"နူးနူး…..သေချာကြည့်စမ်းပါ။
တိမ်ပြင်ကြီးတခုလုံးဟာ လကိုတရွေ့ရွေ့ဖြတ်ကျော်နေကြတာ ဘယ်လောက် ကြည့်လို့ကောင်းသလဲ"
ကျနော်ရောက်နေတဲ့
အားကစားခုံပေါ် ပက်လက်လှန်အိပ်ဖို့ ကျောပိုးအိတ်ကို ခေါင်းမှာ ခုရင်း မေးလိုက်တယ်။ နူးနူးဆီက
ဘာသံမှမကြားရဘူး။ စိတ်ဝင်စားပုံလည်း မပေါ်ပါ။ သူက ကျနော့ကိုကြည့်ရင်း
"အခုလို
မျက်မှန်ချွတ်ထားစမ်းပါ " လို့ တိုးတိုးလေး ပြန်ပြောနေတယ်။
နူးနူးစိတ်ထဲမှာ
ဘာတွေရှိနေမလဲ ကျနော် ဖတ်တတ်ချင်လိုက်တာ။ တကယ်က ကျနော် သူ့ကို အားနာနေတာ။ သူအနားမှာရှိနေရင်
ကျနော့စိတ်တွေ လုံခြုံနေသလိုပဲ။ သူမသိတာတွေ မေးလို့ ဖြေရတာကို ကျနော် ကြည်နူးရသလို၊
လေးကိုင်းလေးလိုညွှတ်တွဲနေတဲ့ သူ့အောက်နှုတ်ခမ်းထူထူလေးဟာ ဖိပြီးနမ်းချင်စရာ။ နူးနူးက
ကျနော့စိတ်ကို ဖတ်မိသွားဟန်တူရဲ့ သူ့ကိုယ်လေးကို နောက်ကို နည်းနည်းတိမ်းလိုက်တယ်။
ချစ်ခြင်းမေတ္တာရဲ့
အဆုံးသတ်ဟာ အိမ်ထောင်ပြုခြင်းလို့ ကျနော် မယူဆထားကြောင်း ကနဦးကတည်းက နူးနူးကို ရှင်းပြထားတာမို့
သူသဘောပေါက်နားလည်လက်ခံနေလိမ့်မယ်။ ဒါပေမယ့် သူ့ရင်ထဲက အတိုင်းအဆကို ကျနော် မမြင်နိုင်တာမို့
သူ့တယောက်တည်း ၀န်ထုတ်ဝန်ပိုး ဖြစ်နေမှာကိုလည်း ကျနော်က မလိုလားပါ။ တွေ့စက ကျနော့ကိုစိတ်ထဲက
ဖျောက်မရသလို အလုပ်ထဲကို စိတ်မ၀င်စားနိုင်ဘူးလို့ ပြောတဲ့အခါ ကျနော်ထိတ်လန့်လာမိတယ်။
အပျော်တွဲတာမျိုးမဟုတ်ပေမယ့် ကျနော့ကြောင့် အနှောက်အယှက်ဖြစ်ရတာမျိုးတော့ မဖြစ်စေချင်ဘူး
မဟုတ်လား။ နောက်ပိုင်းဆို သစ်ပင်တွေက အကိုင်းနဲ့ သစ်ရွက်တွေလို နေသားကျလာမှာပါ။
နူးနူးကိုချည်နှောင်ဖို့
မကြိုးစားသလို၊ ကျနော့ကိုချည်နှောင်လာမှာကိုလည်း ကျနော်မလိုချင်။ သူ့အလိုအလျောက် အေးအေးချမ်းချမ်းလေး
ချစ်ခင်နေရုံပဲ လို့ ကျနော်က မျှော်လင့်တယ်။ ကျနော် နူးနူးဖက်ကို မငဲ့ကွက်တာ မဟုတ်ပါဘူး။
တယောက်ကိုတယောက် ငြိမ်းချမ်းစွာ ချစ်နေကြရင် ကျနော်တို့ လုံလောက်ပြီ မဟုတ်လား။ ပတ်ဝန်းကျင်လား
……..ကျနော် ဘယ်လို ပြောရမလဲ။
ကျနော့
အိမ်က အိမ်ထောင်ပြုဖို့ ပြောနေတယ် နူးနူးရယ်လို့ ပြောတဲ့အခါ နူးနူးက ကျနော့နဖူးပေါ်က
ဆံစတွေကို ဖယ်ရင်း ရီတယ်။ ကျနော့ဆီက ဒီအပူလောက်ဟာ သူ့ဆီကို စီးကူးမှာ မဟုတ်ဘူး။ အဖြေကို
သိပြီးသားမို့ သူ့အတွက်တော့ ရီစရာတခုသက်သက်ပဲ။ ကျနော့ဆံပင်တွေ ရှည်လာပြီလို့ ပြောရင်း
ပြောနေတဲ့စကားကို ဖော့ပစ်လိုက်တယ်။ နူးနူးဟာလေ အဲ့ဒီအတိုင်းပဲ။
နူးနူး
သီချင်းဆိုပြနော်လို့ ပြောတဲ့အခါတိုင်း တခါတည်းနဲ့ ဘယ်တော့မှ မဆိုပြတတ်ဘူး။ ဘာဖြစ်လို့
လူကိုတွေ့တိုင်း သီချင်းဆိုခိုင်းနေတာလဲ လို့ အထွန့်ပြန်ပြန်တက်တယ်။ မသိလို့နော် နူးနူး
သီချင်းသံဟာ ကျနော့စိတ်ကို တအားငြိမ်းချမ်းစေတာလို့ ဖြေဖို့ ကျနော်က အဆင်သင့်။
တကယ်ကြီးနော်…..ဆိုပြီး
တိုက်တိုက်တွန်းတွန်းလုပ်ရတယ်။ စိတ်လိုလက်ရ ရှိလာရင် သူရတဲ့ သီချင်းတွေ ဆိုပြဖို့ ၀န်မလေးရှာပါဘူး။
ခက်တာက တပိုဒ်လောက်ပြီးရင် သူက သီချင်းမေ့မေ့သွားတတ်တာ။ နူးနူးရယ် ကျနော့ကိုရော မေ့တတ်သေးလားလို့
စိတ်ပူပန်စွာမေးတော့ တခါ ထပ်ရီပြန်တယ်။ ကျနော်က တခါတလေ ကလေးသိပ်ဆန်တယ် မဟုတ်လား နူးနူး။
ကျနော်က
နှစ်ယောက်တည်း ရှိတဲ့အချိန်မှာ နူးနူးမျက်ဝန်းတွေကို စိုက်ပြီး ကြည့်ရတာမျိုးကို ကြိုက်တယ်။
နူးနူးကတော့ နည်းနည်းကြာကြာကြည့်မိတာနဲ့ ပါးတွေရဲလာတာပဲမဟုတ်လား။ ချစ်ခင်တဲ့အကြောင်းပြောဖို့တောင်
ကျနော့ကို နောက်ကျောခိုင်းပြီးမှ ပြောတတ်တာလေ။
နူးနူးက
ကျနော့ရဲ့ အရိပ်ပါ။ ကျနော်နဲ့ အတူ ထပ်တူပါနေတာ။ ကျနော်နာကျင်တဲ့အခါ လိုက်ပါနာကျင်ပြီး
ကျနော်ပျော်ရွှင်တဲ့အခါ အတိုင်းမသိ အတူတူရယ်မောကြ။ ကျနော့ရဲ့ ကြေမွခဲ့ဖူးတဲ့အတိတ်ကို
နူးနူးကိုပြောပြဖူးတဲ့နေ့ကို မှတ်မိသေးတယ်။ နာကျင်မှု မျက်ဝန်းအစုံနဲ့ ကျနော့ကိုယ်
ကျနော် ပြန်မြင်လိုက်ရသလို နူးနူးဟာ ကျနော်နဲ့အတူ အဲ့လောက်ထိ လိုက်ပါ ခံစားမပေးသင့်ဘူးလေ။
နာကျင်စရာ အကြောင်းတွေကို မေ့ပစ်လိုက်ကြရအောင်လို့ မျက်ဝန်းက မျက်ရည်ပွင့်တွေနဲ့အတူ
ထားရစ်ခဲ့ဖို့ပြောရင်း ကျနော့ရဲ့ အက်သံတွေကို ပြန်လည် ဖေးမပေးခဲ့တယ်။
ကျနော်ယုံကြည်ခဲ့ပါတယ်
နူးနူးဟာ ကျနော့ကို အကောင်းဆုံး နားလည်ပေးနိုင်လိမ့်မယ်လို့လေ။ ညဥ့်နက်လေ တိုက်တဲ့လေတွေ
အေးလာလေမို့ ထုံးစံအတိုင်း ကျနော် နှာစေးစ ပြုလာတဲ့အခါ ကျနော်တို့ အတွက် ပြန်ကြဖို့အချိန်တန်ပြီ။
ထိုင်ခဲ့တဲ့
ထိုင်ခုံကိုရော၊ နှစ်ယောက်အတူရှိခဲ့တဲ့ အချိန်တွေကိုရော ကျနော်တို့ ထားရစ်ခဲ့ရပြီ။
သာနေတဲ့ လကို တိမ်တွေဟာ တအုပ်ပြီး တအုပ် ဖြတ်ပြေးနေကြတယ်။ လရောင်ရဲ့ အလင်းအောက်က ကျနော်တို့
နှစ်ယောက်ကရော ဘယ်သူက တိမ်လည်း ဘယ်သူက လ,လည်း မသေချာ။ အချိန်မရွေး တယောက်ကိုတယောက်
ကျော်ဖြတ်သွားကြနိုင်သေးတယ်။
နူးနူး
ဒီညတော့ အမှတ်တရအဖြစ် ကျနော့ကို Richard Marx ရဲ့ Right Here Waiting for you ကိုဆိုပြပါနော်………….