08 October 2019

တညတာ ဆန်ဂျီနီနားနိုး


ခရီးစဉ် ရေးဆွဲနေတုန်းမှာ ဒီမြို့လေးရဲ့ ပုံလေးကိုတွေ့မိတယ်။ ကားမောင်းပြီး ဖီရန့်ဇေကို ပြန်မယ်ဆိုတဲ့ ကနဦးအစီအစဉ်မှာ နောက်ထပ်ရှုခင်းသာတဲ့ တခြားလမ်းက ပြန်မယ်ဆိုပြီး လမ်းတဝက်ဒီမြို့မှာ တညအိပ်ဖို့ပါပဲ။ ဆိုတော့ ဆီယမ်နာကနေ ကားငှားပြီးလာဖို့ တည်းတဲ့အိမ်ကို အကူအညီတောင်းပါတယ်။ ရှုခင်းသာတဲ့ လမ်းကနေ မောင်းဖို့ ကားခကိုပိုပေးရပါတယ်။ အထုတ်တွေနဲ့ အိမ်ရှင်တွေကို နှုတ်ဆက်ရင်း ကားလာကြိုတာကို စောင့်ကြတယ်။

ကားလာတာနဲ့ ဆန်ဂျီနီနားနိုးကို ချီတက်ကြတယ်။ လမ်းမှာ ကားသမားနဲ့ မိတ်ဖွဲ့ရင်း ကားသမားက စင်္ကာပူအကြောင်း မြန်မာပြည်အကြောင်းတွေ မေးစမ်းနေတော့တယ်။ သူတို့လုံးလုံး မကြားဖူးမရောက်ဖူးတဲ့ အရပ်တွေဆိုတော့ အဆန်းတွေဖြစ်နေတာ။ လမ်းတလျှောက်ရှုခင်းတွေက သိပ်ကိုလှပါတယ်။ မြို့ဟောင်းတချို့ကိုလည်း ဖြတ်သွားရတယ်။ စိတ်ရှိလက်ရှိ ဓါတ်ပုံဆင်းရိုက်ရင်တော့ လိုရင်းကို ရောက်မှာ မဟုတ်ဘူး။

ဆန်ဂျီနီနားနိုးက တောင်ပေါ်ရှေးဟောင်းမြို့လေးပါ။ မျှော်စင်တွေ အများကြီးရှိပြီး ယနေ့ထက်ထိ ထိန်းသိမ်းထားတာမို့ ဗိသုကာပညာကို တဝကြီးခံစားလို့ရပါတယ်။မြို့အဝင်မှာ ကားက ဆက်သွားလို့မရတော့ဘူးဆိုပြီး ထားခဲ့ပါတယ်။ တကယ်က ဟိုတယ်ကို ရောက်တဲ့လမ်းရှိတယ် မြို့ခံမဟုတ်တော့ သေချာ မသိတာလား၊ လိုက်မပို့ချင်တာပဲလား တခုခုပါ။ အဝင်လမ်းကနေ ဟိုတယ်တလျှောက် ကျောက်တုံးခင်းလမ်းမှာ ခရီးဆောင်အိတ်ကြီးတွေနဲ့ဆိုတော့ မြင်ယောင်သာကြည့်ပါ။ 








ဟိုတယ်က စောနေသေးလို့ ဟိုတယ်မှာ အထုတ်တွေထားပြီး မြို့ကို ပတ်တယ်။ ဟိုတယ်နားမှာ ရေခဲမုန့်အရင်ဆုံးဝယ်စားတယ်။ သစ်ရွက်စိမ်းတွေနဲ့ လှနေတဲ့ နံရံကို အပြေးအလွှား ဓါတ်ပုံရိုက်ကြတယ်။အနားက ဘုရားကျောင်းလိုလို အဆောက်အဦးမှာ ဓါတ်ပုံဝင်ရိုက်ကြတယ်။ မြို့သေးလို့လား မသိဘူး ဧည့်သည်တအားများမနေဘူး။ နောက်မှ သိတာက အဲ့ဒီအဆောက်အဦးကနေ တက်ကြည့်ခွင့်ပေးထားတဲ့ မျှော်စင်ကို သွားရတယ်ဆိုတာပဲ။








မျှော်စင်ကို တက်ကြည့်ဖို့ အောက်မှာ ပတ်ရှာနေရသေးတယ်။ နောက်မှ အစောက အဆောက်အဦးကနေ တဆင့်ပြန်တက်ရတယ်။ မျှော်စင်က အတော်လေးမြင့်သလို လေလည်း တဟူးဟူးတိုက်နေတယ်။ အပေါ်က မြင်ရတဲ့ ရှုခင်း သိပ်လှသလို ရာသီဥတု အေးလိုက်တာ ရေခဲမှတ်ပဲ။ သိပ်မကြာခင် ကင်မရာက ဟန်းသွားတယ်။ ခလုတ်နှိပ်လို့ကို မရတော့တာမို့ စိတ်ပူသွားမိတယ်။ အောက်ရောက်ပြီး အတော်လေးကြာမှ ကင်မရာ အလုပ်ပြန်လုပ်ပါတယ်။






မျှော်စင်ပေါ်ကနေ တမျှော်တခေါ် မြင်ရတဲ့ တောင်ကုန်းတွေကို ကြည့်လို မဆုံးပေမယ့် ဗိုက်ဆာတာနဲ့ ပြန်ဆင်းလာကြတယ်။ စားသောက်ဆိုင်တွေ ထိုင်စားရင် ကြာမှာမို့ ပီဇာမှာပြီး လမ်းလျှောက်ရင်းစားကြတယ်။ မြို့ပြင်ထွက်ပြီး မြို့ရိုးနဲ့ အနားက လမ်းကြားလေးတွေထဲ ဆင်းကြည့်ကြတယ်။ စပျစ်ခင်းတခုမှာ အဆုံးသတ်သွားတယ်။ သူ့နောက်ဖက် ဟိုးအဝေးမှာလည်း စပျစ်ခင်းတွေပဲ။


အောက်ကနေ မြို့ရိုးပေါ်ကို တက်လာကြတယ်။ မြို့ရိုးတလျှောက်ဝါစိမ်းနီနေတဲ့ သစ်ရွက်တွေက အတော်လေး လှနေတယ်။ ခရီးသွားဧည့်သည်တွေ ဓါတ်ပုံရိုက်လို့ကောင်းတဲ့ နေရာတွေပေါ့။ မိုးနည်းနည်း ကျလာတာနဲ့ ဟိုတယ်ကို ပြန်လာကြတယ်။ ဟိုတယ်ကမြို့လည်ခေါင် ရှုခင်းကောင်းတဲ့ နေရာမို့ အပေါ်ကနေ ဓါတ်ပုံရိုက်ကြပြန်တယ်။

မိုးလည်းရွာ အေးလည်းအေးတာမို့ ဟိုတယ်ခန်းထဲမှာပဲ နေကြရတယ်။ အပြင်ထွက်ဖို့ အခွင့်မသာခဲ့ဘူး။ ဝယ်ထားတဲ့ ပေါင်မုန့်ရယ် ဆလာမီနဲ့ ဝိုင်ဟာ ညစာပဲဖြစ်သွားတယ်။



မနက်စာစားတဲ့ ရှုခင်းကတော့ စိတ်ထဲခုထိ အမြဲတသသ ဖြစ်ရစေခဲ့တယ်။ ဟိုတယ်ကနေ ဆန်ဂျီနီနားနိုးမြို့ရှုခင်းဟာ အိပ်မက်ဆန်လွန်းတယ်။ စိမ်းတချီ ဝါတလှည့်တောင်ကုန်းအနိမ့်အမြင့်တွေကြားမှာ ရွှေဝါရောင်မြို့ အဆောက်အဦးတွေကို နှင်းမြူဇာပုဝါက ခြုံလွှားထားခဲ့တာ...

ဟိုတယ်ကနေ တက္ကစီငှားပြီး အနားက ဘူတာရုံကိုသွားကြမယ်။ ကျနော်တို့ရောမမြို့ကို ရောက်ဖို့ သိပ်မလိုတော့ဘူး.....

No comments: