11 July 2017

လွမ်ပရာဘန် City Tour


ဒုတိယနေ့မှာ City Tour ကိုစီစဉ်ထားတယ်။ မနက်စောစောထနေကျမို့ ဟိုတယ်နားက ဝန်းကျင်ကိုလျှောက်ရင်း ခေါက်ဆွဲဆိုင်ကို တွေ့တယ်။ ချမ်းအေးနေတဲ့ မနက်ခင်းမှာ ခေါက်ဆွဲပူပူစားလိုက်ရတာဟာ မင်္ဂလာတပါးပဲ မဟုတ်လား။ ခေါက်ဆွဲစားပြီး ဟိုတယ်က မနက်စာ Banana Pancake နဲ့ ကော်ဖီမှာပြီးရင် ရေချိုးခန်းဝင် အားလုံးက အစီအစဉ်တကျ...


စစချင်းနန်းတော်ဟောင်းကို သွားကြတယ်။ ပရိတ်သတ်တွေဟာ များလွန်းလို့ တန်းစီနေရတယ်။ ဖိနပ်မစီးရ၊ ဓါတ်ပုံမရိုက်ရဘူး၊ ပစ္စည်းတွေအကုန်လုံး အပြင်မှာ ထားခဲ့ရတယ်။ နန်းတော်ဟာ အရှေ့အနောက် ယဉ်ကျေးမှုတွေကူးလူးမှု ပြယုဂ်ဖြစ်နေသလို သမိုင်းနောက်ခံ အဆောက်အအုံတခုလည်းဖြစ်ပါတယ်။ ပြင်သစ်၊ အီတာလျံ၊ ယိုးဒယားနဲ့ ဂျပန်တို့ရဲ့ နယ်ချဲ့ကိုလိုနီ စစ်ရိပ်စစ်ငွေ့တွေလည်း အတိုင်းသားမြင်ရစေတယ်။ အထူးခြားဆုံးက ဘုရင်ရဲ့ ပန်းချီကားပါ။ ဘယ်အရပ်မျက်နှာကနေ ကြည့်ကြည့် သူ့မျက်လုံးတွေက ကြည့်သူကို ပြန်စိုက်ကြည့်နေတဲ့ ပုံပါ။ ကြီးမားကျယ်ဝန်းတဲ့ နန်းတော်ကြီးပြင်ပမှာ ဘုရင်စီးခဲ့တဲ့ ကားတွေနဲ့ ကားအတွက် ဆီဖြည့်ဖို့  နေရာပါရှိနေခဲ့တယ်။ လာအိုတနိုင်ငံလုံးမှာ ဘုရင်ပဲ ကားစီးခဲ့တာတဲ့လေ။ အခုတော့လည်း သူ့ရဲ့မျိုးဆက်သစ်တွေတောင် နိုင်ငံရပ်ခြားမှာ ဝေးလွင့်နေခဲ့ပြီတဲ့လေ...






နောက်တနေရာအဖြစ် Golden Temple ကိုဝင်တယ်။ Temple တွေအများကြီးရှိတဲ့ ဒီမြို့ငယ်လေးမှာ တခြား Temple တွေမရောက်ဖြစ်ရင်တောင် ဒီနေရာကိုတော့ မလာမဖြစ်လာသင့်တယ်။ လာအိုရဲ့ အနုပညာလက်ရာတွေ စုစည်းထားတဲ့နေရာ ဖြစ်သလို ရှေးဘုရင်အစဉ်အဆက် နန်းဆက်ခံရာ နေရာတခုအဖြစ် နိုင်ငံ့သမိုင်းဝင် အဆောက်အဦးဖြစ်ပါတယ်။ 

ကျနော်တို့ရဲ့ တိုးဂိုက်ကတော့ သူတို့ရဲ့ သမိုင်းကြောင်းကို မရမက ၁၅မိနစ်ဆိုပြီး လိုက်ရှင်းပြနေတယ်။ ကျနော်တို့ တယောက်ချင်းစီကလည်း ဓါတ်ပုံရိုက်ဖို့ကိုပဲ အားသန်နေကြတယ်။ နှစ်ယောက်လောက်က သူပြောတာကို နားထောင်ပေးချိန်မှာ ကျန်တဲ့နှစ်ယောက်က ဓါတ်ပုံပြေးရိုက်ကြရတယ်။








Golden Temple တည်နေတဲ့နေရာက နမ့်ခမ်းမြစ်နဲ့ မဲခေါင်မြစ်တို့ ဆုံတဲ့နေရာမို့ ကျနော်တို့ မဲခေါင်မြစ်တွင်း လေ့လာရေးခရီးကို ဒီနေရာကနေ စလိုက်တယ်။ Long Boat လို့ခေါ်တဲ့ စက်တပ်လှေနဲ့ မဲခေါင်မြစ်ကို ဆန်တက်ရင်း လမ်းတလျှောက် ဓါတ်ပုံတွေ ရိုက်ဖြစ်တယ်။ စက်သံဆူနေတာကလွဲရင် ဘေးနှစ်ဖက်ကတောင်တွေ၊ ကြည်လင်စိမ်းနေတဲ့ ရေပြင်၊ ဒေသခံတွေရဲ့ နေ့တဒူဝ လှုပ်ရှားပုံတွေက စိတ်ဝင်စားဖို့ သိပ်ကောင်းစေတယ်လေ။









မဲခေါင်မြစ်အတွင်းမှာပဲ ကျနော်တို့ နေ့လည်စာစားကြတယ်။ နှစ်နာရီလောက် လှေစီးပြီးတဲ့အခါ  ထုံးကျောက်တောင်စွယ်တွေနဲ့အတူ မဲခေါင်မြစ်နဲ့ နမ့်ဦးမြစ်တို့ ဆုံစည်းရာ လှပတဲ့ Pak Ou ဂူကိုရောက်ပါတယ်။ ဒေသခံတွေအဆိုအရတော့ တရုတ်ပြည်က ဓမြရန်ကြောင့် ဆင်းတုတော်ပေါင်း များစွာကို ဂူထဲမှာ ဝှက်ထားပြီး တိတ်တဆိတ်ကိုးကွယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ဆင်းတုတောင် ထောင်ပေါင်းများစွာ ရှိနေခဲ့ပါတယ်။ တကယ်တမ်း ကျနော်တို့ ပင်းတယဂူက ဘုရားတွေက ပိုသပ္ဗါယ်ပါတယ်။ အထက်ဂူနဲ့ အောက်ဂူနှစ်ခုရှိပြီး အထက်ဂူကိုရောက်ဖို့ လှေကားထစ်များစွာက စောင့်ကြိုနေပါတယ်။ အထက်ဂူထဲကို ဝင်ဖို့ အဝင်ဝမှာ ဓါတ်မီးငှားပေးပါတယ်။ အထဲမှာ အလင်းရောင်မရှိတဲ့အပြင် ကြည့်စရာလည်း အထွေအထူး သိပ်မရှိလှပါဘူး။ အောက်ဂူက ရှုခင်းပိုသာပြီး ဆင်းတုတော်တွေ အများကြီးရှိနေပါတယ်။





ဂူကနေ ပြန်ဆင်းလာပြီး စက်လှေနဲ့ပဲ ပြန်စုန်ကြတယ်။ ဒီနေ့ညနေ နေဝင်တာကို ဖူဆီတောင်ကနေ ကြည့်မယ်လို့ စီစဉ်ထားပါတယ်။ ဖူဆီတောင်ပေါ်ကို တက်တော့ လေးနာရီကျော်ကျော်ပဲ ရှိပါသေးတယ်။ ဖူဆီတောင်ပေါ်ရောက်တော့ ဧည့်သည်တွေပြည့်နှက်နေခဲ့ပြီ။ နေထွက်ချိန်ရှုခင်းဟာ နာမည်ကျော်တာကြောင့် ဓါတ်ပုံရိုက်ဖို့ နေရာလွတ်တောင် မရှိတော့ပါဘူး။ ရောက်လက်စနဲ့ မထူးဘူးဆိုပြီး ထရိုင်ပေါ့ကို မြှောက်ပြီး သူငယ်ချင်းကို Remote နဲ့ နှိပ်ပြီးရိုက်ခိုင်းပါတယ်။  ဒုက္ခသည် ကျနော့အဖြစ်ကို သနားသွားလို့ ထင်ပါရဲ့ ထိုင်ခုံမှာ ဒီအတိုင်း ထိုင်နေတဲ့ တရုတ်ဘိုးတော်ဘွားတော် နှစ်ယောက်က နေရာဖယ်ပေးခဲ့တယ်။ ဒါတောင်မှ ကျေးဇူးရှင် တရုတ်မက နေဝင်ချိန်ရှုခင်းကို ကျောပေးပြီး ဆဲဖီတွေဆွဲ နှုတ်ခမ်းတွေဆူ မိတ်ကပ်တွေပြင်နဲ့ သူ့ကို ရှောင်ပြီး ဓါတ်ပုံနေရသေးတယ်။

နေလုံးကြီး တောင်တွေကြားထဲ မြုပ်သွားပြီဆိုမှ တောင်ပေါ်ကနေ ဆင်းလာခဲ့တယ်။ တိုးဂိုက်ကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်မယ်ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ ဒီနေ့ညစာကို Tamarind Restaurant မှာ စားမယ်ဆိုပြီး လုပ်ကြတယ်။ မှိုကျော်က သိပ်ကောင်းတာမို့ နောက်တခေါက် ထပ်စားဖို့ ကျနော်တို့ သဘောတူလိုက်ကြပါတယ်။

နောက်တနေ့မှာ တောင်တက်ခရီးတခု ထပ်သွားကြမယ်ဆိုတော့ စောစောပြန် အနားယူကြတယ်.....

02 July 2017

ခေါင်ဆီရေတံခွန်သို့





မနက်စာကို ဟိုတယ်မှာ Main Course တခုနဲ့ ကော်ဖီဒါမှမဟုတ် အသီးဖျော်ရည်တခုမှာလို့ရပါတယ်။ ပေါင်မုန့်ကင် ဘေကွန်နဲ့ ကြက်ဥကြော်မှာလိုက်တယ်။ စားပြီးတာနဲ့ တောင်တက်ဖို့ တိုးဂိုက်က လာခေါ်ပါတယ်။ သွားဖူးသမျှခရီးတွေထဲမှာ ဒီတိုးဂိုက်က စည်းကမ်းချက်တွေ အများဆုံးပဲ။ အတိုအပြတ်တွေ မဝတ်ရဘူး ပြန်လဲ ခိုင်းတာမျိုးအထိ စည်းကမ်းတွေနဲ့လေ။ တောင်တက်ခရီးစမယ့် ရွာကို ကားနဲ့သွားကြတယ်။ ရွာရောက်တဲ့အခါ ဒေသခံ လမ်းပြကို ခဏစောင့်ရပါတယ်။ မဖွံ့ဖြိုးတဲ့သူတို့ဒေသကိုရောက်တဲ့အခါ ကိုယ်တွေရဲ့တိုင်းပြည်ကိုလည်း သတိရအောက်မေ့စေပါတယ်.
 ရွာက ခလေးတယောက်နေမကောင်းဖြစ်ခဲ့ရင် မိဘက ချေထားတဲ့ ယတြာအပြင်အဆင်ပါ.


ဒေသခံရောက်တာနဲ့ တောနက်ထဲကို တဖြည်းဖြည်းစိမ့်ဝင်ကြတယ်။ ရာဘာခြံတွေလည်း ရှိပြီး သစ်တောတွေ သဘာဝအတိုင်းကျန်ရှိနေတုန်းပဲ။ လမ်းလျှောက်မြန်တဲ့သူနဲ့ လမ်းလျှောက်နှေးတဲ့သူတွေကြားမှာ ဓါတ်ပုံရိုက်ရင်း နောက်ကနေ လိုက်နေမိတယ်။ တနာရီခွဲလောက် လျှောက်လာပြီးတဲ့အခါ ခဏနားပါတယ်။ နားတဲ့နေရာက ကျောက်တောင်နဲ့ သစ်ပင်အမြင့်တွေကို ဓါတ်ပုံရိုက်ဖြစ်တယ်။
ဆက်လျှောက်လာရင်း လျှိုမြှောင်တွေကိုလည်း ဖြတ်ရတယ်။ သစ်ပင်အုပ်တွေကြားက လမ်းလေးဟာ လေအေးပေးစက်မလိုပဲ စိမ့်အေးနေတယ်။ ဂူတခုကိုရောက်တဲ့အခါ ဒေသခံလမ်းပြရဲ့ ခရီးစဉ်ပြီးဆုံးသွားပြီ။ ကျနော်တို့ နေ့လည်စာစား နားကြတယ်။ ဂူထဲကိုတော့ မဝင်ဖြစ်ကြပါဘူး။ ကောက်ညှင်းနဲ့ ငါးကင် သင်္ဘောသီးထောင်းနဲ့ တိုးဂိုက် သယ်လာတဲ့ နေ့လည်စာကို စားကြတယ်။ ပင်ပင်ပန်းပန်းလမ်းလျှောက်လာကြတော့ စားလို့ မြိန်လိုက်တာ။
နေ့လည်စာ စားပြီးတဲ့အခါ ရေတံခွန်ရဲ့ အစ Spring ကိုသွားကြတယ်။ ရေကကြည်လင်နေတာပါပဲ။ တကယ်ကို ခုန်ဆင်းလိုက်ချင်စရာ။ တိုးဂိုက်က ဒီနေရာမှာ ရေမကူးပါနဲ့လို့ မနည်းတားထားလို့။ မဟုတ်လို့ကတော့ ရေထဲရောက်နေပြီးပြီ. သဘာဝအတိုင်းဖြစ်နေတဲ့ ကျောက်လျှောလေးမှာ ခလေးတွေကလည်း ဆော့လို့.
နာရီဝက်လောက် သွားပြီးတဲ့အခါ ရေတံခွန်ရဲ့ အပေါ်တည့်တည့်ကိုရောက်တယ်။ ပုံမှန်တွေ့နေကြ ရေတံခွန်လိုမျိုးမဟုတ်ပဲ သစ်ပင်သစ်တောကြားထဲက စီးဆင်းလာတဲ့ရေတံခွန်ဖြစ်နေတာပါပဲ။ မီတာခြောက်ဆယ်လောက်အမြင့်ကနေ အဆင့်ဆင့်စီးလာတဲ့ရေတံခွန်ရဲ့ လှပမှုက ကျနော့ကို ဖမ်းစားနေခဲ့တာ မနှစ် တနှစ်လုံးမဟုတ်လား။ ဒီရေတံခွန်ကြောင့်ပဲ ဒီခရီးကို မဖြစ်ဖြစ်အောင် စီစဉ်ခဲ့တာပါ.

ကျနော်သွားချင်တဲ့ နေရာက ဒီရေတံခွန်ရဲ့ ဒုတိယအဆင့်နေရာပါ။ ဒါပေမယ့် ဒုတိယအဆင့်နေရာကို သွားဖို့ တိုးဂိုက်က ခွင့်မပြုဘူး။ အန္တရာယ်ရှိတဲ့အတွက် သွားခွင့်မပြုဘူးလို့ဆိုပါတယ်။ ကျနော်နဲ့ တခြားသူငယ်ချင်းတယောက်ကတော့ ဓါတ်ပုံသွားရိုက်ရုံပဲ သွားမယ်ဆိုပြီး ဇွတ်ထွက်လာကြတယ်။ အဲ့ဒီနေရာကို ရောက်ဖို့ ကျိုးနေတဲ့ သစ်ပင်အောက်ထဲကနေ လေးဘက်ထောက်ပြီးဝင်ရသလို၊ ချောနေတဲ့ ကျောက်နံရံတွေကြားမှာ မြက်ပင်တွေဆွဲပြီး ကြိုးစားပမ်းစား သွားခဲ့ရပါတယ်။ ပင်ပန်းရကျိုးနပ်ပါတယ်။ ဒုတိယအဆင့်နေရာက တော်တော်လေးလှတယ်။ ရေကူးကြတဲ့အခါ အတော်လေး အေးစက်နေတာမို့ ခဏပဲ ကူးနိုင်ကြတယ်။ 

ပြန်ဆင်းလာတော့ တိုးဂိုက်က စိတ်ဆိုးနေပြီ။ သူဆူတာ ခဏသည်းညည်းခံလိုက်တယ်။ ကိုယ်လုပ်ချင်တာ လုပ်ပြီးပြီ မဟုတ်လား။ ကျနော်တို့ တခုခု ဖြစ်ခဲ့ရင် သူ့မှာ တာဝန်အပြည့်ရှိတာမို့ တာဝန်ကျေပွန်သူ တိုးဂိုက်တယောက်ပါ။
ဟိုတယ်ပြန်ရောက် ရေမိုးချိုးပြီးတဲ့အခါ ညစာကို Tamnak Lao ဆိုတဲ့ရိုးရာဆိုင်ကိုသွားကြတယ်။ ဆိုင်အပြင်အဆင်ကတော့ အရှေ့တိုင်းနဲ့ အနောက်တိုင်း ရောစပ်နေတဲ့ပုံပါ။ ဧည့်သည်အများစုက အနောက်တိုင်းကပါပဲ။ ဒါပေမယ့် စားပွဲထိုးကို ကော်ပြန့်ကြော်က အသားပါသလားလို့ မေးတဲ့အခါ မပါဘူးလို့ ပြောပေမယ့် တကယ်က ၀က်သားနုပ်နုပ်စင်းထားတာလေးတွေ ပါနေခဲ့တယ်။ အချိုပွဲမှာတာလည်း မချပေးပါဘူး။ မှာတဲ့စာရင်းထဲ သေချာ မှတ်မထားဘူးထင်ပါတယ်။ အင်္ဂလိပ်စကားပြော အဆင်မပြေတာမို့ စားရတာ ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး.

ထမင်းဆိုင်ကနေ Tuk Tuk ငှားပြီး ဟိုတယ်ကို ပြန်ခဲ့ကြတယ်။ အရမ်းပင်ပန်းပြီး အိပ်ချင်နေကြပြီလေ....