27 February 2010

သစ်ခြောက်ပင်

စိမ်းစိမ်းရယ် မစို
သစ်ခြောက်ပင်အို
....

တောင်ထိပ်မှာ
တစ်ပင်တည်း
ထီးထီးရယ် ကျန်

လေဆန်လည်း
သူမလဲ
လေထန်လည်း
သူမလဲ

အရိပ်ရယ်
မခိုအားတော့
သောင်းသောင်းချီ
ငှက်ပလီဘယ်မနားတယ်
အားကငယ်ငယ်

အနားက
ကလူဆယ်
အကိုင်းခို
တစေ(သရဲ)ခြောက်တောင်
အပန်းပြေ
ငါမကြောက်ပေါင်
ထပ်ခြောက်ပါလှည့်
.....

26 February 2010

အတိုင်းမသိ

အတိုင်းမသိရယ်မို့
မှုန်မှိုင်းလို့နက်ရောင်ခြယ်
လျှပ်ရောင်တစ်ချက်ပေးရင်
ငိုဆွေးလို့ပူမိတယ်
အရေးဆို အတွေးပို
ဒီအကျင့်တွေကြောင့်
အမျက်ရယ်မသိုစေကြောင်း
ထပ်လောင်းကာပြောပါရစေတော့
အတိုင်းမသိ ဒီဝန်မို့………

23 February 2010

ကြာတွေရဲ့နောက်ကွယ်အတွေး


ဟိုလိမ်လို့ဒီထွေး
ကြာရိုးနွယ်
ဘယ်မဆုံးတယ်.............

22 February 2010

တံခါး

တံခါးချပ်တွေဟာ
တခါတရံမှာ
အဆီးအတားဖြစ်သလို

တခါတရံမှာ
အရန်အတားလည်းဖြစ်နေပြန်တယ်

ငါ တံခါးချပ်တွေကို
ဟင်းလင်းဖွင့် ထားခဲ့မိတယ်
တံခါးချပ်တွေကို ဟင်းလင်းဖွင့်ထားခဲ့မိတယ်……………

18 February 2010

မလေးသို့ ငါးကြိမ်မြောက်ခရီးစဉ် (သို့) ပီနန်း

ဒီတစ်ခေါက် မလေးကို ငါးကြိမ်မြောက် ခရီးထွက်ဖြစ်ခဲ့တယ်။ အစက တောင်ပေါ်ကိုသွားဖို့ပါပဲ။ လက်မှတ်လုပ်တဲ့အချိန် အစဉ်မပြေတာနဲ့ ခရီးစဉ်က ချက်ချင်းပြောင်းရွှေ့သွားခဲ့တာ။ အရှေ့က အစ်ကိုတစ်ယောက် ခရီးသွားထားတဲ့ပုံတွေလည်း ကြည့်ရင်း လက်မှတ်တွေလည်း စျေးချနေတာမို့ ပီနန်းကိုပဲ ရွေးချယ်ဖြစ်သွားခဲ့တယ်။

လန်ကာဝီတုံးက air asia နဲ့သက်သာတာမို့ သူ့ကိုရွေးမယ်လုပ်ခဲ့တာ။ ဒါပေမယ့် Jetstar ကပိုသက်သာနေခဲ့တယ်။ တစ်ယောက်ကို အသွားအပြန် စလုံးငွေ၈၃ကျပ်ပဲ ကျပါတယ်။ ရက်အလိုက်စျေးအတက်အကျရှိတာမို့ အင်တာနက်ကနေ စျေးတွက်ကြည့်ဖို့လိုပါတယ်။ ဟိုတယ်ကိုလည်း ဒီဆိုဒ္ ကပဲ ကြိုတင်စီစဉ်သွားခဲ့တယ်။ ဟိုတယ်က ဗြိတိသျှလက်ထက်က အိမ်ဟောင်းလေးမို့ စိတ်ဝင်စားမိတာရယ်၊ လမ်းက ဂျလန်းဘရူးမား (ဘားမား) ဆိုတာရယ် အပြင် သိပ်သက်သာတဲ့ တည်းခိုခကြောင့်ရယ် ရွေးချယ်ဖြစ်သွားတာပါ။ နှစ်ယောက်အိပ်ခန်းတစ်ညကို စလုံးငွေ ၄၄ကျပ်ကျပြီး မနက်စာလည်း ပါပါတယ်။ မနက်စာ ကောင်းကောင်းစားမယ်ဆိုရင်တော့ သိပ်မသင့်လျော်လှပါဘူး။


မနက်နေမထွက်ခင်ကပဲ သွားခဲ့ရတယ်။ လေယာဉ်ချိန်က ၇နာရီစွန်းစွန်းပါ။ ခရီးကြာချိန် တစ်နာရီကျော် မို့ ကိုးနာရီအကျော်မှာ ရောက်သွားခဲ့ပါတယ်။ လေဆိပ်က ဟိုတယ်ကို မောင်းချိန် နာရီဝက်ပါ။

ပီနန်းမြေခြေချတာနဲ့ ဗိုက်ကဆာနေခဲ့ပြီ။ ဟိုတယ်မှာ အထုတ်ချ ပြီးတော့ လိုက်ရှာမိတာ စားသောက်ဆိုင်ပါ။ ကံကောင်းထောက်မှစွာ ညိုညတို့ဆိုင်ကို တန်းတန်းမတ်မတ် ရောက်သွားခဲ့ပါတယ်။ ဟင်းအချက်အပြုတ်နာမည်ကြီးတဲ့ ညိုညလက်ရာကို စိတ်ရှည်လက်ရှည်ကို စောင့်စားခဲ့ရပါတယ်။ စောင့်ပြီး စားခဲ့ရတာမို့ တကယ်ကို စောင့်စားတယ်လို့ သတ်မှတ်ရမှာပါပဲ။ စားခဲ့တဲ့ဟင်းတွေနဲ့ အရသာက ကျနော်တို့ မြန်မာအကြိုက်နဲ့နီးစပ်ပါတယ်။ ရောက်ရင်မြည်းစမ်းကြည့်ပေါ့ဗျာ






ဗိုက်လည်းဝပြီဆိုတော့ အစက ဦးတည်ထားတဲ့အတိုင်း ပထမဆုံးသွားဖြစ်ခဲ့တာ ပီနန်းကျောင်းပါ။ ကျောင်းပရဝုဏ်နားရောက်လေလေ မြန်မာအငွေ့အသက်တွေ ရလေလေထင်ပါရဲ့။ ဆရာတော်ကလည်း မုံရွာဇောတိက ကဆိုတော့ စကားတွေကောင်းနေလိုက်သေးတယ်။


တော်တော်လေးကြာမှ အရှေ့ဘက်က ယိုးဒယားကျောင်းကို သွားဖြစ်ခဲ့တော့တယ်။

ယိုးဒယားဘုရားက ထွက်တော့ Kek Lok Si ကျောင်းကို ကားငှားသွားဖြစ်တယ်။



မီးထွန်းတဲ့ပွဲတော်ချိန်မို့ မီးပုံးလေးတွေက အခုလိုတန်းစီလို့ ဝါတစ်လီ နီတစ်လှည့်ပေါ့


ပြီးတော့ ကွမ်ရင်ကြေးရုပ်ထုကြီးဆီကို တက်ဖို့ နေရာလိုက်ရှာရသေးတယ်။ ပူလီထရိမ်းလေးနဲ့ဗျ။ တကယ့်ကို မတ်မတ်ခရီးကြီး။ တောင်ပေါ်ရှုခင်းနဲ့ လတ်ဆတ်တဲ့လေကို ရသခိုက်လေး ရှူသွင်းလိုက်သေးတယ်။ အောက်မှာတော့ ပြားပြားမှောက်နေတဲ့ ပီနန်းမြို့လေး…


နာရီဝက်ပဲကြာမယ်ဆိုပြီးတက်သွားခဲ့တာ တစ်နာရီကျော်ကြာမှ တောင်အောက်ကိုပြန်ရောက်ခဲ့ပါတယ်။ အပြေးအလွှားဦးတည်ခဲ့ရတာ နာမည်ကျော်ပီနန်းတောင်ဆီကိုပါ.


ဒီမှာလည်း ပူလီထရိန်းနှစ်ဆင့်နဲ့ပဲတက်သွားခဲ့ရပါတယ်။ တပ်ဆင်ထားတာ စိတ်ချရပါ့မလားမတွေးအားပါဘူး။ တောင်ပေါ်ကို ရောက်ချင်လှပြီ။ ပထမတစ်ဆင့်မှာပဲ တော်တော်လေး မြင့်နေခဲ့ပါပြီ။ ဒုတိယအဆင့်ကိုတက်တော့ အရမ်းကို အိပ်ငိုက်လာခဲ့တယ်။ ဘာကြောင့်များပါလိမ့်။

ဒီပုံလေးကိုမြင်တော့ ဂုတ်ထိပ်တံတားကြီးကို သွားသတိရမိပြန်တယ်။


တောင်ပေါ်မှာ အချိန်အတော်ကြာအောင်ဖြုန်းပစ်ခဲ့တယ်။ Kek Lok Si ကျောင်းက မီးထွန်းချိန်ကို ဓါတ်ပုံရိုက်ချင်လို့ပါ။ တောင်တွေကြားမှာ လွတ်နေတဲ့ ကျောင်းအပိုင်းက အမှောင်ကျဖို့ အတော်လေးစောင့်ခဲ့ရတယ်။ ရိုက်လို့ရတဲ့ နေရာကောင်းကလည်း တစ်နေရာတည်းမို့ ဘိုဘိုဟန်ရဲ့ သွေးတောင့်အောင်ရပ်လို့စောင့်တယ်ဆိုတဲ့သီချင်းကို ညည်းရင်း နှစ်နာရီကျော်ကြာအောင် စောင့်ရိုက်ယူခဲ့ရတာပါ။ ထွက်လာတဲ့ပုံတွေထဲက အကောင်းဆုံးလို့ထင်ရတဲ့ ပုံလေးပါ..




နောက်နေ့မနက် ကိုးနာရီမှာ ငှားထားတဲ့ တက္ကစီက အဆင်သင့်ရောက်ခဲ့ပါပြီ။ ပထမဆုံး သွားဖြစ်ခဲ့တာ ပါတိတ်ဆိုင်ပါ။ လက်ရေးပါတိတ်ပြုလုပ်ပုံအဆင့်ဆင့်ကို အတိုချုပ်ရှင်းပြပြီး ပါတိတ်ဆိုင်ထဲကို ရောက်ပါတယ်။ စျေးကြီးတယ်ထင်တယ်။

ရေးနေကျမို့ထင်ပါရဲ့ ဆွဲသွားလိုက်တာ တစ်ချက်တည်း




ပြီးတော့အရုပ်ပြတိုက်ပါ။ အရုပ်ပေါင်းစုံကို စနစ်တကျ စုဆောင်းထားတာမို့ တကယ့်ချီးကျူးစရာပါပဲ။ အရုပ်တွေကို စိတ်ဝင်စားသူမဟုတ်ခဲ့ရင်တော့ ဒီပြတိုက်မှာ စိတ်ဝင်စားစရာ ဘာဆိုဘာမှ မရှိပါဘူး။


တတိယသွားဖြစ်တဲ့နေရာကတော့ လိပ်ပြာတွေဆီကို။

သိပ်လှတဲ့လိပ်ပြာတွေကို တစုတစည်းတည်းတွေ့လိုက်ရင် ဘာလုပ်မလဲဆိုတာ အရင်စဉ်းစားထားပါ။ ကျနော်တော့ ဓါတ်ပုံတွေတစ်ပုံပြီးတစ်ပုံ ရိုက်ဖြစ်ခဲ့တယ်။




လိပ်ပြာတွေဆီကအပြန်မှာတော့ သစ်သီးခြံကို လေ့လာဖို့ဝင်ခဲ့တယ်။

ဒါက ကိတ်မုန့်တွေထဲမှာ သုံးတဲ့ မြေပဲဆန်လို အသီးရဲ့ အပင်ပါ

ရေခဲမုန့်စားတိုင်း တွေ့တွေ့နေရတဲ့ ဗနီလာက နွယ်ပင်အမျိုးဖြစ်နေတယ်

ပြီးတော့ ချယ်ရီသီး

ဒီအသီးကိုတော့မြင်ဖူးပါလိမ့်မယ်

စားဖူးပြီး အပင်မမြင်ဖူးတဲ့ ကျွဲခေါင်းသီးပင်ပါ


ငှက်ပျောသီးပေမယ့် တစ်လုံး 1kg ရှိတဲ့အသီးပင်

နဂါးမောက်သီး

အသီးတွေအားလုံးကြည့်အပြီးမှာ အသီးစုံ ဘူးဖေးစားဖြစ်ခဲ့တယ်။


အကြိုက်ဆုံးအသီးတစ်လုံး ကျန်နေခဲ့လို့ လမ်းမှာပဲ စားဖို့ထပ်ကြိုးစားခဲ့ပါသေးတယ်။ မချိုသင်းရေ စားချင်နေပြီလားဗျ။

ပီနန်းရဲ့ သောက်ရေပေးဖို့ ဆောက်ထားတဲ့ဆည် ပြီးတော့ ဒီဆည်ထဲမှာပဲ နှစ်စဉ် နဂါးလှေပြိုင်ပွဲကျင်းပလေ့ရှိသတဲ့။

လမ်းမှာတော့ ကမ်းခြေဆိုတာကို ဝင်ရောက်ခဲ့ပါကြောင်းနဲ့ ကိုကြီးကျောက် အကြိုက်ဖြစ်မယ်ထင်တာလေး မှတ်မှတ်ရရရိုက်ခဲ့ပါသေးတယ်…စပျစ်သီးလေးတွေဆိုတဲ့သူကိုလည်း အမှတ်ရမိပါတယ်



နေ့လည်ပိုင်းမှာတော့ တနေ့နှစ်ခါပဲဝင်ခွင့်ရှိတဲ့ အိမ်ပြာကြီးဆီကိုပါ။

ဟိတ်နဲ့ဟန်နဲ့ စတိုင်အပြည့်ရှင်းပြတဲ့ ဒီတိုးဂိုက်က တကယ့်ပညာရှင်လိုလို။ ဖုန်းရွှေဆိုတဲ့ အရာကိုတရုတ်တွေဘယ်လောက်အရေးထားသလဲဆိုတာ ဒီအိမ်ရဲ့ အပြင်အဆင်မှာ အတိုင်းသား။ ဧည့်သည်နဲ့ မိသားစုကြားတံခါးတစ်ချပ်နဲ့ခြားထားတဲ့ အရာက ကျနော်တို့ မြန်မာတွေအလေ့အထနဲ့အတော်လေး ပြောင်းပြန်ဖြစ်နေတာကိုး။ မြန်မာတွေက ဧည့်သည်ကို ထမင်းကျွေးပြီးမှ ပြန်လွှတ်တတ်တာမျိုးလေ။ ဝင်လာတဲ့မိုးရေတွေကို အိမ်ထဲမှာ ဘယ်လိုသိုလှောင်ရမယ်ကအစ နည်းစနစ်တကျ။ ကျနော်စိတ်အဝင်စားဆုံးက ကြွေပန်းကန်ရောင်စုံတွေကို ခွဲပြီး နံရံမှာ အရုပ်ပန်းချီတွေလုပ်ထားတဲ့အရာ။ ဓါတ်ပုံရိုက်ခွင့်လုံးဝ မပြုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပို့စ်ကဒ်တွေအဖြစ် ဒီပုံတွေကို အထွက်မှာရောင်းတာကြောင့်ပါပဲ။ အခန်းပေါင်းများစွာ တံခါးပေါက်ပေါင်းများစွာမှာ တရုတ်တွေရဲ့ ယင်နဲ့ယန်ဓါတ်တွေပါအောင် ပြီးတော့ သံချောင်းဆိုတာကို မသုံးပဲ ဆောက်လုပ်တဲ့ အတတ်ပညာတွေ အာခီတွေ ဆောက်လုပ်ရေးသမားတွေအတွက် လေ့လာလို့ကောင်းမယ့် အိမ်တစ်လုံးပါပဲ။

အိမ်ပြာကြီးဆီကနေ ပါရာနန်ခမ်းညိုညစံအိမ်တော်ကိုဆက်သွားဖြစ်တယ်။




မွန်တစ်ယောက် ရခိုင်တစ်ယောက် တိုးဂိုက်လုပ်နေခဲ့တဲ့နေရာပေါ့။ အပြင်အဆင်တွေကတော့ အတူတူပါပဲ။ ညိုညမိန်းမပျိုတွေအရွယ်ရောက်ရင် ကိုယ်တိုင်စီးဖို့ ဖိနပ်ကိုထိုးရသတဲ့။ ဖိနပ်ကိုကြည့်ပြီး အိမ်ထောင်ဖက်ကောင်းကောင်း ရတတ်တာမို့ ဖိနပ်မထိုးတတ်ရင် အိမ်ထောင်ကျဖို့မလွယ်ပါလားလို့ တွေးမိတယ်။ ဖိနပ်မှာထိုးတဲ့ အရာတွေကို ဂျာမဏီကမှာယူရတာဖြစ်ပါတယ်။ ပစ္စည်းတော်တော်များများက အနောက်ဖက်က များတာမို့ အရင်တုန်းက ကုန်သွယ်ရေးအချက်အချာ တကယ့်နေရာ ဖြစ်ခဲ့တာ သေချာနေပြန်တယ်။

ညနေအပြန်မှာတော့ လှေဆိပ်ကိုလိုက်ပို့ခိုင်းခဲ့တယ်။ ဒါပေမယ့်ကျနော်သွားချင်တဲ့ လှေဆိပ်မဟုတ်ခဲ့ဘူးထင်တယ်။ စိတ်ဝင်စားစရာသိပ်မကောင်းတာမို့ ခဏပဲနေပြီး ပြန်ထွက်လာဖြစ်တယ်။

ညနေစာကိုတော့ ပင်လယ်စာကောင်းကောင်းဆိုင်မှာ စားခဲ့တယ်။

ဂဏန်းပျော့ကြိုက်တယ်ဆိုတဲ့သူကို သတိရစွာ ဂဏန်းပျော့မှာစားခဲ့ပါတယ်။

ဟင်းနုနွယ်နဲ့ စကားလော့ကို ချက်ထားတာလေးလည်း မြည်းခဲ့သေးတယ်


ကျနော်ခေါ်တဲ့နာမည်က ငါးရုပ်ဆိုးဟင်းပါ (တကယ်က နာမည်မခေါ်တတ်လို့ :P)


နောက်တနေ့ကိုတော့ မရောက်ဖြစ်သေးတဲ့ Fort Cornwallis ကိုပထမဆုံးသွားဖြစ်တယ်။ ကျနော်တို့ဆီက မင်းလှခံတပ်လိုမဟုတ်ပဲ စနစ်တကျ ထိန်းသိမ်းထားတာကို တွေ့ခဲ့ရတယ်။ အဝင်ဝက အထဲမဝင်ပဲ အပြင်ကနေ ဓါတ်ပုံမရိုက်ပါနဲ့လို့ ရေးထားတဲ့ စာတမ်းကို အမှတ်တရ ရိုက်ဖြစ်ခဲ့ပါတယ်။



ကမ်းနားဖက်လမ်းလျှောက်ရင်း တွေ့ခဲ့တာက အမှတ်တရမှတ်တိုင်ပါ။ ကမ္ဘာစစ်တွေအပြင် ထိုင်း-မြန်မာ သေမင်းတမန်ရထားလမ်းအတွက်ပါ ပါနေခဲ့တာမို့ တကယ့်လွမ်းမောဖွယ်။ စစ်ဆိုတာ နောက်ထပ်မရှိတော့အောင် စစ်ဖြစ်ဖို့ ကျနော်တို့ မေ့နေကြရင်ကောင်းမယ်နော်။


နောက်တစ်ခုက နာမည်ကျော် Koo Kong Si။ ဓါတ်ပုံကို ပဲ ဓါတ်ပုံရိုက်ခဲ့ပါတယ်။ ကျနော်ရိုက်ရင် အဲ့ဒီလောက်လှမှာမဟုတ်ဘူး ဒါသေချာတယ်။ ဒီဘုံရုံက Ann and The King ဇာတ်ဝင်ခန်းထဲမှာ ပါခဲ့ဖူးတယ်။ သိပ်လှတဲ့ အနုပညာတွွေပေါ့။

နေ့လည်ပိုင်းကိုတော့ မလေးမှာ အကြီးဆုံးရှော့ပင်းမောတစ်ခုဖြစ်တဲ့ Queens Bay မှာ အချိန်ဖြုန်းတယ်။

ညနေဖက် ပီနန်ကျွန်းပေါ်ကိုဆင်းလာတဲ့ လေယာဉ်ကိုစောင့်ရိုက်တယ်။ အိမ်ပြန်ချင်လိုက်တာလို့ ညည်းမိတယ်။

အရှေ့တောင်အာရှမှာ အရှည်ဆုံးတံတားဆိုတာကိုလည်း တမျှော်ကြီးကြည့်မိသေးတယ်။ တံတားပေါ်က မဖြတ်ဖြစ်ခဲ့မိဘူး။

အိမ်အပြန်မှာတော့ လိုင်းကားကို အတင်းစီးဖြစ်ခဲ့တယ်။ တစ်စင်းလာတိုင်း ဂျလန်းဘရူးမားပြန်မှာလားဟင်လို့ မေးလိုက်ပြန်ဆင်းလိုက်နဲ့ တစ်လမ်းမောင်းစနစ်က သိပ်တော့အဆင်မပြေစေဘူး။ နောက်ဆုံးမှာတော့ အောင်မြင်စွာ ဟိုတယ်ကို လိုင်းကားနဲ့ပြန်ဖြစ်ခဲ့ပါတော့တယ်။

မနက် အိပ်ရာအစောထ။ ဟိုတယ်ကို အမှတ်တရ ဓါတ်ပုံရိုက်တယ်။ ဟိုတယ်က ကားလည်း လေဆိပ်ကိုသွားဖို့ စောင့်နေခဲ့ပြီ။

တိမ်ပင်လယ်တွေကို ငေးနေမိရင်း...



အင်း ရောက်ပြန်ပြီပေါ့ စင်္ကာပူရယ်………………….