01 April 2014

ပြန်လည်၍

လေအဝှေ့မှာ ရွက်ကြွေတို့ ၀ဲ၍လည်၍ ဆင်းသက်လာလေပြီ။ ရိုးတံတခုလုံး အကိုင်းချည်း ထီးတည်း ကျန်တော့မည်။ ယခင်ယခင် နှစ်များလို ပုရစ်ဖူးတို့ဖြင့် အသစ်တဖန်ပြန်လည်၍ လာမည်လား အတပ်မပြောနိုင်။ ယခုတခေါက်တွင်မူ ၀န်းကျင်တခုလုံး သွေ့ခြောက်နေပြီမို့….

လမ်းတဖက်တချက်ရှိ မြက်ပင်ငယ်တို့ ညိုးရော် ခြောက်သွေ့သည်သာမက စိမ်းစိုလန်းဆန်းမှုကို ရှာမရတော့။ ၀ါရွှေ၍ ပြားကပ်နေပြီဖြစ်သည်။ ကောင်းကင်သည် မှောင်တလှည့် လင်းတလှည့်ရှိနေမြဲ။ လှိုက်ငင်တက်၍လာသော တိမ်တို့ကို မျှော်လင့်အားကိုးမိသေးသည်။ သို့သော် သူတို့မှာလေပြည်နုနု ပြုသမျှခံရသည့်ပုံနှင့် မကြာမတင် တိမ်စင်ပြေးသည်ချည်းသာ…

တဖြည်းဖြည်းသွေ့ခြောက်လာခြင်းကို အရာခပ်သိမ်းမှ သိမ်းကျုံးခံစားနေရသည်။ အမြင်အားဖြင့်လည်းကောင်း၊ ခံစားမှု အားဖြင့်လည်းကောင်း သရုပ်ပီပီကို အတိုင်းသားမြင်မိ တွေ့ထိမိသည်။ လှသော၊ ယဉ်သော အရာတို့ ခဏတာ ငုံ့လျှိုးနေပြီ။ ခိုင်ကျည်သော စိတ်ဖြင့် ထိုအဖြစ်အပျက်ကို ကြည့်ရင်း မျှော်လင့်မိသော စိမ်းလန်းခြင်းကို ရည်သည်။

အကိုင်းထက်က အရွက်တို့ကို လက်ဖြင့် တို့ထိကြည့်သောအခါ မုန့်လေပွေကို ထိသည့်နှယ်ရှိသည်။ အနှီနှယ် ပန်းပွင့်ငယ်တို့ဆို အသို့ရှိမည်နည်း။ ပူလောင်မြိုက်ရင်း ပွင့်မှပွင့်ကြပါမည်လော။ အရိုးပြိုင်းပြိုင်းထနေသော သစ်ပင်ငယ်တို့ တကျွီကျွီမြည်တမ်းရင်း အချင်းချင်း စုပ်သပ်နေကြပြီ။  အရွက်၏ ကျွတ်ဆတ်ခြင်းသည် အရိုးသို့ပင် ကူးလာနိုင်သည် မဟုတ်ပါလား…..
အဆုံးစွန်တွေးတောခြင်းဖြင့် အရာအားလုံး ခြောက်သွေ့သွားခဲ့လျှင်…ကျိုးကြေမွနေသော အစိတ်အပိုင်းတို့သည် အစောက လွင့်နေသော ရွက်ကြွေတွေလို လွင့်နေနိုင်မည်။ ထိုသို့ဖြစ်လျှင် မိမိကိုယ်တိုင်လည်း လွင့်ကြွေသွားလိုက်ချင်သည်။ သွေ့ခြောက်မှုနောက်တွင် ခမ်းခြောက်လာသော ခံစားချက်များနှင့်အတူတကွ မနေခဲ့လို။ စိမ်းစိုလန်းဆန်းခြင်းဖြင့် ဘ၀ကို အနက်ဖွင့်လိုပါသည်.

ခမ်းနားသော အတိတ်လည်း မရှိခဲ့သူမို့ လေနှင်ရာ လွင့်လိုက လွင့်ပါနိုင်သည်။ ဆိုင်းဘုတ်ကြီးများကြောင့် လေးလံမှု အလျဉ်းမရှိ။ မုန်းသူတို့ အမျှင်မပြတ်ဆွဲခဲ့သော် ထိုသူတို့လက်တွင် မွမွကြေခြင်းဖြင့် အကြင်သူတို့ ဒေါသကို ငြိမ်းစေလိုသည်။ မေ့ပျောက်လိုသည်မှာ ခြောက်သွေ့ခြင်းသက်သက်သာ ဖြစ်သည်။ ရင်နှင့်ခံစားသူကား တနင့်တပိုးပင်။

နှုတ်ခမ်းများဖြင့် ပြုံး၍ကြည့်နိုင်သူသည် နိုင်သသူ ဖြစ်နိုင်သည်။ သွေ့လျော်နေသော ဘ၀မှာ အနိုင်အရှုံးကား အဓိကမမြည်။ ချိုးချိုးချွတ်ချွတ်သံကြားတိုင်း ပြုံးသောသူ လှမ်းလာလေသလားဟု မျှော်ရသည်။ ထိုသူကားနင်း၍ လာချေပြီ။ သူနင်းသမျှသည် အစိတ်စိတ်ကြေမွပြီးနောက် လွင့်နေသော အပိုင်းအစများဖြစ်ရာ…….. 

PS-ရာသီဥတုသည် ပူသည်။ တနေ့က နာကျင်စွာ ရီမောရသော အဖြစ်သည် ခြောက်သွေ့ခြင်း၏ အစွမ်းကုန်လေပြီ

No comments: