူးနဲ့ အပီအပြင်တွေဆွဲကြတယ်။ ခရမ်းချဉ်သီး ပန်ထွေဖျော်လေး သီးသန့်လုပ်ပေးတာမို့ ဆိုင်ရဲ့ ဝန်ဆောင်မှုနဲ့ အရသာရှိမှုကတော့ အတိုင်းထက်အလွန်ပါပဲ။
ဟိုတယ်ပြန်ရောက်တဲ့အခါ ရေခဏကူးလိုက်သေးတယ်။ ချမ်းကလည်းချမ်း မီးကလည်းမှောင်တာမို့ ခဏပဲကူးပြီး အခန်းပြန်လာခဲ့တယ်။ သိပ်မကြာပါဘူး မိုးကလည်း သည်းသည်းမည်းမည်းကိုရွာတော့တယ်။ အဲ့ဒီမိုးဟာ ခရီးစဉ်နဲ့ ပတ်သက်လာမယ်လို့ မစဉ်းစားမိပဲ မိုးအေးအေးနဲ့ ကွေးနေမိတော့တယ်။ မနက်၇နာရီလောက်မှာ ပင်လောင်းလမ်း ခရီးစဉ်ကိုစကြမယ်လေ။
မနက်ဟိုတယ်က စီစဉ်ပေးတဲ့ မနက်စာဗူးကိုယူပြီး နေပြည်တော်ကနေထွက်လာကြတယ်။ ပင်လောင်လမ်းကို စဝင်လာတော့ မျှစ်သယ်တဲ့ဆိုင်ကယ်တွေ၊ ဟင်းသီးဟင်းရွက်ရောင်းတဲ့ဆိုင်ကယ်တွေနဲ့ ဆုံတယ်။ လမ်းတဖြည်းဖြည်းနက်လာလေ တောင်တန်းတွေနဲ့ နီးလာလေလေပါပဲ။ ဆယ်မိုင်ကျော်လာတဲ့အခါ ဆိုင်ကယ်သမားတယောက်က လမ်းပိတ်နေတယ်လို့ ပြောလာတယ်။ ဟုတ်တယ် တကယ်ပဲ ညကရွာတဲ့မိုးကြောင့် တောင်ပြိုပြီးလမ်းပိတ်နေခဲ့ပြီလေ။ လမ်းရှင်းမယ့်အဖွဲ့က ထမင်းစားချိန်ကျော်မှရောက်လာမှာဖြစ်ပြီး ညအထိ လမ်းကို ဖြတ်လို့ရမယ် မရမယ် မသေချာဘူးဆိုတော့ ဖယ်ခုံက တဖြည်းဖြည်း ဝေဝါးသွားခဲ့ပြီ။
ဒါနဲ့ ဖယ်ခုံတဖြစ်လည်း ပုဂံဆီကို ပြောင်းကြရတယ်။ မိတ္ထီလာကိုဆက်သွားပြီး လက်ပံပျားမှာ နေ့လည်စာစားမယ်ဆိုတော့ အားလုံးရဲ့မျက်လုံးတွေက အရောင်တွေတောက်လာ။ မိတ္ထီလာကန်ထဲက လှေပြိုင်ပွဲကိုလည်း အမှတ်မထင်ကြုံလို့ဓါတ်ပုံ ဆင်းရိုက်ဖြစ်တယ်။
လက်ပံပျားကိုရောက်တော့ နေ့လည် တနာရီလောက်ရှိတော့မယ်။ ထမင်းဆီဆမ်းတပွဲဆိုတာ နှစ်ယောက်စားတောင် စားမကုန်လောက်ဘူး။ ကြက်သားကျော်ကို ပါးတွေညောင်းအောင် စားပြီးမှ ခရီးဆက်တယ်။ လမ်းသွားနေရင်းကနေ ပုဂံမှာတည်းမယ့် ဟိုတယ်ကို ရှာကြရတယ်။
ပုဂံကို လေးနာရီမထိုးခင်ရောက်ပါတယ်။ ဟိုတယ်ကို ချစ်တဲ့ဧရာဝတီဘေးနားမှာပဲ ရွေးဖြစ်ခဲ့ကြတယ်။ အဲ့ဒီဟိုတယ်မှာ ထနောင်းပင် အကြီးကြီးက မက်လောက်အောင်ရှိတယ်။ အညာမှာကြီးခဲ့သူဆိုတော့ ထနောင်းဆိုတာ တကယ့်ဆွေမျိုးအရင်းအချာပါပဲ။
ဘုရားတွေထဲမှာ မရောက်ဖူးသေးတဲ့ ဘုရားတွေကိုပဲရွေးမိတယ်။ အပယ်ရတနာ၊ စိမ်းညက်ညီအမ၊ လေးမျက်နှာနဲ့ နတ်လှောင်ကျောင်းပါ။ ပြီးခဲ့တဲ့ ငလျင်ဒဏ်က တော်တော်လေးကို ပျက်စီးစေခဲ့တာ နှမြောတဿဖြစ်မိပါတယ်။ ပုဂံဟာ ဘယ်အချိန်ရောက်ရောက် နှလုံးသားကို လှုပ်နှိုးနေတုန်းပါပဲ။ လောကနန္ဒာဆိပ်ကိုတော့ သွားဖြစ်အောင် သွားခဲ့ကြသေးတယ်။ ဘုရားအတက်က ထနောင်းပင်ကြီးဟာ ဘုရားဖူး ခရီးသွားတွေအတွက်တော့ ငှက်တသောင်းနားနိုင်တဲ့ အရိပ်ကောင်းဖြစ်နေတုန်းပေါ့...
နေဝင်ချိန်ကြည့်ဖို့ ရွှေဆံတော်ကို တက်သုတ်နှင်ကြတယ်။ ထရိုင်ပေါ့ တချောင်းစာ နေရာရဖို့တောင်မနည်း တိုးရပါတယ်။ သိပ်လှတဲ့ ပုဂံနေဝင်ချိန်ဟာ တိမ်တွေကြားမှာ ပုန်းနေတဲ့ နေမင်းကို ချော့မြူနေတယ်။ ဒါပေမယ့်လည်း ခေါင်းကျောမာတဲ့ နေမင်းဟာ သူရဲ့ အလင်းကိုပဲ အယောင်ပြပြီး လူလုံးထွက်မပြခဲ့ပါဘူး။ ဝီစီမှုတ်ပြီး ဘုရားပေါ်ကနေ ဆင်းခိုင်းတော့မှပဲ စဆင်းဖို့ပြင်ရတယ်။ နေအလင်းရောင် ရုတ်သိမ်းသွားချိန်မှာ တိမ်တွေဟာ အရောင်တွေ တဖြည်းဖြည်းခြယ်ခံရတာကို ငေးနေမိတာကိုး......
ဟိုတယ် မပြန်ခင် 7 sisters မှာ ညစာသွားစားကြတယ်။ ဆိုင်အပြင်အဆင်ကတော့ နိုင်ငံခြားသားတွေ အကြိုက်ပါပဲ။ ဟင်းအရသာတွေသိပ်မတွေ့လှပါဘူး။ ဆိုင်မှာပဲလုပ်တဲ့ ရေခဲမုန့်လေးတော့ မဆိုးလှ။ ဟိုတယ်ပြန်ရောက်တော့ ရေကူးကန်မပိတ်သေးခင် အပြေးအလွှားသွားကူးဖြစ်သေးတယ်....
No comments:
Post a Comment