12 February 2017

Golden Triangle ဝါ ရွှေတြိဂံသို့


ထုံးစံအတိုင်း ဝီရိယကြီးပြီး လာကြိုမယ့်ကားကို စောင့်ကြတယ်။ ကားက ချိန်းထားတဲ့အချိန်ထက် နောက်ကျပြီးမှ ရောက်ပါတယ်။ ကျနော်တို့ရဲ့ ဧည့်လမ်းညွှန်က အမျိုးသမီးတယောက်ဖြစ်ပြီး တခြားခရီးသည်တယောက် နေမကောင်းတာမို့ ဆေးဝယ်တာကို စောင့်ကြရပြန်တယ်။


ဆေးဝယ်ပြီးတာနဲ့ တလမ်းလုံး တောက်လျှောက်မောင်းတာ ရေပူစမ်းမှာ တထောက်နားပါတယ်။ အချိန်မလောက်တာရယ် တိုးထဲမှာ မပါတယ်ရယ်ကြောင့် ရေပူစမ်းမှာ အဆာပြေစား ခဏနားပြီး ဘုရားဖြူကို ထပ်မောင်းတယ်။ ရေပူစမ်းမှာ ပြုတ်ဖို့ ကြက်ဥ ငုံးဥများလည်း ရောင်းကြတယ်။ လမ်းခရီးသာပါတယ်.

ဘုရားဖြူဟာ ထိုင်းအနုသုခုမ ပညာရှင်တဦးတည်းပိုင်ဖြစ်ပြီး Immortal life ဆိုတဲ့ တန်ခိုးစွမ်းအင်မျိုး ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ထိုင်းဘတ်ငွေ ဘီလျံ လေးဆယ်လောက် အကုန်အကျခံ တည်ဆောက်ထားတာဖြစ်တယ်။ ၁၉ ၉ ၇ခုနှစ်မှာ လေ့လာသူတွေကို ဖွင့်လှစ်ပြသခဲ့ပြီး လက်ရှိ ဆက်လက်တည်ဆောက်နေဆဲပဲဖြစ်ပါတယ်။ အလှူငွေ အနည်းငယ်သာ လက်ခံပြီး ထိုင်းဘတ်ငွေ တသောင်းထက် မပိုတဲ့ ပမာဏ အဖြစ် ကန့်သတ်ထားပါတယ်။ ဆောက်လုပ်ခြင်း ပြီးစီးမှုဟာ ၂၀၇၀ လောက်မှ လို့မှန်းဆရပြီး အဆောက်အအုံ ကိုးခုပါဝင်မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ သံသရာတံတား၊ ကောင်းကင်တံခါးပေါက်၊ ပင်မ အဆောက်အဦးတို့ကို လေ့လာခွင့်ရတယ်။ အဖြူရောင်ရဲ့ ဦးတည်ချက်ကတော့ ကောင်းမှုကုသိုလ်လုပ်ပြီး မျှဝေပေးရင်း ပိုင်ဆိုင်တပ်မက်မှုတွေကို စွန့်လွှတ်ဖို့ပဲ ဖြစ်ပါတယ်။



နတ်ဘုံနတ်နန်းဆန်တဲ့ ဘုရားဖြူမှာ လည်ပတ်ခွင့် တနာရီလောက်ပဲအချိန်ပေးပြီး မော်တော်ဆိပ်ကို ဆက်တိုက်မောင်းတယ်။ ဒီဖက်ကမ်းဟာ ထိုင်းနိုင်ငံ၊ ဟိုဖက်ကမ်းဟာ လာအိုနိုင်ငံ။ မော်တော်လေး တခဏစီးသွားရုံနဲ့ ဟိုဖက်ကမ်းကို ရောက်ပါပြီ။ လာအိုကမ်းက ဈေးတန်းလေးတခုမှာ ဈေးဝယ်ရင်း တနာရီလောက် အချိန်ပေးပါတယ်။ ယိုးဒယားပိုက်ဆံ သုံးလို့ ရပြီး ဈေးတွေကတော့ မတန်တဆတွေပဲ ဆိုပါတော့။ 

မော်တော်ပေါ်မှာ တိုးဂိုက်က ခရစ်စမတ်နဲ့ နှစ်သစ်ကူး ဆုတောင်းသီချင်းဆိုပြတယ်. နိုင်ငံခြားသားတွေ အကြိုက်ပေါ့.
မဲ့ခေါင်မြစ်ခြားနေတဲ့ နယ်ခြားမှာ မြန်မာပြည်နယ်စပ်ကို နဂါးရုံဘုရားကနေ သတ်မှတ်တယ်ဆိုလို့ ဓါတ်ပုံရိုက်ယူလာသေးတယ်.



လာအိုကနေ ပြန်လာတဲ့အခါ မြန်မာနဲ့နယ်စပ်ကို မောင်းပါတယ်။ နယ်စပ်ဈေးလေးမှာ ဈေးဝယ်ခွင့် တနာရီ အချိန်ပေးတယ်။ နယ်ခြားဂိတ်ကနေ ကျော်လိုက်ရင် ဟိုတဖက်ကမ်းက ချစ်သောမြေရယ်လေ. 

လာအိုကို ကူးခွင့်ပေးပေမယ့် မြန်မာပြည်ဖက်အခြမ်းကို ကူးခွင့်မပေးခဲ့ဘူး။ သွားချင်တယ်ဆိုရင် ယူအက်စ် နှစ်ဆယ်ကျော် ပေးရမှာ ဖြစ်တဲ့အပြင် အချိန်မရှိတော့ဘူးဆိုပြီး တိုးဂိုက်က ရှင်းပြပါတယ်။ လာအိုဖက် အကူးက ၅ကျပ်ပဲဆိုတော့ ခရီးသည်တွေ မြန်မာပြည် မကူးချင်ကြတော့ဘူးပေါ့။

ဈေးမှာလည်း မြန်မာတွေ အများသား။ ဖြစ်နိုင်ရင် ဟိုတဖက်ကမ်းကိုကူးပြီး လည်ကြည့်ချင်သေးတယ်။ 




မြန်မာနယ်စပ်ကနေ အပြန် တောင်ပေါ် တိုင်းရင်းသားကျေးရွာကို လိုက်ပို့ပါတယ်။ တောင်တွေခြားထဲမှာ အခုလိုမျိုး ရွာငယ်တွေ ဆောက်ပေးပြီး အခါ လားဟူ မုန်း စတဲ့ တိုင်းရင်းသားတွေကို နေစရာစီစဉ်ပေးတာကြောင့် တိုင်းရင်းသားတွေဟာ ဒီနေရာမှာ အခြေချလာ ပြီးမှ တိုင်းရင်းသားကျေးရွာ အနေနဲ့ တိုးတွေစီစဉ် ဝင်ခွင့်ယူ ဈေးလည်းရောင်းနဲ့ ဘယ်လောက် စီးပွားရေး လာဘ်မြင်သလဲဆိုတာ။ ကိုယ်တွေဆီကတော့ ဖြစ်နိုင်ရင် အကုန်လုံး မောင်းထုတ်ချင်နေခဲ့တာ မဟုတ်လား။

ဈေးတွေဝယ်ကြ ဓါတ်ပုံတွေ ရိုက်ကြ လုပ်ပြီးတဲ့အခါ အားလုံးဟာ ပင်ပန်းနွမ်းနယ် နေခဲ့ပြီ။ ကားပေါ်က ထိုင်ခုံကိုယ်စီမှာ ငိုက်မြည်းရင်း ရွှေတြိဂံကနေ ဇင်းမယ်ကို ပြန်ခဲ့ကြပြီပေါ့။ အရင်တုန်းက နာမည်ကျော်ခဲ့တဲ့ မူးယစ်ဆေးနဲ့ ရွှေတြိဂံဟာ အခုတော့လည်း ငြိမ်သက်လို့ ......

05 February 2017

ဇင်းမယ်ဆိုသည် ညိုတဲ့မြို့မှာ...

ရေးမယ်ရေးမယ်နဲ့ မရောက်သေးတဲ့ ဇင်းမယ်ဆိုတဲ့ ချင်းမိုင်မြို့ပေါ့။ ဆူခိုထိုင်ကနေ ဇင်းမယ်ကို ဘတ်စ်ကားနဲ့ စီးလာကြတယ်။ လေးနာရီကြာတဲ့အခါ ဇင်းမယ်ကိုရောက်တယ် (စာမှာတော့ ဆယ်လလောက်နေမှ ဇင်းမယ်ကို ရောက်တော့တယ်)။ လမ်းကတော့ ဖြောင့်ဖြူးချောမွေ့နေတာပါပဲ.

ဇင်းမယ်မှာ တည်းဖို့နေရာကို trip advisor ကနေ ရှာထားပြီး ဘကြီးကို ဘွတ်ကင်တင်ခိုင်းထားပါတယ်။ အခန်းကိုးခန်းပဲရှိပြီး တနိုင်လုပ်ငန်းငယ်လေးမို့ အွန်လိုင်းဘွတ်ကင် မရှိသေးဘူး။ အခန်းက သန့်ရှင်းကျယ်ပြန့်ပြီး ဈေးလည်းချို၊ နေရာက အချက်အချာကျတဲ့ နေရာမှာပါ...

အခန်းမှာ အထုပ်တွေချပြီးတဲ့အခါ အခန်းဘေးကပ်ရပ်ကနေ ညစာစားရင်း ရိုးရာအကတွေ ကြည့်မယ့် အစီအစဉ်နဲ့ နောက်နေ့ မနက် ရွှေတြိဂံနယ်မြေသွားတဲ့ အစီအစဉ်တွေကို ဝယ်လိုက်ကြတယ်။



သိပ်မကြာခင်မှာ ညစာစားပွဲသွားဖို့ ကားလာကြိုပါတယ်။ ကျယ်ပြန့်တဲ့ ဝန်းကြီးတခုမှာ မီးပုံးရောင်စုံတွေနဲ့ သီတင်းကျွတ်ညတခုလို စည်ကားနေတယ်။ ဧည့်ကြိုတွေက ကျနော်တို့ ဝယ်ထားတဲ့ လက်မှတ်အချိန်နဲ့ ကိုက်တဲ့ နေရာတခုကို လိုက်ပို့ပေးကြလေရဲ့။



ညီညာပြန့်ပြူးတဲ့နေရာမှာ ထိုင်ဖုံတွေ ကိုယ်စီကိုယ်ငှနဲ့ တောင်ပိုင်း ဇင်းမယ်မြို့ရဲ့ ရိုးရာညစာစားပွဲဟာ ခမ်းနားနေတယ်။ အသီးသီးအသက လက်မှတ်ဈေးနှုန်းအလိုက် နေရာ ချထားပေးပြီး မကြာခင်မှာ စည်တော်ရွမ်းပြီး ပွဲကိုစတယ်။

ညစာစားပွဲကတော့ တောင်ပိုင်းရိုးရာ ဟင်းချက်တွေနဲ့ စားလို့ သိပ်မြိန်ပါတယ်။ အထူးသဖြင့် ဝက်သားဟင်းချက်လေးကတော့ မြန်မာ့ ပါးစပ်နဲ့ ကွက်တိ။ စားလိုက် ပြန်ဖြည့်လိုက်နဲ့ ကပွဲ အစအဆုံး စားပွဲထိုးတွေဟာ လွန်းထိုးလို့ နေတော့တယ်။













ရိုးရာကပွဲဟာ ထိုင်းနဲ့မြန်မာ ရောစပ်နေပါတယ်။ နယ်စပ်မို့လို့ ဆိုတဲ့ အပြင် ယဉ်ကျေးမှုကို အငှားပြနေသလိုခံစားမိစေတယ်။ နိုင်ငံခြားသားတွေအတွက်ကတော့ မြန်မာ့ယဉ်ကျေးမှုကိုပါ မြင်ရတယ်လို့ စိတ်ထင်ရောက်စေပေမယ့် ကျနော့အတွက်တော့ တကယ့် မြန်မာ့ယဉ်ကျေးမှု အစစ်အမှန်မဟုတ်တဲ့ အရာတွေမို့ မကျေနပ်စိတ်တခုနဲ့ ပွဲအပြီးထိ ကြည့်နေခဲ့ရတယ်.ပွဲအပြီးမှာ ဧည့်သည်တွေကို ဖိတ်ခေါ်ပြီး စင်ပေါ်တက် ကခိုင်းပါတယ်။ တက်သည့် ပညာမနေသာဆိုသလို ဘကြီးကလည်း မြိုင်မြိုင်ဆိုင်ဆိုင် ယိုင်တိုင်တိုင်အကနဲ့ ဝင်ရောက်ဖျော်ဖြေပါတော့တယ်။

စင်မြင့်ထက်က ကပွဲအပြီးမှာ ခဏနားချိန်ပေးတယ်။ ကုန်သွားလိုက်ထပ်ဖြည့်လိုက်နဲ့ ထမင်းနဲ့ ဟင်းတွေက ဗိုက်တလုံးထက် မဆန့်နိုင်တော့ပြီမို့ အားလုံးလည်း လက်မြှောက်အရှုံးပေးလိုက်ကြပြီ။ ခြေဆန့်လမ်းလျှောက်ရင်း ရိုးရာ အသုံးဆောင်တွေ ရောင်းတဲ့အစီအစဉ်က တော်တော်လေး ဈေးကွက်စီးပွားရေး အမြင်ရှိပုံပါပဲ။









နောက်တပိုင်းကိုတော့ မီးပုံပွဲလို ရိုးရာအကတွေအဖြစ် တိုင်းရင်းသားတွေက ကပြမယ့် နေရာကို ထပ်ရွှေ့ကြတယ်။ ထင်းမီးပုံ ပုံစံလုပ်ထားတဲ့ နေရာတခုပေါ့။ တိုင်းရင်းသားတွေအဖြစ် ကပြမယ့် သူတွေဟာ ရိုးရာဝတ်စုံတွေ ပြောင်းသွားကြပေမယ့် ဒီလူက ဒီလူတွေပါပဲ။ ငိုက်မြည်းသမ်းဝေ နေတဲ့ ကပြသူ ကလေးငယ်ကိုတွေ့တဲ့အခါ စိတ်ထဲမှာ ခံစားချက်တစွန်းတစ ဖြစ်စေတယ်။ ငယ်ရွယ်လွတ်လွတ်လပ်လပ်ဆော့ကစားရမယ့် အရွယ်မှာ စီးပွားရှာသူတယောက်ဖြစ်နေခဲ့ပြီဆိုတဲ့ ခံစားချက်က စိတ်ကို အတိုင်းမသိ လေးပင်စေခဲ့တာ။

ကပွဲကအပြန် ဘယ်မှ လျှောက်မသွားကြပဲ ဟိုတယ်ကို စောစောပြန်အိပ်ကြတယ်။ မနက်အစောကြီး ထရမှာဖြစ်ပြီး ရွှေတြိဂံရယ် ချင်းယိုင်ကဘုရားဖြူရယ်ကို သွားဖို့ ကားလာခေါ်မှာမို့ပါ. စာထဲမှာ ရင်းနှီးပြီးဖြစ်တဲ့ ဇင်းမယ်ဆိုသည် ညိုတဲ့မြို့ကတော့ အပြင်မှာ ခပ်စိမ်းစိမ်းပဲ ရှိနေခဲ့တယ်.....