24 March 2018

ကမ်းခြေ အိမ်ကိုးလုံးဈေးတန်းနဲ့ ရေတံခွန်


ဒုတိယနေ့ကိုတော့ တိုင်ပေမြို့နဲ့ ဝေးတဲ့ ကမ်းခြေတခုကို သွားဖို့ စီစဉ်ထားတယ်။ ကားသမားကတော့ ကျနော်တို့ကို လေဆိပ်လာကြိုတဲ့ ကားဆရာပါပဲ။ နောက်ထပ် အမျိုးရဲ့ သူငယ်ချင်းတယောက်ပါ ပါလာတော့ ကျနော်တို့တွေ လူစုံတက်စုံပဲပေါ့...
ကမ်းခြေဆိုပေမယ့် ပန်းခြံတခုအဖြစ် နာမည်ကျော်ပြီး ခရီးသည်တွေ အများအပြားကို ဆွဲဆောင်ထားတဲ့ ဘုရင်မဦးခေါင်း အပါအဝင် ကျောက်စွယ်ပန်းခက်ရုပ်ထုတွေ သဘာဝအတိုင်းဖြစ်တည်နေတဲ့ ပန်းခြံပါ။ တနာရီခွဲကျော်ကျော်လောက် မောင်းလာပြီးတဲ့အခါ ပန်းခြံကိုရောက်တယ်။ ပန်းခြံအဝင်ဝမှာ ဈေးတန်း၊ သူ့အနောက်ထဲမှာ အရုပ်လှလှလေးတွေနဲ့ ပန်းခြံဆိုင်းဘုတ်၊ နောက်ထဲ ဆက်ဝင်သွားတဲ့အခါ ပင်လယ်အသံကိုစကြားရသလို ကျောက်ဆောင်ကျောက်တန်းတွေကို စမြင်နေရပြီ။ 
နေကလည်း အတော်ပူတာမို့ အမျိုးတွေက သူတို့ နေပူခံ ဆေးဗူးတွေ တရှူးရှူးနဲ့ဖြန်းပေးကြတယ်။ ကျနော်တို့ကတော့ တယောက်မှ အဲ့ဒါတွေ ပြင်ဆင်မလာခဲ့မိဘူး။ ဧည့်သည်တွေကလည်း ပန်းခြံထဲ ပြန့်ကျဲနေတာပါပဲ။ တချို့နေရာတွေ သိပ်လှလို့ တက်ပြီး ဓါတ်ပုံရိုက်ကြတယ် အစောင့်က မတက်ရဘူး လာပြောလို့ပြန်ဆင်းလိုက် လူလစ်မှ ပြန်တက်လိုက် လုပ်ကြတယ်။ ကောင်းကင်ပြာက သိပ်လှတာကြောင့် ခုန်တဲ့ ပုံရိုက်ရင် ကောင်းကင်ပြာထဲ မျောလွင့်နေသလိုပါပဲ။



ဘုရင်မဦးခေါင်းပုံနဲ့တွဲရိုက်ချင်ရင်တော့ တန်းစီရပါတယ်။ အစောင့်က ခဏပဲ အချိန်ပေးတာမို့ တန်းစီတော့ နာရီဝက် ရိုက်ရတာက ငါးမိနစ်ဆိုပြီး ပြောစမှတ်ဖြစ်ခဲ့ကြတယ်။ လူသိပ်များတဲ့ နေရာမှာ မနေကြပဲ တခြားခပ်ဝေးဝေးကို လမ်းလျှောက်ကြတယ်။ လမ်းမှာ တက်သစ်စ မော်ဒယ်လေးတွေကို ချစ်ဖို့ကောင်းလို့ ဓါတ်ပုံရိုက်ယူခဲ့ဖြစ်တယ်။ 
တောင်ကုန်းတခုကို တက်ပြီး တို့ဖူးတုံးတွေကို သွားကြည့်ကြသေးတယ်။ နေကတော့ အတော်ပူတာပါပဲ။


ဈေးတန်းဖက်ပြန်လာပြီး နေ့လည်စာ ပင်လယ်စာတွေ စားဖြစ်ခဲ့ကြ ပြန်တယ်။

ပန်းခြံကနေ အိမ်ကိုးလုံးဖက်ကို လာတဲ့လမ်းတလျှောက်က ပင်လယ်နဲ့ အပြိုင်ဖောက်ထားတဲ့ လမ်းကို ငေးပြီးလိုက်လာမိတယ်။ သွားနေရင်း တနေရာရောက်တဲ့အခါ ရေရဲ့အရောင်ဟာ အပြာရောင်လွင်လွင်ထဲမှာ အဝါရောင်ရောနေတဲ့အလှဟာ တမျိုးဆန်းနေတာပါပဲ။


လမ်းက လှတဲ့ကျောက်ဆောင်တွေမှာ ကားခဏရပ်ပြီး ဓါတ်ပုံရိုက်ကြတယ်။ ပြီးတော့ ကမ်းခြေတခုနားမှာ ပန်းချီဆွဲနေတဲ့ ရှုခင်းကိုလည်း ဝင်ငေးကြသေးတယ်။




ပြီးမှတောင်ပေါ်ကိုတက်ပြီး လမ်းက ရေတံခွန်တခုကိုဝင်ဖြစ်တယ်။ ရွှေမိုင်းကရေတံခွန်မို့ ရွှေရေတံခွန်လို့ပဲ ဆိုကြပါစို့...








အိမ်ကိုးလုံးဈေးတန်းက ဘုရားပွဲလို ကြိတ်ကြိတ်တိုးစည်တာပဲ။ လမ်းတဖက်တချက် ဈေးဆိုင်တွေမှာ အမှတ်တရပစ္စည်းဆိုင်တွေ၊ သရေစာမုန့်ဆိုင်တွေ အစီအရီ။ တန်းစီစားသောက်နေတဲ့ လူတွေကလည်း အပုံအပင်။

ထိုင်ဝမ်ရဲ့ နာမည်ကျော် လက်ဖက်ရည်ကြမ်း သောက်ခြင်းကိုလည်း တပွဲတလမ်း အကဲစမ်းကြတယ်။ မိသားစုလိုက် လာသောက်ကြပြီး လက်ဖက်ရည်ကြမ်းကျိုတာ စနစ်တကျ သေသေသပ်သပ် ကျိုရင်း တောင်တန်းတွေနဲ့ပင်လယ်ကိုခံစားသက်ဝင် အပန်းဖြေကြတာ လေ့လာခဲ့ရပါတယ်။

လူတွေလည်း အတော်ပင်ပန်းတော့မှ ထိုင်ပေကိုပြန်ခဲ့ကြတယ်။ နေရောင်က မြို့ကြီးဆီကို တရွေ့ရွေ့ပြန်လာခဲ့ရင်း ဒီတရက်ခရီးစဉ်ကို အဆုံးသတ်ခဲ့ကြတော့တယ်....

04 March 2018

၂၀၁၂နှစ်များဆီက မြေပဲဆန်သို့

တကယ်တမ်းသွားဖြစ်ခဲ့တာ ၂၀၁၂ကတည်းပါ။ ဒါကြောင့် ၂၀၁၂နှစ်များဆီက မြေပဲဆန်သို့လို့ ခေါင်းစဉ်ပေးဖြစ်ပါတယ်။ ရေးထားဖြစ်တာကြာပေမယ့် ရေးထားဖူးတဲ့ စာအဟောင်းပျောက်သွားတာရော စာမရေးဖြစ်တာ ကြာတာကြောင့်ရော ဒီခရီးစဉ်ကို ခြောက်နှစ်အကြာမှပဲ ပြန်စရေးဖြစ်တော့တယ်....

မြေပဲဆန်ဆိုတဲ့ ထိုင်ဝမ်ကျွန်းကို သွားဖို့မထင်မှတ်ပဲ ဖြစ်လာခဲ့တယ်။ သူငယ်ချင်းတယောက် ထိုင်ဝမ်သားနဲ့ အိမ်ထောင်ပြုမှာကြောင့် ကျနော်တို့ကိုလာစေချင်တယ်ဆိုတာနဲ့ ထိုင်ဝမ်ကိုဘယ်လိုသွားမလဲ ဘာတွေလုပ်မလဲ စလေ့လာပါတယ်။ အရင်က ကိုတီဇက်အေ ဘလော့မှာတင်ထားဖူးတာတွေ သူများတွေ သွားထားဖူးတာတွေ လိုက်ဖတ်ရပါတယ်။

ပထမဆုံးကတော့ ဗီဇာလျှောက်ခြင်းပဲပေါ့။ ကျနော်တို့ခရီးတခုသွားမယ်ဆိုရင် ဒီအလုပ်ကို အရင်လုပ်ရစမြဲလေ။ online application ကို ဒီမှာတင်ပါတယ်။ ပြီးမှ နိုင်ငံကူးလတ်မှတ်နဲ့ ဖောင်ကို PSA building ရုံးမှာသွားတင်ခဲ့တယ်။ ပြန်လာရွေးရမယ့် ရက်ကိုတခါတည်း ရေးပေးလိုက်ပါတယ်။ ဗီဇာရမှာ မပူရတော့ဘူးဆိုတော့ လေယာဉ်လက်မှတ်ကို ဝယ်ရပြီပေါ့။ 
လေယာဉ်လက်မှတ်ကိုတော့ Tiger Airway နဲ့ ဝယ်ဖြစ်ခဲ့တယ်။ တယောက်ကို စလုံး ၃၄၀လောက်ပေးရပါတယ်။ လေယာဉ်လက်မှတ်ပြီးတဲ့အခါ နေစရာ. ဟိုတယ်တွေ ဈေးနှုန်းကတော့ အတော်လေးများနေတာ တွေ့ရပါတယ်။ နောက်တော့ ထိုင်ဝမ်က လိုက်ပို့ပေးမယ့် အမျိုးတယောက် အိမ်နားက အခန်းကိုပဲ ငှားဖြစ်ခဲ့တော့တယ်။ တရက်ကို စလုံး၄၀လောက်ပေးရတယ်ထင်တာပါပဲ။ အခုသေချာ မမှတ်မိတော့ဘူး။

ခရီးစဉ်ကိုတော့ ထိုင်ဝမ်က အမျိုးကပဲ စီစဉ်ထားပါတယ်။ လေယာဉ်က မနက်စောစောလေယာဉ်မို့ နေ့လည် တနာရီခွဲမှာ ထိုင်ဝမ်ကို ရောက်ပါတယ်။ အမေးအမြန်းသိပ်မရှိပါဘူး အေးဆေးပဲ လူဝင်မှုကြီးကြပ်ရေးကို အေးဆေးဖြတ်ပါတယ်။ အပြင်ဖက်မှာလည်း အမျိုးက စောင့်နေပြီ။ သူက သိပ်အားတာမဟုတ်တော့ အားနာမိတယ်။

ကားဆရာပါ ငှားလာတာဆိုတော့ အတော်လေး အဆင်ပြေသွားတယ်။ မဟုတ်ရင် ဘယ်နားကားငှားရမှန်းသိတာမဟုတ်ဘူးရယ်။ အမျိုးအိမ်ကိုရောက်တဲ့အခါ အထုတ်တွေချ နေ့လည်စာ ဟော့ပေါ့ သွားစားကြတယ်။ ဟော့ပေါ့ဆိုင်မှာ အကြိုက်ဆုံးက Häagen-Dazs ရေခဲမုန့်အဝစားကိုပါပဲ။ ဟော့ပေါ့ဆွဲပြီးတာနဲ့ ရထားကဒ်ပြားဝယ်တယ်။ နေ့တပိုင်းလောက်ပဲကျန်တော့တဲ့ ဒီနေ့မှာ ဘယ်ကိုသွားကြမလဲ....






ပထမဆုံး ချန်ကေရှိတ် မမ်မိုရီရယ်ဟောကိုသွားကြတယ်။ တာဝန်ချိန်ပြောင်းကြတာတွေတော့ မတွေ့ခဲ့ရပါပြီ။ 
ချန်ကေရှိတ် မမ်မိုရီရယ်ဟောကနေ ဆွန်ယက်ဆင် မယ်မိုရီရယ်ဟောကို ကူးကြတယ်။ ဆွန်ယက်ဆင်ဟောမှာ မှောင်သည်အထိ ထိုင်ပြီး ၁၀၁ မီးလင်းလာတာ ရေပန်းတွေဖွင့်တာကို ငေးကြတယ်။



မှောင်လာတော့မှ ထိုင်ဝမ်ရဲ့ အဓိကစွဲဆောင်မှုတခုဖြစ်တဲ့ ညဈေးတန်းကို ပတ်ကြတော့တယ်။ ဈေးချိုတယ်ဆိုတဲ့ တီရှပ်တွေကို ဈေးထပ်ဆစ်ပြီးဝယ်ကြတယ်။ ဈေးတန်းတလျှောက်မှာရှိတဲ့ မုန့်တွေကိုလည်း ဘယ်အလွတ်ပေးခဲ့လိမ့်မလဲ.......