02 March 2016

မေဒမ် (သို့) ဒနုတိုဘဆီ

ခရီးသွားဖြစ်တိုင်း လက်တကမ်းက အင်ဒိုနိုင်ငံဟာ အမြဲကျော့ကျော့ပြီး ပါလာတတ်တယ်။ သိပ်မဝေးလွန်းတာတကြောင်း၊ ဗီဇာ မလိုအပ်တာတကြောင်း၊ စရိတ်စက နည်းတာ တကြောင်း စသည့် အကြောင်းတွေကြောင့် ကျနော့အတွက် အင်ဒိုဟာ အဖိုးနည်း ဝန်ပါ ခရီးတိုလေးတွေ မကြာခဏ သွားဖြစ်လာစေခဲ့တယ်။

ဒီတခေါက်သွားဖြစ်တာက မေဒမ်လို့ အမည်တွင်တဲ့ ဆူးမားတြားကျွန်းထဲက မြို့ကြီးဆီကိုပါ။ အင်ဒိုရဲ့ တတိယအကြီးဆုံး မြို့တော် မေဒမ်ဟာ ဖားအောက်ဆရာတော်ဘုရားကြီး သာသနာပြုလေ့ရှိတာမို့ စိတ်ထဲမှာ ရင်းနှီးနေခဲ့တယ်။ ဒါပေမယ့် သွားမယ်ကြံလိုက် မရောက်ဖြစ်လိုက်နဲ့ ဒီတခေါက်တော့ မေဒမ်ကို သေချာပေါက်ရောက်ဖြစ်ခဲ့ပါပြီ။

တရုတ်နှစ်သစ်ကူးပိတ်ရက် စလုံးမှာ မနေချင်တာကြောင့် သူငယ်ချင်းတယောက်နဲ့ တိုင်ပင်ပြီး မေဒမ်ကို ချီတက်ကြပါတယ်။ ဂျက်စတား လေယာဉ်နဲ့ စလုံး ၂၄၂ကျပ် အသွားအပြန်ပေးရတာ ပိတ်ရက်အတွင်း ဝယ်ရတာ တန်တယ်လို့  ပြောလို့ရပါတယ်။ ခရီးစဉ်အစအဆုံးကို ကျနော်ကပဲ ဆွဲပေးရပါတယ်။ ဘတ်ဂျက်နည်းနည်းပဲ ဆွဲပါဆိုလို့ တောင်းဆိုတာကြောင့် တည်းခိုခန်းတွေမှာ မတည်းပဲ AirBnB ကိုစမ်းပြီး သုံးကြည့်ဖြစ်ပါတယ်။ သွားရေးလာရေးအတွက်ကတော့ ပိတ်ရက်တိုတိုအတွင်း သွားမယ့်နေရာစုံအောင် ဘတ်စကားနဲ့ သွားဖို့ အချိန်မကာတာကြောင့် ကားနဲ့ ကားသမား ငှားဖို့ လိုက်ရှာပါတယ်။ သင့်တင့်တဲ့ စရိတ်နဲ့ အေးဂျင့်ကို ချိတ်လိုက်နိုင်ပြီဆိုမှ စိတ်အေးနိုင်တော့တယ်။

အတူလိုက်မယ့်သူငယ်ချင်းက မိသားစု ညစာစားပွဲတက်ရတာမို့ တရက်နောက်ကျပြီးမှ လိုက်လာမယ်။ ကျနော်ကတော့ ၈ရက်နေ့ ကတည်းက ရောက်နှင့်နေပါတယ်။ လေယာဉ်ပေါ်မှာ ဒေသခံနှစ်ယောက်နဲ့
အတူတူထိုင်ရာကအစ သူတို့နဲ့ ပေါင်းပြီး လေဆိပ်ကနေ ကျနော်တည်းတဲ့ နေရာကို ဘတ်စ်ကားနဲ့ သွားဖို့ဖြစ်လာတယ်။ လေဆိပ်ကနေ မြို့ထဲကို ရထားစီးမယ်ဆိုရင် စလုံး၁၂ကျပ်လောက်ကျမှာဖြစ်ပြီး ဘတ်စ်ကားစီးရင်တော့ နှစ်ကျပ်ခွဲပဲ ကျပါတယ်။ ဘာပဲဖြစ်ဖြစ် ရောမရောက်ရင် ရောမလို ကျင့်ကြည့်ချင်တာနဲ့ လိုက်သွားခဲ့ပါတယ်။ မမေ့မလျော့ အင်တာနက်သုံးဖို့ Sim Card ဝယ်ခဲ့သေးတာ။ 2GB ကို စလုံး ခြောက်ကျပ်ခွဲပဲပေးရတာဆိုတော့  တန်ပါတယ်။

တနာရီခွဲလောက်ကားစီးပြီးတဲ့ အခါ ကျနော်တည်းမယ့် နေရာကို Blue Bird ကားငှားပြီး ထပ်သွားရပြန်တယ်။ ကားသမားက နေရာကို သေချာမသိတာမို့ ပတ်ချာလည်ရင်း ငါးကျပ်လောက်တော့ အိတ်ထဲက ထပ်ပါသွားပြန်လေရော။ တည်းမယ့် နေရာရောက်တော့  ကျနော် ငှားထားတဲ့ အခန်းက ပြည့်သွားတာကြောင့် သူ့ ထက်ကောင်းတဲ့ အခန်းကို ပေးပါတယ်။ တညကို စလုံးခုနှစ်ကျပ်ပဲဆိုတော့ တန်ပါတယ်လေ။ ကားအကြာကြီးစီးရလို့ထင်ရဲ့ ခေါင်းထဲ ငြီးစီစီဖြစ်နေတာမို့ အနီးအနားမှာပဲ ညစာသွားစားပြီး အိပ်လိုက်တာ မနက်လေးနာရီ ဘေးနားက ဗလီတွေ ဝတ်တက်သံကြောင့် နိုးလာပါတော့ တယ်။

၉ရက်နေ့ မနက်စောစော ၇နာရီ မှာ တည်းတဲ့ နေရာက ထွက်လာပြီး မနက်ခင်း လေနုအေးအေးလေးနဲ့ ဘီကတ်လို့ ခေါ်တဲ့ ဆိုင်ကယ်တွဲယာဉ်လေးစီးပြီး နာမည်ကျော် ဘဲသားခေါက်ဆွဲဆိုင်ကို ဦးတည်တယ်။ ကံမကောင်းစွာပဲ ဆိုင်က တရုတ်နှစ်သစ်ကူးမို့ ပိတ်ပါတယ်။ ဒါနဲ့ အနီးဆုံး နန်းတော်ဆိုတဲ့ နေရာကိုဘီကတ် ထပ်စီးတယ်။ 

နန်းတော်က စဖွင့်ကာစမို့ ထင်တယ်   ဝင်ကြေးတောင်းတာ မ တွေ့ မိဘူး။ နန်းတော် ဝင်ပေါက် က အဘိုးကြီး တဦးက တော့ နန်းတော် ပြင်ဆင်မွမ်းမံ ထိန်းသိမ်းခ အလှူခံတယ်ဆိုတာနဲ့ အင်ဒိုရူပြား နည်းနည်းထည့်လိုက်တယ်။ စလုံးက လာတဲ့သူမို့ စလုံး မပါဘူးလားလို့ မေးတဲ့အခါ စိတ်ထဲ တမျိုးဖြစ်သွားတယ်။ မကြားချင်ယောင်ဆောင်ပြီး ဓါတ်ပုံတွေပဲ လျှောက်ရိုက်နေလိုက်တော့တယ်။ သိပ်ခမ်းခမ်းနားနား မဟုတ်တော့တဲ့ နန်းတော်ကိုပဲ တခုတ် တရ အဖြစ်နဲ့ ပဲ ဓါတ်ပုံ ရိုက်ခဲ့ပါတယ်။

နန်းတော်က နေထွက် လာပြီး ပီနန်းက အိမ်ပြာကြီးလို နာမည်ကျော်တဲ့ တရုတ်အိမ်ကို သွားမယ် နီးပါတယ်လေဆိုပြီး GPRS ဖှင့် မြေပုံကြည့်ပြီး လမ်းလျှောက်ပါတယ်။ တော်တော်လေး လျှောက်မိလို့       မောလာတဲ့အထိ မ ရောက်နိုင်သေးပဲ ဝေးဝေးသွားတယ်။ တကယ်က ပြောင်းပြန်လျှောက်မိနေတာ    ခရီးလွန်ပြီး သိပါတော့တယ်။ ဒါနဲ့ Blue bird ကားလေးနဲ့ နောက်ကြောင်းပြန်ရတယ်။                 ခြေ ထောက်တွေ   တောင် တိုသွားသလားအောက်မေ့ရတယ်။ ဒီလောက်အားကျိုးမာန်တက်လျှောက်ခဲ့ပေမယ့်  ခဲလေသမျှပဲရေပွဖြစ်ကုန် တယ်။ တရုတ်နှစ်သစ်ကူးမို့ တံခါးနှစ်ချပ်ကို စိအောင် ပိတ် ထားပါတော့တယ်။ အနားကလူတွေက တုတု တုတုနဲ့ အော်ပြောကြတယ်။ ကိုယ်တွေက သူတို့လို မတုတု နိုင်တာမို့ ရှောပင်းမောတခုကို ထပ်သွားတယ်။ မနက်စာစားဖို့ ဗိုက်ဆာနေခဲ့ပြီ။











ရှောပင်းမောကလည်း ဆယ်နာရီ ဖွင့်မှာဆိုတော့ အနားတဝိုက်မှာ ဓါတ်ပုံလှည့် ရိုက်တယ်။ သူတို့ မီးရထား ဘူတာရုံနားရိုက်ရင်း ပိတောက်တွေ လှိုင်လှိုင်ပွင့်နေတာ တွေ့ခဲ့တယ်။ မြန်မာပြည်မဟုတ် လေ တော့ ခူးမယ့်သူတွေ မရှိဘူးပေါ့လေ။ ဖေ ဖော်ဝါရီမှာပွင့်တဲ့ မေဒမ်က ပိတောက်တွေကို လေ..

ရှောပင်းမောထဲက စတားဘတ်မှာ ကော်ဖီသောက် မုန့်စားရင်း အင်တာနက်ထိုင်သုံးနေခဲ့တယ်။        နောက်ထပ် လျှောက်သွားဖို့အတွက် အချိန်က သိပ်မ လောက်တော့ဘူး။ ငါးနာရီမှာ လေယာဉ်ဆိုက်   မယ့် သူငယ်ချင်းကို ကြို  ပြီးရင် ဘရက်စတာဂီလို့ တွင်တဲ့ တောင်ပေါ် မြို့လေးမှာ တညအိပ်ရင်း ဒနုတိုဘကို ဆက်သွားကြမယ် ဆိုတော့ လေးနာရီ ကားက တည်းတဲ့နေရာကို လာကြိုမှာ......

No comments: