07 July 2014

ပန်းတိုင်းပွင့်၊ ပွင့်တိုင်း တင့်ကြစေလို

သံတိုင်ကြားက သူတို့ကို မြင်ရတဲ့အခါ အမျိုးအမည်မသိတဲ့ ခံစားမှုနဲ့အတူ ခြေတွေလက်တွေ ရှိလျက်နဲ့ ဆိုတဲ့ စကားကို နားထဲမှာ ကြားယောင်တယ်။ ဘာဖြစ်လို့၊ ဘယ်အကြောင်းကြောင့် စတဲ့ မေးခွန်းတွေနဲ့အတူ အဖြေဆိုတဲ့အရာက တွင်းနက်နက်ထဲမှာလား၊ ခလေးတို့ဘ၀ ဘယ်သူလာဆယ်ယူပါ့မယ် ဖြစ်နေခဲ့ပြီ။

ရန်ကုန်မှာ အလုပ်လုပ်နေဆဲ ကာလတွေမှာ ခရစ်ယာန်သာသနာပြုတွေနဲ့၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေရဲ့ မိဘမဲ့ဂေဟာတွေကို လုပ်အားပေးဖူးခဲ့တယ်။ စွန့်ပစ်ခံရလို့ပဲဖြစ်ဖြစ်၊ မိဘ အုပ်ထိန်းသူမဲ့လို့ပဲ ဖြစ်ဖြစ် ဂေဟာကို ရောက်လာတဲ့ ခလေးတွေဟာ ဟိုး အရွယ်ငယ်ငယ်ကနေ တက္ကသိုလ်တန်းတွေအထိ ရှိကြတယ်။ ဒီခလေးတွေဟာ ကံကောင်းတယ်လို့ဆိုနိုင်ပြီး ဂေဟာကိုတောင် ရောက်မလာနိုင်တဲ့ လမ်းပေါ်က ခလေးတွေလည်း ရှိနေသေးပါတယ်။ အရင်တုန်းက အခုလို မိဘမဲ့ ဂေဟာတွေမှာ အသက်မွေးမှု ပညာရပ်တွေသင်ပေးကြတယ်။ အခုနောက်ပိုင်း ဆက်လက်သင်ပေးနေတုန်းပဲလား မသေချာပါ။ ဂေဟာကိုအလည်သွားတိုင်း မျှော်လင့်ချက် မျက်ဝန်းလေးတွေထဲကနေ နောက်တခါ ရောက်လာဦးမလားလို့အစရှိသည့် သူတို့တွေ ရင်ထဲက မေးခွန်းတွေကို မြင်မိတယ်။

တနေ့က ကျနော့သူငယ်ချင်းတယောက်နဲ့ အငြင်းအခုံဖြစ်ကြတယ်။ လမ်းပေါ်မှာ လက်ဖြန့်တောင်းနေတဲ့ ခလေးတွေကို ကျနော်က အလှူငွေမထည့်လိုတဲ့အခါ သူက ကျနော့ကို နှလုံးသားမဲ့သူ အကြင်တရားကင်းသူလို့ ပုဒ်မ,တပ်ပါတယ်။ မပေးလိုဘူးဆိုတာနဲ့ အကြင်နာကင်းမဲ့တာ မဟုတ်ပါဘူး၊ ငွေလွယ်လွယ်နဲ့ ရနိုင်တယ်ဆိုတဲ့ အကျင့်ကို ကျနော် မဖြန့်ဝေလိုတာပါ။ ငယ်နုတဲ့အရွယ်မှာ ဒီလိုမျိုးလွယ်လင့်တကူရသွားတဲ့ စိတ်တခုကို ကျနော် မဖြစ်တည်စေချင်တာပါ။

အခုလိုငွေစတွေပေးနေရုံနဲ့ လမ်းဘေးက ခလေးတွေဘ၀ ငြိမ်းချမ်းသွားမှာတဲ့လား။ တနေ့ရတဲ့ ငွေစဟာ နောက်တနေ့၊ နောက်ရက်များစွာအထိ ဘယ်လို အာမခံချက်ပေးနိုင်မှာလဲ။ အဲ့ဒါဆို သူတို့အတွက် ဘ၀တသက်စာ ကိုယ့်အားကိုကိုးပြီး ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်မယ့် အသက်မွေးမှု ပညာရပ်ကို ကျနော်တို့တွေက သင်ပေးကြရင်ရော..

ဟနွိုင်းမှာ စားသောက်ဆိုင်တဆိုင်ကို ရောက်ခဲ့ပါတယ်။ သူ့နာမည်က KOTO တဲ့။ နာမည်ရဲ့ အဓိပ္ပါယ်က Know One Teach One, သူတပါးက သင့်ကို အထိရောက်ဆုံး ကူညီတယ်ဆိုတာ သင့်ခြေထောက်ပေါ်မှာ သင်ကိုယ်တိုင် ရပ်တည်နိုင်အောင် လုပ်ပေးတာ၊ အဲ့ဒီအတိုင်း သင်က တခြားသူတယောက်ကို သင့်လိုရပ်တည်နိုင်တဲ့သူဖြစ်အောင် ကူညီပေးလိုက်ပါဆိုတဲ့ ဆောင်ပုဒ်ပေါ်မှာ အခြေခံထားတာ။

ဆိုင်ကိုမတည်တဲ့သူက သြစတြေးလျရောက် ဗီယက်နမ်နိုင်ငံသားတဦးပါ။ သူ့နာမည်က Jimm Pham။ သြစတြေးလျကို ကူးပြောင်းသွားပေမယ့် စိတ်က ဗီယက်နမ်မှာ ကျန်နေခဲ့ပုံပဲ။ ဧည့်လမ်းညွှန်လုပ်ရင်း ဟနွိုင်းမြို့လမ်းပေါ်က ကလေးတွေဘ၀ကို စာနာခဲ့ပုံပါ။ လမ်းပေါ်က ခလေး ကိုးယောက်နဲ့အတူ scandwich ဆိုင်ငယ်ကလေး တခုကို အရင်းပြုလို့ သူရဲရဲရင့်ရင့် ခြေလှမ်းတခုကို စတင်ခဲ့တယ်။ ယနေ့ ဟနွိုင်းမှာ လူ၁၂၀ဆန့်တဲ့ စားသောက်ဆိုင်တခုနဲ့အတူ ဆိုင်ခွဲပေါင်းများစွာနဲ့ အောင်မြင်တဲ့ စားသောက်ဆိုင်လုပ်ငန်းရှင်တခုဖြစ်နေခဲ့ပြီ။

သူ့ရဲ့အောင်မြင်မှုက စားသောက်ဆိုင်လုပ်ငန်းကို လုပ်ကိုင်နိုင်မယ့် အတတ်ပညာရှင်တွေ လမ်းပေါ်ကနေ ဆွဲထုတ်ပေးနိုင်တာပါပဲ။ KOTO စားသောက်ဆိုင်က ထွက်လာတဲ့လူငယ်တိုင်းဟာ အသိပညာ၊ အတတ်ပညာတွေနဲ့အတူ တကိုယ်ရေသန့်ရှင်းမှု၊ ဘာသာစကား အစရှိတဲ့ ဆက်စပ်တဲ့အပိုင်းတွေကိုပါ ဖြည့်စွက်သင်ကြားထာလို့ ဟိုတယ်အကြီးကြီးတွေကနေ ခန့်အပ်ခြင်းခံထားရတဲ့ ၀န်ထမ်းတွေအဖြစ် အိပ်မက်တွေ မက်နိုင်ကြပြီ။

ဒါ့အပြင်တဆင့်စကား တဆင့်ကြားပြီး နိုင်ငံခြားသား ခရီးသွားတွေဟာ ဒီဆိုင်ခွဲတွေကို မရောက်ရောက်အောင်သွားပြီးအားပေးကြတယ်။ NGO အဖွဲ့အစည်းတွေဖြစ်တဲ့ UNESCO, Save the children, wordvision စတဲ့ အဖွဲ့တွေကနေ လိုအပ်တဲ့ အကူအညီတွေ ထောက်ပံ့ပေးနေကြပြီလို့လည်း ဆိုတယ်။ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ထမင်းစားပွဲအထိတောင် နာမည်ရောက်ခဲ့တဲ့ KOTO ရဲ့ အောင်မြင်မှုဟာ တဦးတယောက်တည်းရဲ့ အောင်မြင်မှု မဟုတ်ခဲ့တာ သိပ်သေချာပါတယ်။

ခမ်းနားကြီးကျယ်မှုတွေနဲ့ မဟုတ်ပဲ ရိုးစင်းတဲ့ KOTO ဟနွိုင်းရဲ့ အပြင်အဆင်မှာ နစ်ဝင်စီးမျောရင်း အတွေးတွေဟာ ဘောင်ဘင်ခပ်နေတော့တယ်။.အဲ့ဒီလိုအောင်မြင်မှုဆိုတာကို တွေးမိရင်း စိတ်ထဲက နှစ်ထောင်းအားရ။ ကိုယ့်မြန်မာပြည်လမ်းပေါ်က ကလေးတွေ၊ မိဘမဲ့ကလေးတွေကို မြင်ယောင်တယ်။ မြန်မာပြည်မှာလည်း အခုလို လုပ်ငန်းရှင်၊ လမ်းပေါ်က လူငယ်တွေကို ကယ်တင်ပျိုးထောင်တဲ့သူများ ပေါ်ပေါက်လာနိုင်စေချင်တဲ့ စိတ်တွေနဲ့.

ပန်းတွေကတော့ ပွင့်ကြတယ်။ တချို့ပန်းတွေက လှလှပပ။ တချို့မှာတော့ အရွက်ဖုံးလို့ဖြစ်ဖြစ်၊ အကိုင်းကွယ်လို့ပဲဖြစ်ဖြစ်၊ လေပြင်းခြွေလို့ပဲဖြစ်ဖြစ် ကြွေသာကြွေရော လူမမြင်လိုက်ကြရ။ စောပြီးကြွေတဲ့ ပန်းတွေလည်း အများကြီးပေါ့။ 

ပန်းတိုင်းပွင့်၊ ပွင့်သောပန်းတိုင်း လန်းဆန်းကြရင်ဖြင့် လောက လူ့ဘောင် ဘယ်လောက်များ သာယာလိုက်လေမလဲနော်…..

Reference:
http://en.wikipedia.org/wiki/KOTO
http://www.world-entrepreneurship-forum.com/Communities/Members/Pham-Jimmy-Viet-Tuan

No comments: