မြို့တပတ်ပတ်ပြီးတဲ့အခါ နောက်ရက်မှာ ရေတံခွန်နဲ့ တောင်တက်ခရီးပြန်စတယ်။ ဒီတခေါက် ရေတံခွန်ကိုတော့ တက်ဆဲဆိုတဲ့ ရေတံခွန်ကို သွားမယ် စီစဉ်တယ်။ တိုးဂိုက်က ဆင်စီးလို့ရမယ်ဆိုလို့ ကျနော့သူငယ်ချင်းကတော့ ပျော်နေလေရဲ့။ သူက ဆင်မမြင်ဖူးတဲ့အရပ်က လာတာပါဆိုပြီး နားလည်ပေးလိုက်ကြရတယ်။
မနက်စောစော ဂိုက်ကလာခေါ်ပါတယ်။ မြို့နဲ့ ခပ်ဝေးဝေးနေရာ ချောင်းစပ်တခုနားမှာ ကားကိုရပ်ပြီး ချောင်းကို စက်လှေနဲ့ ကူးရမှာဆိုတော့ ပျော်သွားကြတယ်။ ဒါပေမယ့် စက်လှေစီးချိန်သိပ်မကြာလိုက်ဘူး။ ဟိုတဖက်ကမ်းမှာ ဆင်စခန်းရှိတယ်ဆိုတော့ သူငယ်ချင်း မျက်လုံးတွေ အရောင်တောက်သွားကြတယ်။ ပြီးတော့မှ တက်ဆဲရေတံခွန်မှာ ဆင်စီးရမယ်ဆိုတာ ၈၀ရာခိုင်နှုန်းပဲ သိပ်မသေချာဘူးဆိုတော့ သူတို့နှစ်ယောက် အဆင်မပြေတော့ဘူး။ သူငယ်ချင်းက တက်ဆဲရောက်တဲ့အထိ မျက်နှာသေနဲ့လိုက်လာတယ်။
တက်ဆဲသွားတဲ့လမ်းမှာ ရွာတရွာ ဖြတ်ပါတယ်။ တခါတလေ အေးဆေးတောင်တက်ခရီးလာသူတွေက ဒီမှာ ညအိပ်နားကြသတဲ့။ အိမ်လေးတွေ အဖြစ်ဆောက်ထားတဲ့ တည်းခိုစရာနေရာကို ဂိုက်က လိုက်ပြတယ်။ရွာထဲမှာ ခဏနားကြတယ်။ ကလေးတွေ ကြောင်တွေကို ဓါတ်ပုံရိုက်မိတယ်။ ကလေးတွေနဲ့ စနောက်နေပြီးတော့မှ အဲ့ဒီအိမ်ဟာ အသုဘအိမ်ဆိုတာ နောက်ကျမှ သိခဲ့ရတယ်။
တက်ဆဲကို ရောက်တော့ အဖွဲ့နှစ်ဖွဲ့ ကွဲသွားတယ်။ တက်ဆဲမှာ ဆင်စီးတာ၊ ဆင်နဲ့ရေချိုးတာ လုပ်လို့ရသလို မီဂါဇစ်လည်းစီးလို့ရပါတယ်။ ဆင်စီးချင်တဲ့ သူငယ်ချင်းက တဖွဲ့။ ဆင်းစီးရတော့မယ်ဆိုမှ သူ့ခမျာ ပြုံးပျော်လာနိုင်တော့တယ်။ ဆင်မစီးတဲ့ ကျနော်တို့က ရေတံခွန် အထက်နားကို ဆက်သွားတယ်။ မိုးတွင်းမဟုတ်လို့ ရေတံခွန်က သိပ်မလှပါဘူး။ အထက်နားက ရေတံခွန်သေးသေးလေးမှာ ရေကြည်နေတာနဲ့ ဓါတ်ပုံရိုက်ကြတယ်။
အောက်ကို ပြန်ဆင်းလာ ဆင်စီးပြန်လာတဲ့သူနဲ့ ရေတံခွန်မှာ ရေကူးကြတယ်။ ရေကူးပြီးတာနဲ့ နေ့လည်စာ ထမင်းစားကြတယ်။ ဂိုက်ပြင်ဆင်သယ်ဆောင်လာတဲ့ ထမင်းဟင်းတွေအပြင် ဆိုင်က တခြား ပူပူနွေးနွေး ဟင်းတွေပါ မှာစားလိုက်ကြသေးတယ်။ စားသောက်ပြီးတာနဲ့ နောက်တခေါက် တောင်တက်ခရီး ပြန်ထွက်တယ်။
တောင်တက်ခရီးအဆုံးသတ်က ချောင်းစပ်နားမှာပါ။ ဒီချောင်းစပ်ကနေ မနက်က လာတဲ့နေရာကိုစုန်ဆင်းသွားမယ်။ ပြီးတာနဲ့ ဟိုတယ်ကို ပြန်ပို့ဖို့။ လမ်းမှာ စပ်စုရင်း နောက်နေ့မနက်အတွက် ကိုရွှေဂိုက်က သူတာဝန်ယူမယ် ဖြစ်သွားပါလေရော။ နောက်နေ့မှာ မနက်အရုဏ်ဆွမ်းလောင်းမယ် ပြီးတာနဲ့ စက်ဘီးနဲ့ ကိုယ့်ဟာကိုသွားကြမယ်စီစဉ်ထားတာပါ......
No comments:
Post a Comment