နောက်တနေ့မနက် အိပ်ရာနိုးတာနဲ့ ကျောက်ခဲပြတိုက်ကို ခေါ်သွားကြပါတယ်။ တကယ်ကြီး ကျောက်ခဲတွေ အားလုံးကို သတိရမိစေတယ်။ ဖုန်းနဲ့ပဲ အားပေးစကား နောက်ဆုံး ပြောလိုက်ရပေမယ့် ယနေ့ထက်ထိ အမှတ်ရဆဲ ကျောက်ခဲ အကြီးကြီးကနေစပြီး သြစတြေးလျက ကျောက်ခဲ၊ အမေရိကားက ကျောက်ခဲ စသည်အနှီကျောက်ခဲများ အားလုံးကို အဲ့ဒီပြတိုက်ထဲကနေ လွမ်းနေခဲ့ပါတယ်။
သူတို့နိုင်ငံမှာ တခုတ်တရပြတိုက်လုပ်ပေးထားပြီး ကျောင်းသူ ကျောင်းသား ကလေးငယ်တွေကို လေ့လာရေးတွေ လုပ်ခိုင်းနေတာ အားရစရာကောင်းပါတယ်။ စုတုပြုကူးနေကြတဲ့ ကလေးတွေရဲ့ အသံတွေကြားမှာ ကျောက်ခဲပြတိုက်ကြီးဟာ အသက်ဝင်သထက်ဝင်လာသလိုပါ။
ကျောက်ခဲပြတိုက်ကအပြန် ဟိုတယ်ကနေထွက်၊ စီဝီဒီကို သွားဖို့ ဘတ်စ်ကားဂိတ်ကိုသွားကြတယ်။ ဘတ်စ်ကား ဂိတ်က ထမင်းဆိုင်မှာ ထမင်းစားတော့ တို့စရာဗန်းလေးဟာ အိမ်ကိုသတိရတဲ့စိတ်ကို တစိမ့်စိမ့် စေ့ဆော်နေခဲ့တယ်။
ဘတ်စ်ကားခ သိပ်မပေးရပါဘူး။ မြန်မာပြည်လိုပဲ လမ်းမှာ တားရင် ရပ်ပြီးတင်တယ်။ မတ်တပ်ရပ်လိုက်သူတွေလည်း ရှိပါတယ်။ ကားပေါ်ကနေ ဓါတ်ပုံတချို့ရိုက်ဖြစ်တယ်။
စီဝီဒီနား ရောက်လာလေ မြေပြန့်ကနေ ဟိုးတောင်ပေါ်ကို ထောင်တက်တဲ့ လမ်းတလျှောက်ဖြစ်လေ ကျဉ်းသည်ထက် ကျဉ်းလာလေ။ ကျနော်တို့ တည်းဖြစ်တာ ဒေသခံအိမ်ကလေးရဲ့ ဧည့်ဂေဟာ တခုမှာပါ။ အိမ်ရဲ့ အရှေ့ မှာရှိနေတဲ့ ရှုခင်းနဲ့တင် အဲ့ဒီအရပ်မှာ အိမ်ဝယ်ပြီး နေချင်လိုက်တာလို့ ရည်မိတယ်။ အေးချမ်းတဲ့ တောင်ပေါ်မြို့လေးလေ....စျေးက သိပ်မကြီးဘူး တခုပဲ သူငယ်ချင်းတွေ ပြောသလို ဒေသခံသူတယောက်ကို အိမ်ထောင်ပြုဖို့လိုတာ။ မင်း တကယ်ပြုစရာမလိုဘူးလေ စီးပွားဖြစ်လက်ထပ် ထားရုံပဲဆိုလို့ လှလှလေးတယောက်လောက် ရှာပေးပါလို့ ပြန်နောက်နေမိတယ်။
တည်းတဲ့အိမ်နားက သစ်ခွခြံကို လိုက်ပို့ကြပါတယ်။ စတော်ဘယ်ရီတွေကို သဘာဝအတိုင်း ယိုထိုးထားတာမို့ ပေါင်မုန့်မီးကင်လေးနဲ့ အတော်လေး အရသာရှိပါတယ်။ ဘယ်ရီသီးတွေဟာ ကိုင်းလုံးညွှတ်မျှ သီးနေကြတယ်။
ကတ်တလီယာတွေ၊ သစ်ခွတွေ၊ နှင်းဆီတွေနဲ့အတူ လာဗန်ဒါ ပန်းတွေဟာ အေးမြတဲ့လေထုတဲမှာ ယိမ်းနွဲ့လို့။
ခိုက်ခိုက်တုန်အောင်ချမ်းလာလို့ ဟိုတယ်ကို ပြန်ခဲ့ကြတယ်။ ဟိုတယ်ရှေ့က ရိုးရာစားသောက်ဆိုင် ဆီမီးခွက်လေးတွေကြားမှာ ညစာစားဖြစ်ရင်း ကြယ်တွေကို ရေတွက်နေမိတယ်။ မနက်ဖြန် ကာဝမ်ပူသီဟာ ကျနော့ အတွက် ရင်ခုန်စရာ အကောင်းဆုံး နေရာတခု ဆိုတော့ ဒီညအိပ်လို့ တောင်ပျော်နိုင်ပါဦးမလား.....
No comments:
Post a Comment