ကာဝမ်ပူသီဆိုတာ မီးတောင်ဟောင်း အဝတခုပါ။ ဆာလဖာနဲ့ ဓါတ်ပြုပြီး အရောင်ပြောင်းနေတဲ့ ရေကန်တခုပေါ့။ ၁၉၈၇ခုနှစ်ကစပြီး ခရီးသွားလေ့လာသူများကို ခွင့်ပြုခဲ့ပြီး ဘန်ဒုံကနေ ကီလိုမီတာ ငါးဆယ်အကွာ စီဝီဒီဆိုတဲ့ အရပ်မှာ ရှိတယ်။
မနက်စောစော အိပ်ရာနိုးတာနဲ့ လူတွေ မများခင် သွားကြဖို့ ကျနော်က အတင်းလိုက်တွန်းရတယ်။ အေးတဲ့ရာသီဥတုမှာ ရေနွေးစက်မပါပဲ ရေချိုးရတာ ခပ်လန့်လန့်ပဲ။ ရုံးပိတ်ရက်မို့ ကျနော်တို့ ဧည့်ဆောင်ရှေ့မှာတင် ကားတန်းက ရှည်နေပြီ။ သူတို့ဆီက ဆိုင်ကယ်ငှားပြီး အနွေးထည်နှစ်ထပ်ဝင် တောင်ပေါ်ကို တက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ မြူနှင်းတွေကြားက စီဝီဒီဟာ အလှကြီးလှနေတယ်။
တောင်ပေါ်စခန်းကို ရောက်တာနဲ့ မနက်စာစားကြတယ်။ ဝါလာနီဆိုတဲ့ ဘလက်ကားရမ့် လက်ဖက်ခြောက်ကို စမ်းသောက်တာကြိုက်လွန်းလို့ အိမ်အတွက်ဝယ်လာခဲ့တယ်။ သူငယ်ချင်းတွေက ကျနော့ကို စကားမပြောပဲ လိုက်ခဲ့ပါဆိုပြီး လက်မှတ်ဝယ်တဲ့ဆီကို ခေါ်လာတယ်။ စကားမပြောပဲနေရင် မင်းက အင်ဒိုနီးရှားနဲ့ ခွဲမရဘူးတဲ့။ အိုကေဆိုပြီးငြိမ်ငြိမ်လေးလိုက်သွားတာ ဒေသခံလက်မှတ်ဈေးနဲ့ ကာဝမ်ပူသီကို တက်ခွင့်ရခဲ့တယ်။ လက်မှတ်တစောင်နဲ့ နှာခေါင်းစည်း ခပ်ပါးပါးလေး တခုပေးပါတယ်။
၁၀ဒီဂရီ အနားတဝိုက်မှာပဲ ရှိတဲ့ ရာသီဥတုက အေးစိမ့်နေတယ်။ လေကတညှင်းညှင်းတိုက်နေသလို မြူတွေကလည်း အဆုပ်လိုက် ကြဲချနေသလိုပါပဲ။ ကန်ရဲ့ ရေပြင် ဖြူမလို၊ စိမ်းပြာပြာဟာ အက်စစ်ပမာဏ ၀.၅ကနေ ၁.၃အထိရှိသတဲ့။ သူနဲ့ ထိစပ်တဲ့ ကျောက်တုံးတွေ၊ သဲတွေ အားလုံးဟာ ဖြူဖွေးကုန်တယ်။
စစ်ကာလအတွင်းက ဆာလဖာ စက်ရုံတခုရှိခဲ့ပြီး အခုအခါမှာတော့ တူးဖော်မှုလုပ်ငန်းရဲ့ အကြွင်းအကျန်အနည်းငယ်သာ ရှိတော့တယ်။ ကာဝမ်ပူသီအနီးတဝှိုက်ဟာ အခုအခါ ခရီးသွားလုပ်ငန်းနဲ့ ရေပူစမ်း အပန်းဖြေဟိုတယ်လုပ်ငန်းတွေပဲ လက်ရှိလုပ်ကိုင်နေကြတယ်။
ကာဝမ်ပူသီကနေ ပတန်ဂန်ဆိုတဲ့ ကုန်တွင်းရေကန် တခုကို သွားကြတယ်။ ဒေသခံတွေက ပျော်ပွဲစားထွက်သူတွေ၊ ကန်ထဲမှာ အပျော်စီးလှေသင်္ဘောတွေနဲ့ အတော်လေး စည်ကားတာတွေ့ရတယ်။ ကျနော်ကတော့ စိမ်းနေတဲ့ လက်ဖက်ခင်းတွေ ကြားထဲကနေ ထိုးထွက်နေပြီး အေးမြကြည်လင်တဲ့ ရေကန်ကြီးကို ဒီအတိုင်းပဲ ထိုင်ကြည့်နေမိတော့တယ်။
ဒေစီပန်းတွေဟာလည်း အရိုင်းဆန်ဆန်ပွင့်နေကြတယ်။ စတော်ဘယ်ရီ တွေ ရောင်းနေကြတာလည်း တွေ့ရတယ်။ ပြောင်းဖူး မီးဖုတ်ကို ကျနော်က ထောပတ်နဲ့ပဲ သုတ်စားပြီး၊ သူငယ်ချင်းတွေက ငြုတ်ဆီသုတ်စားကြတယ်။ ငြုတ်ဆီသုတ်စားတာ ကျနော် ပထမဆုံး မြင်ဖူးတာ အထူးအဆန်းပဲ ဆိုလို့ ကျနော့ကို သူတို့က အံ့သြစရာလေး အဖြစ်ကြည့်ကြတာပေါ့။
ရေကန်က ပြန်ထွက်လာတဲ့အခါ ကျနော်ဟာ အစိမ်းရောင် ဝင်္ကဘာထဲမှာ တဝဲဝဲလည်နေတော့တယ်။ လှိုင်းဂယက်တွေလို အရစ်လိုက် အတန်းလိုက် အဲ့ဒီ လက်ဖက်ခင်းကြီးထဲမှာ တနေကုန်သာ နေလိုက်ချင်တော့တာ။
ကင်မရွမ်ဟိုင်းလမ်းက လဖက်ခင်းတွေဟာ အခုလို ပုံဖော်ထားခြင်း မရှိဘူး။ ဒီကတော့ အရစ်လိုက် အဝိုင်းလိုက် အစွေလိုက်နဲ့ အဲ့ဒီဝင်္ကဘာထဲမှာ နေခဲ့ချင်တော့တာပါပဲ။
ညနေ နေချိုတဲ့အခါ ကျနော်တို့ ပြန်ဆင်းလာခဲ့တယ်။ ဧည့်ဂေဟာမှာဝင် ပစ္စည်းတွေယူပြီး ဘန်ဒုံကို တခါတည်းပြန်ဆင်းလာကြတယ်။ လမ်းမှာ အခုမှ လာနေဆဲ ဖြစ်တဲ့ ကားတန်းရှည်ကြီးကို မြင်ရတဲ့အခါ ဂျကာတာတင် ကားလမ်းကြပ်တာမဟုတ်ပဲ ဘန်ဒုံမှာပါ ရုံးပိတ်ရက်တွေမှာ ကြပ်တယ်လို့ သူငယ်ချင်းတွေက ရှင်းပြတယ်။
ညနေစာကို စားလို့ကောင်းတယ်လို့ သူတို့ညွှန်းတဲ့ စားသောက်ဆိုင်ကို ရွေးခိုင်းပြီး ကျနော်က သူတို့ ကျွေးခဲ့တယ်။ ဘန်ဒုံက ကောင်းတယ်ဆိုတဲ့ မုန့်တိုက်ကနေ ဒူရင်းသီးပတ်ဖ်တွေ ပူပူနွေးနွေးဝယ်လာတဲ့အပြင် ဘရောင်းနီနှစ်ဗူးလောက်အဆွဲကောင်းတာ လေဆိပ်မှာ ကံကောင်းလို့ ပေါင်ပို မပေးရတယ်။ လက်ဆွဲအိတ်ထဲက လက်ဖက်ခြောက်ထုတ်တွေကို ကင်မရာအိတ်ထဲထည့် ကိတ်မုန့်တွေ လက်ကဆွဲနဲ့အတော်လေး ဖရိုဖရဲ နိုင်တဲ့ အိမ်ပြန်ခရီးဖြစ်ခဲ့ပါတော့တယ်။
ပြန်လာတာ နှစ်တွေကြာပြီဆိုသော်ငြားလည်း အစိမ်းရောင်ဝင်္ကဘာက အခုထိ ကျနော့ကို ညှို့ခေါ်ယူနေဆဲ ဆိုတာကိုတော့ ဘယ်လိုမှ မငြင်းနိုင်တာ အသေအချာပါ......
No comments:
Post a Comment